ချင်းမိုင်(မဇ္စျိမ) ။ ။ မြစ်ဆုံရေကာတာ စီမံကိန်းအနီးရှိ တန်ဖဲကျေးရွာမှ ရွာသားများအား ပြောင်းရွှေ့ရန် ၁၀ ရက်ထပ်မံ အချိန်ပေးသဖြင့် လာမည့် ၂၇ ရက်နေ့တွင် နောက်ဆုံးထား ပြောင်းရွှေ့ရမည် ဖြစ်ကြောင်း တန်ဖဲရွာသား များက ပြောသည်။
ဒုသမ္မတ အမိန့်အရ မတ်လ ၁၇ ရက်နေ့မှာ ရွာသားများ အားလုံး အောင်မြင်သာကျေးရွာသို့ ပြောင်းရွှေ့ရန် ခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက သတိပေးခဲ့ပြီး ဖြစ်သည်။ သို့သော် ကချင်ပြည်နယ်ဝန်ကြီး ဦးလဂျွန်ငံဆိုင်းမှာ
နေပြည်တော်သို့ ရောက်နေသဖြင့် စောင့်မည်ဟုဆိုကာ နောက်ထပ် ၁၀ ရက်အတွင်း အပြီးပြောင်းရွှေ့ရန် ပြီးခဲ့သည့်အပါတ်က ရက်ရွှေ့ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။
“ခရိုင်အုပ်ချုပ်ရေးမှူးက ဝန်ကြီးချုပ်က နေပြည်တော်သွားနေလို့ ဝန်ကြီးချုပ်ကို စောင့်ရင်း နောက်ထပ် ၁၀ ရက် အတွင်း ပြောင်းဖို့ ပြောလာတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်ကလည်း ပြန်ရောက်လာပြီဆိုတော့ ၁၀ ရက် ပြည့်ပြည့် မပြည့်ပြည့် အပြီးပြောင်းဖို့ ပြောတယ်” ဟု တန်ဖဲရွာသား တဦးက မဇ္ဈိမကို ပြောသည်။
တန်ဖဲရွာသားများမှာ ယခုရက်ပိုင်းအတွင်း အောင်မြင်သာကျေးရွာသို့ ပြောင်းရွှေ့နေကြပြီဟု သူကဆက် ပြောသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က တန်ဖဲကျေးရွာသား ၂၀၀ ကျော်က မပြောင်းရွှေ့လိုကြောင်း မေတ္တာရပ်ခံသည့်စာ တစောင် ထပ်မံ ပို့ခဲ့သည်။ မတ်လ ၁၄ ရက်နေ့ကလည်း ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ မေတ္တာရပ်ခံစာ ပို့ခဲ့သေးသည်။
မြစ်ဆုံရေကာတာ စီမံကိန်းဧရိယာအတွင်းရှိ တန်ဖဲကျေးရွာသားများကို အောင်မြင်သာကျေးရွာသို့ မပြောင်းရွှေ့ပါက သက်ဆိုင်ရာ အာဏာပိုင်များ၏ အမိန့်ကို မနာခံမှု ပုဒ်မ ၁၈၈ ဖြင့် အရေးယူမည်ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို က မတ်လ ၇ ရက်နေ့က ရွာသားများကို ခေါ်ယူသတိပေးခဲ့သည်။


