ထိပ်တန်း ကွင်းလယ်ဖန်တီးရှင်တွေထဲက တစ်ဦး သို့မဟုတ် အိုဇေးလ်

ထိပ်တန်း ကွင်းလယ်ဖန်တီးရှင်တွေထဲက တစ်ဦး သို့မဟုတ် အိုဇေးလ်

ကမ္ဘာ့ဘောလုံးလောကမှာ ထိပ်တန်းအဆင့် ကွင်းလယ်ဖန်တီးရှင် ကစားသမားပေါင်း များစွာ ပေါ်ထွန်းခဲ့ပါတယ်။ အဲ့ဒီကစားသမားတွေထဲမှာ လက်ရှိဘောလုံးကမ္ဘာက အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်ကိုလည်း တစ်ဦးအပါအဝင်အဖြစ် ထည့်သွင်း ရေတွက်ရပါလိ့မ်မယ်။ လူပုံစံက တောင့်တင်းခိုင်မာတဲ့ ပုံစံမျိုးမရှိပေမယ့် ကျွမ်းကျင်ပိုင်နိုင်လှတဲ့ ဘောလုံးစွမ်းရည်နဲ့ လှပသေသပ်တဲ့ သူ့ရဲ့ ကစားဟန်တွေနဲ့ ဘောလုံး ပရိသတ်တွေကို ရသတွေပေးစွမ်းနေပါတယ်။ ရောက်ရှိတဲ့ အသင်းတိုင်းမှာ အသင်းရဲ့ဟန်ချက်ကို ထိန်းသိမ်းကစားနိုင်ပြီး တိုက်စစ်မှူးတွေအတွက် ဖန်တီးမှု ကောင်းကောင်းပြုလုပ်ပေးနိုင်သလို ကိုယ်တိုင်လည်း ဂိုးသွင်းနိုင်တဲ့ အိုဇေးလ်ရဲ့ ကစားပုံကို သဘောကျမိလို့ ဒီတစ်ပတ်မှာ နည်းနည်းရှာဖွေ ရေးသားလိုက်ပါတယ်။

တူရကီဖွား ဂျာမနီသား

အိုဇေးလ်ဆိုတဲ့ နာမည်က အခြားဂျာမနီ အသင်းဖော်တွေရဲ့ နာမည်နဲ့ ကွဲပြားနေတာကို အားလုံးပဲ သတိထားမိကြမှာပါ။ အိုဇေးလ်ကို ဂျာမနီနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ ဘိုးဘေးတွေဟာ တူရကီနိုင်ငံ မြောက်ပိုင်းက ဖြစ်ပါတယ်။ အိုဇေးလ်ရဲ့ဖခင်ဖြစ်သူ မူစတာဖီဟာ ၂နှစ်သားအရွယ်မှာ ဂျာမနီနိုင်ငံကို ပြောင်းရွှေ့အခြေချခဲ့လို့ အိုဇေးလ်ဟာ တတိယမျိုးဆက် ဂျာမနီနိုင်ငံသား ဖြစ်လာရတာပါ။ အိုဇေးလ်ဟာ တူရကီဘာသာစကားကို ကောင်းကောင်းမွန်မွန် ပြောဆိုနိုင်သူ ဖြစ်ပါတယ်။

မျောက်လှောင်အိမ်ထဲက ကမ္ဘာကျော်

အိုဇေးလ်ရဲ့ ဘောလုံးကျွမ်းကျင်မှုက အခြားကစားသမားအများစုထက် ထူးခြား ကောင်းမွန်နေတာ တကယ်တော့ မဆန်းလှပါဘူး။ သူဟာ ဘရာဇီး၊ အာဂျင်တီးနားနဲ့ တောင်အမေရိကတိုက်က ကမ္ဘာကျော်အများစုလိုပဲ လမ်းပေါ်မှာ ဘောလုံးကစားရင်း ကြီးပြင်းခဲ့သူပါ။ ဂျာမန်ကလပ်အသင်းကြီးတွေဆီကို မရောက်ခင် အိုဇေးလ်ဟာ Monkey Cage လို့ တင်စားခေါ်ကြတဲ့ လမ်းဘေးက သံဇကာခတ်ထားတဲ့ ကွင်းကျဉ်းကျဉ်းလေးတွေမှာ သူ့ရဲ့ ကျွမ်းကျင်မှုကို လေ့ကျင့်ယူခဲ့သူဖြစ်ပါတယ်။ ကွင်းကျဉ်းလေးထဲမှာပဲ အိုဇေးလ်က မြန်ဆန်တဲ့ ဆုံးဖြတ်ချက်၊ ကောင်းမွန်တဲ့ အထိန်းအသိမ်းနဲ့ ကျွမ်းကျွမ်းကျင်ကျင် ဘောလုံးကို ထိန်းသိမ်း ကစားနိုင်ခဲ့သူဖြစ်ပါတယ်။

အာစင်ဝင်းဂါးနဲ့ ရွန်နီတို့ အလိုရှိခဲ့သူ

၂၀၁၀ ကမ္ဘာ့ဖလားအပြီးမှာ အိုဇေးလ်ကို ထိပ်တန်းကလပ် အများအပြားက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ အဲ့ဒီအထဲမှာ အိုဇေးလ်ကို ဆက်သွယ်ခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ်က အာစင်ဝင်းဂါးပဲဖြစ်ပါတယ်။ ဒါပေမဲ့ အိုဇေးလ်က ရီးယဲလ်ကို သွားချင်နေတာကြောင့် အာစင်ဝင်းဂါး လက်လျှော့ပေးခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဝင်းဂါးက "အိုဇေးလ်နဲ့ ဖုန်းပြောခဲ့ပါတယ်။ နောက်ဆုံးမှာ သူပြောခဲ့တာက သူရီးယဲလ်ကို သွားချင်တယ်ဆိုတာပါပဲ။ ဒါကြောင့် သူ့ဆန္ဒကို အသိအမှတ်ပြု လိုက်လျောခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

အာစင်ဝင်းဂါးလိုပဲ အိုဇေးလ်ကို အလိုရှိခဲ့သူက ရွန်နီပါ။ ၂၀၁၀ ကမ္ဘာ့ဖလားအပြီးမှာ ရွန်နီက အိုဇေးလ်ကို ဝယ်ယူဖို့ နည်းပြကြီး ဖာဂူဆန်ကို အကြံပေးတိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ ဖာဂီက ရွန်နီရဲ့ အကြံပေးချက်ကို ပေါ့ပေါ့ဆဆနဲ့ အရေးမထားခဲ့ပါဘူး။

နီမို

အိုဇေးလ်ရဲ့ နာမည်ပြောင် ဖြစ်ပါတယ်။ ဒီနာမည်ကို ရီးယဲလ်အသင်းမှာ ကစားစဉ်တုန်းက ပထမဆုံးရာသီမှာပဲ ရရှိခဲ့တာဖြစ်ပါတယ်။ Disney က ရိုက်ကူးခဲ့တဲ့ Finding Nemo ဆိုတဲ့ဇာတ်ကားထဲက အဓိကဇာတ်ကောင် ငါးကလေး နီမိုလေးနဲ့ ခိုင်းနှိုင်းပြီး ခေါ်ဝေါ်ကြတာပါ။ အိုဇေးလ်ကလည်း ဒီနာမည်ပြောင်ကို ကြိုက်နှစ်သက်တယ်လို့ ဆိုပါတယ်။ အိုဇေးလ်ကို ဂျာမန်မက်ဆီ၊ ဂျာမန်ဇီဒန်းလို့ ခေါ်ဝေါ်ကြတာရှိသလို ဘရာဇီးကွင်းလယ်ဖန်တီးရှင် ဒီယေဂိုနဲ့လည်း ခိုင်းနှိုင်းခေါ်ဝေါ်ကြပါသေးတယ်။

၂၀ဝ၆ မှအစပြု၍

၂၀ဝ၆ ခုနှစ် အသက် ၁၈ နှစ်အရွယ်မှာ အိုဇေးလ်ဟာ ရှော်လ်ကေးအသင်းနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ကစားနေပြီဖြစ် ပါတယ်။ အဲ့ဒီအရွယ်နဲ့တင် ချန်ပီယံလိဂ်မှာ ခြေစွမ်းပြကစားနေပြီဖြစ်သလို ဂျာမနီ ယူ-၁၉ ရဲ့ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်နေပြီဖြစ်ပါတယ်။ ၂၀ဝ၈ ခုနှစ်မှာ ဝါဒါဘရီမင်ကို ပြောင်းရွှေ့ခဲ့ပြီး ဘွန်ဒက်စ်လီဂါရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်လာခဲ့သလို အဲ့ဒီနောက် ၂၀ဝ၉ ခုနှစ်မှာ ဂျာမနီ ယူ-၂၀ အသင်းနဲ့ အတူ ယူ-၂၁ ဥရောပဖလားကို ဗိုလ်စွဲခဲ့ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ ၂၀၁၀ မှာ ဂျာမနီအသင်းကြီးနဲ့အတူ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြပြီး တတိယဆုရခဲ့ပြန်ပါတယ်။ တောက်လျှောက် ခြေစွမ်းတိုးတက်လာတဲ့ အိုဇေးလ်ဟာ ကမ္ဘာ့ထိပ်သီးကလပ် ရီးယဲလ်ရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပြီး အမြင့်ဆုံးအဆင့်ကို ရောက်ရှိသွားခဲ့ပါတယ်။

အောင်မြင်မှုနဲ့ တစ်ဦးချင်းထူးချွန်မှု

အိုဇေးလ်ရဲ့ ကစားသမားဘဝမှာ အသင်းနဲ့အတူ အောင်မြင်မှုဆုဖလားတွေ ရသင့်သလောက်တော့ ရရှိခဲ့ပါတယ်။ ဂျာမနီအသင်းနဲ့အတူ ၂၀၁၄ ကမ္ဘာ့ဖလား၊ ဂျာမနီ ယူ-၂၀ အသင်းနဲ့အတူ ယူ-၂၁ ဥရောပဖလား၊ ဝါဒါဘရီမင်နဲ့ ဂျာမန်ပိုကယ်ဖလား၊ ရီးယဲလ်နဲ့ လာလီဂါဖလား၊ ကိုပါဒယ်ရေးဖလား၊ အာဆင်နယ်နဲ့အတူ အက်ဖ်အေဖလားတွေကို ရရှိထားပါတယ်။

တစ်ဦးချင်းထူးချွန်မှုအနေနဲ့တော့ ၂၀ဝ၉-၁၀ မှာ ဘွန်ဒက်စ်လီဂါရဲ့ ဖန်တီးမှုအများဆုံး ကစားသမားဆု၊ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ဖန်တီးမှု အများဆုံးကစားသမားဆု၊ ၂၀၁၀-၁၁ ချန်ပီယံလိဂ် ဖန်တီးမှုအများဆုံး ကစားသမားဆု၊ ၂၀၁၁-၁၂ လာလီဂါ ဖန်တီးမှုအများဆုံး ကစားသမားဆု၊ ၂၀၁၂ မှာ ဥရောပရဲ့ ဖန်တီးမှုအများဆုံး ကစားသမားဆုတွေကို ရရှိခဲ့ပါတယ်။ ဒီလို ခြေစွမ်းပြနိုင်တာကြောင့် ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃ သုံးနှစ်ဆက်တိုက် ဂျာမနီရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

ဘာသာတရား ကိုင်းရှိုင်းသူ

အိုဇေးလ်ဟာ ဘောလုံးကစားရာမှာ ထူးချွန်သလို ဘာသာတရားကိုလည်း ရိုသေကိုင်းရှိုင်းသူတစ်ဦးဖြစ်ပါတယ်။ သူဟာ ဘောလုံးပွဲ တစ်ပွဲ မကစားခင် ကွင်းထဲဝင်လာတဲ့အချိန်တွင်း ကုရ်အာန်ကျမ်းစာကို ရွတ်ဖတ်လေ့ရှိပါတယ်။ ဒီလိုရွတ်ဖတ်ခြင်းက သူ့ကို ပိုမိုယုံကြည်မှု ရရှိစေတယ်လို့လည်း အိုဇေးလ်က ဆိုပါတယ်။

အိုဇေးလ်ရဲ့အကြောင်းအရာနဲ့ အချက်အလက်ကတော့ ဒီလောက်ပါပဲ။ သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်တန်းအဆင့်ကို တက်လှမ်းနိုင်ခဲ့သူဖြစ်သလို သူမတူတဲ့ ဘောလုံးစွမ်းရည်ကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ အခုအချိန်မှာ အသက် ၂၇ နှစ်အရွယ်သာ ရှိသးလို့ အောင်မြင်မှုများစွာ ရရှိနိုင်သေး သူလည်းဖြစ်ပါတယ်။ အာစင်ဝင်းဂါးကတော့ ဘောလုံးအားကစားကို ကြိုက်နှစ်သက်သူတိုင်း အိုဇေးလ် ကစားတာကို ကြိုက်နှစ်သက်လိ့မ်မယ်လို့ ဆိုခဲ့ဖူးပါတယ်။

.page-node-9338 .page-subtitle{ display: none; }

HYPERSPORTS NO.18 Pg. 24

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly