လေးလံတဲ့ကျောပိုးအိတ်တွေက ကလေးငယ်တွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနေသလဲ

လေးလံတဲ့ကျောပိုးအိတ်တွေက ကလေးငယ်တွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနေသလဲ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Kaung Thar.

အသုံးများလာတဲ့ ကျောပိုးအိတ်

ကျောပိုးအိတ်တွေကို အရောင်အသွေးစုံစုံလင်လင်၊ အရွယ်အစားအမျိုးမျိုး။ အသားအမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုးနဲ့ ထွက်ရှိနေတာကြောင့် ကလေးငယ်တွေဟာ သူတို့ရဲ့ အသက်အရွယ်နဲ့အလိုက် ရွေးချယ်နိုင်သလို သူတို့နှစ်သက်တဲ့ဒီဇိုင်းတွေကိုလည်းရွေးချယ်နိုင်ပါတယ်။

ကျောပိုးအိတ်တော်တော်များများမှာ ကျောင်းသားတွေအနေနဲ့ စာအုပ်တွေနဲ့လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ယူဆောင်လို့အဆင်ပြေစေဖို့ အကန့်တွေ အများအပြား ထည့်သွင်းပြုလုပ်ထားပါတယ်။ ဘေးလွယ်အိတ်တွေ၊ စလွယ်သိုင်းလွယ်လို့ရတဲ့ အိတ်တွေ၊ လက်ကနေ ပိုက်လို့ရတဲ့ အိတ်တွေ နဲ့ ကျောပိုးအိတ်တွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ သန်မာတဲ့ကြွက်သားတွေဖြစ်တဲ့ နောက်ကျောကြွက်သွားနဲ့ ဝမ်းဗိုက်ကြွက်သားတွေက အိတ်ရဲ့အလေးချိန်ကို ထောက်ပံ့ပေးနိုင်တာကြောင့် ကျောပိုးအိတ်လွယ်တာက အခြားအိတ်တွေထက် ပိုအဆင်ပြေပါတယ်။

ကျောပိုးအိတ်ကို နည်းစနစ်မှန်မှန်နဲ့လွယ်မယ်ဆိုရင် ကျောပိုးအိတ်ရဲ့အလေးချိန်က ခန္ဓာကိုယ်တစ်ခုလုံးအပေါ်မှာ သက်ရောက်မှာဖြစ်ပြီး အခြားအိတ်တွေ လွယ်သလိုမျိုး ပခုံး၊ ဂုတ်ပိုးတွေအပေါ်မှာ ဝန်ပိတာမျိုးဖြစ်ပေါ်နိုင်ခြေကို လျော့ကျစေပါတယ်။

တကယ်လို့များ ကျောပိုးအိတ်ကို နည်းစနစ်မှန်မှန်မလွယ်ရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် အရမ်းလေးလံအောင် ပစ္စည်းတွေ ထည့်ပြီးလွယ်ရင်ပဲဖြစ်ဖြစ် ကြွက်သားတွေနဲ့အဆစ်တွေအပေါ်မှာ ဝန်ပိတာမျိုးနဲ့ ခါးနာတာမျိုးတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

ဆရာဝန်တွေနဲ့ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေက ကလေးငယ်တွေကို သူတို့ကိုယ်အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းထက်ပိုများတဲ့ ကျောပိုးအိတ်တွေကို မလွယ်ခိုင်းသင့်ပါဘူးလို့ အကြံပြုထားပါတယ်။ လေးလံတဲ့ ကျောပိုးအိတ်ကို ပခုံးပေါ်မှာ ပုံသဏ္ဍန်မှန်မှန်မထားဘူးဆိုရင် အိတ်ရဲ့အလေးချိန်က ကလေးငယ်ကို နောက်ကို ဆွဲနေသလိုဖြစ်နေမှာဖြစ်ပါတယ်။ အလေးချိန်များလွန်းတဲ့ကျောပိုးအိတ်ကြောင့် ကလေးငယ်တွေမှာ လက်ပျဉ်ကိုင်းတာနဲ့ ခါးကိုင်းတာမျိုးတွေဖြစ်ပေါ်ခံစားရလာနိုင်ပါတယ်။ ကျောရိုးပေါ်မှာ ပုံမှန်မဟုတ်တဲ့ ဝန်ပိမှုက ပခုံး၊ဂုတ်ပိုးနဲ့ခါးနာတာတွေကို ဖြစ်ပေါ်စေပါတယ်။

ပခုံးတစ်ဖက်တည်းမှာပဲ ကျောပိုးအိတ်ကို လွယ်တာက ပိုမိုလွယ်ကူအဆင်ပြေတယ်ဆိုပေမယ့်လို့ ပခုံးတစ်ဖက်တည်းမှာပဲ အလေးချိန်အများကြီးကို လွယ်ထားတာက ခန္ဓာကိုယ်ကို တစ်ဖက်တည်းကိုကိုင်းနေစေတာမျိုးဖြစ်စေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ခါးနာတာ၊ နောက်ကျောအောင့်၊ ပခုံးနဲ့ဂုတ်ပိုးကြွက်သားတွေ တောင့်တင်းနာကျင်တာမျိုုးကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ကျောင်းသားတွေရဲ့ ကျောပိုးအိတ်က ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁၅ ရာခိုင်နှုန်းထက် မပိုသင့်ပါဘူးလို့ American Occupational Therapy Association က အကြံပြုထားပါတယ်။ ကိုယ်အလေးချိန် ပေါင် ၁၀၀ ရှိတဲ့ကျောင်းသားတစ်ဦးအနေနဲ့ ကိုယ်အလေးချိန်ရဲ့ ၁၅ ရာခိုင်နှုန်းမကျော်တဲ့ ကျောပိုးအိတ်ကိုပဲ လွယ်သင့်ပါတယ်။

ကျောပိုးအိတ်လေးလံမှုက ကလေးတွေအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိမှာလဲ

ကျောရိုးကိုင်းစေခြင်း

ပခုံးပေါ်မှာ လေးလံတဲ့အိတ်ကိုလွယ်ထားရတာက ကလေးငယ်ကို အရှေ့ဘက်ကိုကိုင်းတာမျိုး၊ ဒါမှမဟုတ် တစ်ဖက်ဖက်ကိုကိုင်းတာမျိုး တွေဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ပခုံးတစ်ဖက်တည်မှာ ကျောပိုးအိတ်ကို လွယ်မယ့်အစား ပခုံးနှစ်ဖက်မှာ မျှလွယ်တာက အလေးချိန်ကိုမျှတစွာ ထမ်းပိုးဖြစ်စေတာကြောင့် ကလေးငယ်ကို ကျောရိုးကိုင်းတာနဲ့ လက်ပျဉ်ကိုင်းတာမျိုေးတွမဖြစ်အောင်ကာကွယ်ပေးနိုင်မျာဖြစ်ပါတယ်။ လို့ American Occupational Therapy Association ကဆိုပါတယ်။

ကျောရိုးပေါ်မှာ ဝန်ပိခြင်း

လေးလံတဲ့ ကျောပိုးအိတ်တွေက ကလေးငယ်ရဲ့ ခန္ဓာကိုယ်ကို အရှေ့ဘက်ကိုကိုင်းတာ၊ ကျောပိုးအိတ်ကို သယ်ဆောင်နိုင်ဖို့ ကိုယ်ကိုရှေ့ငိုက်ပြီး သယ်ဆောင်တာမျိုးတွေဖြစ်ပေါ်စေပါတယ်။ ထိုကဲ့သို့ အနေအထားမမှန်တဲ့ကိုယ်နေဟန်ထားတွေကကျောရိုးပေါ်မှာဝန်ပိတာမျိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်၊ လို့ KidsHealth က ဖော်ပြခဲ့ပါတယ်။

ပခုံးနဲ့ ဇက်ပိုးမှာ နာကျင်မှုဖြစ်ပေါ်ခြင်း

ကျောပိုးအိတ်ကြိုးက ကလေးငယ်ရဲ့ ပခုံးနဲ့ ဇက်ပိုးမှာရှိတဲ့ သွေးကြောတွေနဲ့ အာရုံကြောတွေအပေါ်မှာ ဖိအားဖြစ်စေနိုင်ပါတယ်။ အဆိုပါဖိအားကြောင့် လက်မောင်း ၊လက်၊ ခြေထောက်နဲ့ဇက်ပိုးမှာ နာကျင်တာနဲ့ တစစ်စစ် နာကျင်တာမျိုးတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ချုပ်ပုံ ချုပ်သားကောင်းမွန်တဲ့ ကျေပိုးအိတ် သိုင်းကြိုးတွေက ဖိအားတွေအလွန်အကျွံသက်ရောက်မှုကို ကာကွယ်ပေးနိုင်ပါတယ်၊ လို့ American Occupational Therapy Association က ဖော်ပြခဲ့ပါတယ်။

ကြွက်သားတွေ နာကျင်ခြင်း

ကျောပိုးအိတ်ကို နည်းစနစ်မှန်မှန်မလွယ်ဘူးဆိုရင် နောက်ကျောကြွက်သားနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို နာကျင်ဝန်ပိတာနပြ ထိခိုက်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကျောပိုးအိတ်ကို ကြိုးရှည်ရှည်ထားပြီး လျော့ရဲရဲလွယ်မယ်ဆိုရင် အလေးချိန်က ခန္ဓာကိုယ်ကို နောက်ဘက်ကိုဆွဲထားသလိုမျိုးဖြစ်နိုင်ပါတယ်။ ကျောပိုးအိတ်က ကလေးနဲ့ သင့်တော်တဲ့အရွယ်အစားမျိုးမဟုတ်ဘူးဆိုရင် အလေးချိန်က ကိုယ်ခန္ဓာတစ်ခုလုံးပေါ်မှာ မျှမျှတတသက်ရောက်တာမျိုးမဟုတ်ဘဲ မလိုအပ်ဘဲ ဝန်ပိတာမျိုးကိုဖြစ်စေနိုင်မှာဖြစ်ပြီး ကလေးကိုကြွက်သားနာကျင်မှုတွေခံစားရစေမှာဖြစ်ပါတယ်။

နာတာရှည် နောက်ကျောနဲ့ လည်ပင်းနာကျင်မှု

လေးလံတဲ့ ကျောပိုးအိတ်တွေက နောက်ကျောနာတာနဲ့ခါးနာတာမျိုးတွေကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ကျောပိုးအိတ်တွေကြောင့် ကိုယ်အနေအထားမမှန်တာမျိုးဖြစ်စေနိုင်သလို ခါးနာတာကိုလည်းပိုဆိုးစေနိုင်ပါတယ်။ လေးလံတဲ့ကျောပိုးအိတ်တွေက ကလေးငယ်တွေကို နောက်ကျောနာတာ၊ခါးနာတာနဲ့ လည်ပင်းနာကျင်တာမျိုးတွေကို ခံစားရစေနိုင်ပါတယ်။

မတော်တဆ ထိခိုက်ဒဏ်ရာရစေနိုင်ခြင်း

လေးလံတဲ့ ကျောပိုးအိတ်လွယ်ထားရတဲ့ ကလေးငယ်ရဲ့ ကျောပိုးအိတ်က မတော်တဆ အခြားကလေးတွေပေါ်ကို ပြုတ်ကျတာ၊ ကျောပိုးအိတ်နဲ့ခိုက်မိတာမျိုေးတွဖြစ်မယ်ဆိုရင် ထိခိုက်ဒဏ်ရာရတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ လေးလံတဲ့ကျောပိုးအိတ်က ကလေးလမ်းလျှောက်တဲ့အခါမှာ အနှောင့်အယှက်ဖြစ်စေပြီး ချော်လဲတာမျိုး၊ ခလုတ်တိုက်လဲတာမျိုးတွေဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။

သင့်တော်တဲ့ ကျောပိုးအိတ်ကို ဘယ်လိုရှာမလဲ

အထက်မှာဖော်ပြခဲ့သလို ပြဿနာလေးတွေရှိပေမယ့်လည်း နည်းစနစ်မှန်မှန်အသုံးပြုမယ်ဆိုရင် ကျောပိုးအိတ်ကတော်တေ်ာလေးအသုံးဝင်ပါတယ်။ ကျောပိုးအိတ် တစ်အိတ်မဝယ်ခင်အရင်စဉ်းစားသင့်တာက ကျောပိုးအိတ်ကိုဘယ်လိုချုပ်လုပ်ထားလဲဆိုတဲ့အချက်ပါ။

မှန်ကန်တဲ့ကျောပိုးအိတ်ရွေးချယ်နည်းအချို့ကိုမျှဝေပေးလိုက်ပါတယ်။

ပေါ့ပါးတဲ့ ကျောပိုးအိတ်ကိုရွေးချယ်ပါ –  ကျောပိုးအိတ်ထဲမှာ ကလေးငယ်ကသူ့ရဲ့လိုအပ်တဲ့ စာအုပ်တွေနဲ့ ပစ္စည်းပစ္စယတွေကို ထည့် ရဦးမှာဖြစ်တာကြောင့် ကျောပိုးအိတ်ဝယ်တဲ့အခါ ပေါ့ပါးတဲ့အိတ်ကိုရွေးချယ်ဝယ်ယူပါ။ ဥပမာပောပြရရင် သားရေအိတ်က အမြင်တင့်တင်ပေမယ့် မိုးရေကာဖျင်လိုအစနပြချုပ်ထားတဲ့ ကျောပိုးအိတ်ကပိုပြီး ပေါ့ပါးပါတယ်။

ကျောပိုးအိတ်သိုင်းကြိုးနှစ်ခု အကြားအကွာအဝေးကျယ်တဲ့အိတ်ကို ရွေးချယ်ဝယ်ယူပါ – သိုင်းကြိုး နှစ်ခု တအားကပ်နေရင် ပခုံးပေါ်မှာဝန်ပိစေနိုင်တာကြောင့် သိုင်းကြိုး နှစ်ခုကြားအကွာအဝေးကျယ်တဲ့ အိတ်ကိုရွေးချယ်ဝယ်ယူပါ။

အကန့်လေးတွေပါတဲ့ အိတ်ကိုဝယ်ပါ – အကန့်တွေပါတဲ့အိတ်က ဝန်ကိုတော့ပိုပေါ့မသွားစေပေမယ့် ကလေးငယ်ကို ခဲတံ၊ပေတံစွန်းနဲပချွန်ထက်တဲ့အရာတွေ စူးမိတာကနေတော့ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ခါးပတ်ကြိုးပါတဲ့ အိတ်ကို ရွေးချယ်ပါ – ခါးပတ်ကြိုးပါတဲ့ ကျောပိုးအိတ်က အလေးချိန်ကို ခန္ဓာကိုယ် တစ်ခုလုံးဆီကိုအချိုးကျကျရောက်ရှိစေအောင် အထောက်အကူပြုပေးနိုင်တာကြောင့် ခါးပတ်ကြိုးပါတဲ့ အိတ်ကိုရွေးချယ်ပါ။

အကန့်သေးသေးလေးတွေအများကြီးပါတဲ့ အိတ်ကို ရွေးချယ်ပါ – အိတ်မှာ အကန့်သေးသေးလေးတွေအများကြီးပါတာက အလေးချိန်ကို အိတ်တစ်ခုလုံး ပြန့်နှံ့ရောက်ရှိအောင် အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

မိဘတွေအနေနဲ့ကလေးတွေကို ဘာတွေလုပ်ပေးမလဲ

-စာအုပ်တွေကို ကျောပိုးအိတ်ထဲထည့်ပြီး တစ်ချိန်လုံးသွားလာနေမယ့်အစား လေ့ာကာတွေနဲ့ အံဆွဲထဲမှာထည့်ထားဖို့ ကလေးတွေကို ပြောပြပေးပါ၊

-ကလေးအနေနဲ့ လက်တော့ပ်၊ဆဲလ်ဖုန်း၊ဗီဒီယိုဂိမ်းလိုမျိုး ကျောင်းသင်ခန်းစာနဲ့ မသက်ဆိုင်တဲ့ ပစ္စည်းတွေမယူဆောင်သွားအောင် စစ်ဆေးပါ၊

-ကလေးငယ်ရဲ့ အိမ်စာတွေကို စစ်ဆေးပါ၊

-ကျောပိုးအိတ်ကြောင့် နောက်ကျောနာတာတွေမဖြစ်အောင် မှန်ကန်တဲ့ ကျောပိုးအိတ်လွယ်နည်းကလေးကိုသင်ကြားပေးပါ။ အိတ်က လေးလံနေတယ်ဆိုရင်တောင်မှာ အရင်ဆုံး ဒူးကိုကွေးပြီး လက်နှစ်ဖက်နဲ့ အိတ်ကိုမိမိရရမပြီး ပခုံးပေါ်မှာလွယ်ပေးတာက ကျောပိုးအိတ်လေးလံမှုကြောင့် နောက်ကျောနာတာတွေကို သက်သာစေမှာဖြစ်ပါတယ်။

-ကျောပိုးအိတ်မှာပါတဲ့ အကန့်တွေအားလုံးသုံးပါ။ဖတ်စာအုပ်တွေလိုမျိုးလေးလံတဲ့အရာတွေကို ကျောနဲ့အနီးဆုံးဗဟိုကျတဲ့နေရာမှာ ထည့်ဖို့ပြောပါ။

သင်ကြားပေးသူတွေအနေနဲ့ ဘာတွေလုပ်ပေးနိုင်မလဲ

ကလေးငယ်ကိုကျောပိုးအိတ် လေးလံတာကြောင့် ဝန်ပိတာမျိုးမဖြစ်အောင် မိဘတွေပါဝင်လုပ်ဆောင်နိုင်သလို ကျောင်းတွေအနေနဲ့လည်းပါဝင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ကျောင်းတွေအနေနပြ ကလေးတွေကို ကျောပိုးအိတ်ကြောင့်ဝန်ပိတာမျိုးမဖြစ်အောင်လုပ်ဆောင်ပေးနိုင်မယ့် အချက်အချို့ကို မျှဝေပေးလိုက်ပါတယ်။

-ကလေးတွေကို လော့ခ်ကာအသုံးပြုနိုင်စေဖို့ စာသင်ချိန်တစ်ချိန်နဲ့တစ်ချိန်ကြားမှာ အားလပ်ချိန်ပိုပေးပါ၊

-စက္ကူဖုံးစာအုပ်တွေပဲအသုံးပြုခိုင်းပေးပါ၊

-ကျောင်းသင်ခန်းစာတွေထဲမှာ ကျောပိုးအိတ်ကိုဘေးကင်းအောင်အသုံးပြုနိုင်မယ့်နည်းလမ်းလေးတွေထည့်သွင်းသင်ကြားပေးပါ၊

-ကျောင်းရဲ့ ဝဘ်ဆိုက်ထဲမှာ စာသင်ချိန်အချိန်ဇယားတွေထည့်ပေးတာမျိုး လုပ်ဆောင်ပေးပါ၊

တကယ်လို့များ ကလေးငယ်ဟာ ခါးနာတာနဲ့ ခြေထောက်တွေ၊လက်တွေထုံကျဉ်တာ၊ အားမရှိတာမျိုးတွေ ခံစားနေရမယ်ဆိုရင် ဆရာဝန် (သို့) ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ဆွေးနွေးတိုင်ပင်ပါ။

အထက်မှာဖော်ပြထားတဲ့ အကြောင်းအရာတွေကို ဖတ်ရှုပြီး သားသား မီးမီးလေးတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်စေမယ့် ကျောပိုးအိတ်လေးတွေကို ရွေးချယ်ဝယ်ယူနိုင်ပါစေကြောင်း။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required