ဖေဖေါ်ဝါရီလအတွင်း တရုတ်၏ စက်မှုကုန်ထုတ်လုပ်ငန်း တိုးတက်မှု နှေးကွေးခဲ့

ဖေဖေါ်ဝါရီလအတွင်း တရုတ်၏ စက်မှုကုန်ထုတ်လုပ်ငန်း တိုးတက်မှု နှေးကွေးခဲ့

အာရှ-ပစိဖိတ်ဒေသရှိ စတော့ရှယ်ရာများ ရောင်း၀ယ်မှုသည် တနင်္လာနေ့က မြင့်တက်ခဲ့ပြီး ထုတ်ပြန်ထားသည့် သတင်းအချက်အလက်အရ တရုတ်၏ ကုန်ထုတ်လုပ်ငန်း တိုးတက်မှုသည် ဖေဖေါ်ဝါရီလတွင် နှေးကွေးသွားသည်ကို ပြသနေခဲ့သည်။

ဂျပန်တွင် Nikkei 225 ၏ရှယ်ယာသည် ၂ ဒသမ ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အညွန်းကိန်းသည် သောကြာနေ့က၄ ရာခိုင်နှုန်းနီးပါး ထိုးကျမှုကနေ ပြန်မတ်လာရန် အားထုတ်နေခဲ့သည်။ Topix အညွှန်းကိန်းသည် ၁ ဒသမ ၆၄ရာခိုင်နှုန်း တိုးမြင့်ခဲ့သည်။

ပြည်မကြီး တရုတ်စတော့ရှယ်ရာများသည် မြင့်တက်ခဲ့ပြီး Shanghai composite အညွှန်းကိန်းသည် ၀ဒသမ ၅၂ ရာခိုင်နှုန်း တိုးမြင့်ခဲ့သလို Shenzhen component အညွှန်းကိန်းသည် ၁ ဒသမ ၆၀၅ ရာခိုင်နှုန်း ခုန်တက်ခဲ့သည်။

ဟောင်ကောင်၏ Hang Seng index အညွှန်းကိန်းသည် ၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ သို့သော် ယင်းမြို့၌စာရင်း၀င်ထားသည့် CNOOC ၏ ရှယ်ယာများသည် ၃ ရာခိုင်နှုန်းကျော် ကျခဲ့သည်။ ပြီးခဲ့သော နို၀င်ဘာက အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်မှတ်ထိုးခဲ့သည့် အမိန့်ညွှန်ကြားချက်ကို ထပ်တိုးပြင်ဆင်ပြီးနောက်ပိုင်း CNOOC အပေါ် စတော့စျေးကွက်စာရင်း၀င်ကုမ္ပဏီအဖြစ်မှ ဖယ်ထုတ်ရေးလုပ်ငန်းစဥ်ကို စတင်တော့မည်ဟု နယူးယော့ခ် စတော့အိတ်စ်ချိန်းက သောကြာနေ့တွင် ကြေညာပြီးနောက် ထိုကဲ့သို့ ကျဆင်းမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

သြစတြေးလျရှိ စတော့များသည် မြင့်တက်ခဲ့ပြီး S&P/ASX 200 သည် ၁ ဒသမ ၇၁ ရာခိုင်နှုန်း တိုးမြင့်ခဲ့သည်။

MSCI ၏ ဂျပန်နိုင်ငံပြင်ပရှိ အာရှ-ပစိဖိတ် ရှယ်ယာ အညွှန်းကိန်းသည် ၁ ဒသမ ၀၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

တောင်ကိုရီးယား၏ စျေးကွက်များသည် တနင်္လာနေ့တွင် အားလပ်ရက်တစ်ရက်အဖြစ် ပိတ်ထားခဲ့သည်။

ဖေဖေါ်ဝါရီလအတွက် တရုတ်၏ တရား၀င် စက်မှုကုန်ထုတ်လုပ်မှု ၀ယ်ယူရေး မန်နေဂျာများ၏ အညွန်းကိန်း(PMI) သည် သီတင်းပတ်ကုန်က ၅၀.၆ တွင် ရှိခဲ့ကြောင်း ယင်းနိုင်ငံ၏ အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်သည့် ဒေတာအချက်အလက်များအရ သိရသည်။

ယင်းသည် ဇန်နဝါရီလက ရှိခဲ့သည့် ၅၁.၃ အောက် ကျဆင်းနေခဲ့ခြင်း ဖြစ်သော်လည်း ကျုံ့၀င်မှုနှင့် ပြန့်ကားမှုကိုခွဲခြားထားသည့် အဆင့်၅၀ ၏ အထက်တွင် ရှိနေဆဲဖြစ်သည်။

ဖေဖေါ်ဝါရီလတွင် တရုတ်၏စက်မှုကုန်ထုတ်လုပ်ငန်း လည်ပတ်လှုပ်ရှားမှုသည် အရင်ထက်နှေးသောနှုန်းဖြင့် တိုးတက်နေသည်ဟု တနင်္လာနေ့တွင် ထုတ်ပြန်သည့် ပုဂ္ဂလိကစစ်တမ်းတစ်ရပ်က ပြသနေခဲ့သည်။

Caixin/Markit စက်မှုကုန်ထုတ်လုပ်မှု Purchasing Managers’ Index (PMI) သည် ဇန်နဝါရီလတွင်ရှိခဲ့သည့် ၅၁.၅ မှ ၅၀.၉ သို့ ထိုးကျခဲ့သည်။

PMI အဆင့် ၅၀ အထက် များသည် ကြီးထွားတိုးချဲ့မှုကို ကိုယ်စားပြုပြီး အဆင့် ၅၀ အောက် များက ကျုံ့၀င်သွားခြင်းကို ပြသသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly