ဟက်ဇက်၏ စိတ်ဝင်စားဖွယ်အကြောင်းအရာများ

ဟက်ဇက်၏ စိတ်ဝင်စားဖွယ်အကြောင်းအရာများ

အဖေသွေး၊ အမေသွေးအပြည့်ပါသူ

ချယ်လ်ဆီးရဲ့ နာမည်ကျော်တောင်ပံ ကစားသမား အီဒင်ဟက်ဇက်ဟာ မိဘနှစ်ဦးစလုံးရဲ့ သွေးအပြည့်ပါသူ ဖြစ်ပါတယ်။ ဟက်ဇက်ရဲ့ မိခင် ကာရီနီနဲ့ဖခင် သီယာရီတို့ နှစ်ဦးစလုံးဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေ ဖြစ်ပါတယ်။ ဖခင် သီယာရီဟာ အလယ်တန်း ခံစစ် ကစားသမားတစ်ဦးဖြစ်ပြီး ဘယ်လ်ဂျီယံ ဒုတိယတန်းမှာ ကစားခဲ့သူပါ။ မိခင် ကာရီနီကလည်း ဘယ်လ်ဂျီယံအမျိုးသမီးလိဂ် ပထမတန်းမှာ တိုက်စစ်မှူးအဖြစ် ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။ ကာရီနီဟာ ဟက်ဇက်ရဲ့ ကိုယ်ဝန်ကို လွယ်ထားရချိန်အထိ ဘောလုံးကစားခဲ့ပြီး သုံးလပြည့်တော့မှ အနားယူခဲ့တာ ဖြစ်ပါတယ်။ ဟက်ဇက်တို့ ညီအစ်ကို လေးယောက်စလုံးကလည်း ဘောလုံးသမားတွေ ဖြစ်ကြပါတယ်။ မိုချင်ဂလတ်ဘတ်မှာ ကစားနေတဲ့ သော်ဂန် ဟက်ဇက်လည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

ငယ်ချစ် (သို့မဟုတ်) ဘဝလက်တွဲဖော်

ဟက်ဇက်ဟာ သူ့ရဲ့ငယ်ချစ်ဦး နာတာရှာ ဗန်ဟိုနက်ကာကိုပဲ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ သူတို့ဟာ အသက် ၁၄ နှစ်အရွယ်မှာ ကတည်းက စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ဟက်ဇက်နဲ့ နာတာရှာတို့ဟာ ၂၀၁၀ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး အခုအချိန်မှာတော့ ယန်နစ်နဲ့ လီယိုလို့ခေါ်တဲ့ သားယောင်္ကျား လေးနှစ်ဦးနဲ့အတူ ပျော်ရွှင်တဲ့ မိသားစုလေး တစ်ခုကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။

NBA ပရိသတ်

ဘောလုံးပြီးရင် ဟက်ဇက်ဝါသနာအပါဆုံး အားကစားက ဘက်စကက်ဘောဖြစ်ပါတယ်။ သူဟာ နာမည်ကျော် ဘက်စကက်ဘောပြိုင်ပွဲ NBA နဲ့ New York Knicks အသင်းရဲ့ အမာခံ ပရိသတ်တစ်ဦး ဖြစ်ပါတယ်။ New York Knicks အသင်းရဲ့ ကျောနံပါတ် ၇ တိုက်စစ်ကစားသမား ကာမယ်လိုအန်တိုနီဟာ သူအကြိုက်ဆုံး ဘက်စကက်ဘော ကစားသမားဖြစ်တယ်လို့ ဟက်ဇက်က ပြောဆိုခဲ့ဖူးပါတယ်။

အသက် ၇၉ နှစ်အရွယ် ပရိသတ်

ဟက်ဇက်ရဲ့ အမာခံပရိသတ်တွေထဲမှာ အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဘွားအိုကြီး ဖရန်စီနီလည်း တစ်ဦး အပါအဝင်ဖြစ်ပါတယ်။ ဒီအကြောင်းကို သိရတော့ ဟက်ဇက်ဟာ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်း ဂျာစီမှာ လက်မှတ်ရေးထိုးပြီး ဖရန်စီနီထံကို လက်ဆောင်အဖြစ် ပေးပို့ခဲ့ပါတယ်။ ဟက်ဇက်ရဲ့ အင်္ကျီလက်ဆောင်နဲ့ ဗီဒီယိုမက်ဆေ့ကို ရတဲ့ အချိန်မှာ ဖရန်စီနီဟာ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျခဲ့ပါတယ်။

ပြင်သစ်မှာ သမိုင်းသစ်ရေးခဲ့သူ

ဟက်ဇက်ဟာ အသက် ၁၆ နှစ်အရွယ်မှာပဲ လိုင်လီအသင်းကြီးမှာ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ တစ်နှစ်အကြာမှာပဲ လိုင်လီအသင်းအတွက် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြ ကစားခဲ့ပြီး လူငယ်အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ ပြင်သစ်လိဂ်သမိုင်းမှာ လူငယ် အကောင်းဆုံးဆုကို ရရှိတဲ့ ပထမဆုံး ပြည်ပ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ လိုင်လီအသင်းအတွက် ၁၉၄ ပွဲ ပါဝင်ကစား ပေးခဲ့ပြီး ဂိုး ၅၀ သွင်းယူနိုင်ခဲ့ကာ ပြင်သစ် အမှတ်ပေးလိဂ်ဖလားနဲ့ ရှုံးထွက်ဖလားတွေကို ရရှိခဲ့ပါတယ်။ ၁၉၅၄ ခုနှစ်နောက်ပိုင်း လိုင်လီအသင်းအတွက် ပထမဆုံး အမှတ်ပေးဖလားကို ရယူပေးနိုင်ခဲ့တာပါ။ ပြင်သစ်လိဂ်ရဲ့ အကောင်းဆုံး ကစားသမားဆုနဲ့ အကောင်းဆုံးလူငယ် ကစားသမားဆုကို နှစ်ကြိမ်စီ ရရှိခဲ့ပါတယ်။

ပြင်သစ်နဲ့ ဘယ်လ်ဂျီယံတို့ အားပြိုင်ပွဲ

ဟက်ဇက်ဟာ ဘယ်လ်ဂျီယံ ပြည်တွင်းက အသင်းငယ်လေး ဘရီရန်နော့စ်နဲ့တူ ဘီဇီအသင်းတွေမှာ ဘောလုံးပညာ စတင် သင်ကြားခဲ့တာ ဖြစ်ပေမယ့် အသက် ၁၄ နှစ်အရွယ်မှာ လိုင်လီလူငယ် အကယ်ဒမီကို ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီကနေမှ တစ်ဆင့် လိုင်လီအသင်းကြီးကို ရောက် ခြေစွမ်းပြပြီး အောင်မြင်မှုတွေ ရခဲ့တာပါ။ လူငယ်ကစားသမားဘဝ ကတည်းက ပြင်သစ်ကို ရောက်နေတာကြောင့် ပြင်သစ်တို့ရဲ့ ထုံးစံအတိုင်း ဟက်ဇက်ကို နိုင်ငံလက်ရွေးစင်အသင်းမှာ ကစားဖို့ ပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ဟက်ဇက်က ငြင်းပယ်ခဲ့ပြီး မွေးရပ်မြေ ဘယ်လ်ဂျီယံနိုင်ငံကိုပဲ ကိုယ်စားပြုကစားဖို့ ရွေးချယ်ခဲ့ပါတယ်။

၃ မီတာ

ဘယ်လ်ဂျီယံနိုင်ငံ၊ Braine-le-Comte မြို့လေးမှာ ဟက်ဇက်တို့ မိသားစု နေထိုင်တဲ့ အိမ်က ဘောလုံးကွင်းနဲ့ ၃ မီတာ(၁၀ ပေနီးပါး) သာဝေးပါတယ်။ ဟက်ဇက်တို့ ညီအစ်ကိုတွေ အားလုံး ဒီဘောလုံးကွင်းမှာပဲ အချိန်ကုန်ကြပါတယ်။ ဒီလိုနေရာမျိုးမှာ ကြီးပြင်းလာခဲ့တဲ့ ဟက်ဇက်နဲ့ သူ့ရဲ့ညီအစ်တွေ အားလုံး ဘောလုံးမှာ ဒီလိုထူးချွန်တဲ့ ကစားသမားတွေဖြစ်လာကြတာ မဆန်းဘူးလို့ မှတ်ချက်ပြုကြပါတယ်။

ဘောလုံးလောကအတွက် အဖိုးတန်ရတနာ

ဟက်ဇက်ရဲ့ ဘောလုံးဟီးရိုးကတော့ ပြင်သစ် ကွင်းလယ်ကစားသမားကြီး ဇီဒန်းပဲဖြစ်ပါတယ်။ ဇီဒန်းက ဟက်ဇက်ဟာ ဘောလုံးလောကအတွက် အဖိုးတန်တဲ့ ရတနာတစ်ပါးဖြစ်ပြီး ဘောလုံးကစားရာမှာ ထိုးထွင်းသိမြင်မှုနဲ့ ကျွမ်းကျင်မှု မြင့်မားတဲ့ ကစားသမားလို့ ချီးကျူးခဲ့ပါတယ်။ ဇီဒန်းက ဒီလိုချီးကျူးတာဟာ သူ့ရဲ့ ဘယ်ဘက်ရင်ဘက်ကို အမှန်တကယ် လှုပ်ခတ်စေပြီး တကယ့်ကို စပါရှယ်ပါပဲလို့ ဟက်ဇက်က ပြောဆိုခဲ့ပါတယ်။

HYPERSPORTS NO.13 Pg. 30

.page-node-9171 .page-subtitle{ display: none; }

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required