မြန်မာလူငယ်များ အွန်လိုင်းတွင် အချိန်ဖြုန်းဟု ဒေါ်အောင်ဆန်းစုကြည် ဝမ်းနည်းစကားဆို

မြန်မာလူငယ်များ အွန်လိုင်းတွင် အချိန်ဖြုန်းဟု ဒေါ်အောင်ဆန်းစုကြည် ဝမ်းနည်းစကားဆို
အီးပီအေ

နေအိမ်အကျယ်ချုပ်ဖြင့် နှစ်များစွာ အထားခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်က လူငယ်များ ကွန်ပြူတာဂိမ်းများနှင့် လူမှုအင်တာနက်ပေါ်တွင် အချိန်ဖြုန်း ကုန်လွန်နေခြင်းအပေါ် ညည်းညူပြောဆိုကြောင်း The Straits Times သတင်းတွင် ဇန်နဝါရီ ၁၇ ရက်က ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် သမိုင်းဝင် နိုဝင်ဘာရွေးကောက်ပွဲတွင် အနိုင်ရရှိထားပြီး အာဏာလက်လွှဲရယူတော့မည့် ဝါရင့်အတိုက်အခံ နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်သော ဒေါ်အောင်ဆန်းစုကြည်က ယင်းမှတ်ချက်စကားကို ရန်ကုန်မြို့တွင် ကျင်းပသည့် စာပေပွဲတော်သို့ သဝဏ်လွှာပါးရာတွင် ယခုကဲ့သို့ မှတ်ချက်ပြုထားခြင်းဖြစ်သည်။

"နည်းပညာတိုးတက်မှုတွေနဲ့အတူ ကျွန်မတို့ရဲ့ လူမှုဘဝများက ယနေ့ခေတ်မှာ ပြောင်းလဲရလာပါပြီ။"ဟု နိုဘယ်မြန်မာစာပေပွဲတော်သို့ ပေးပို့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှာစကားကို ဇန်နဝါရီ ၁၆ ရက်က အွန်လိုင်းတင်ထားခြင်းဖြစ်သည်။

"ယနေ့ခေတ် ကျွန်မတို့ရဲ့ သားသမီးများက သူတို့ရဲ့ အချိန်တွေကို ကွန်ပြူတာဂိမ်းများ၊ အင်တာနက်ဂိမ်းများနှင့် လူမှုမီဒီယာများပေါ်မှာ အချိန်များစွာ ပေး ကုန်ဆုံးနေကြပါတယ်။ နည်းပညာဖက် ပိုအသုံးပြုလာကြခြင်းကြောင့် ကလေးများက စာဖတ်အားနည်းလာကြရပြီ ဖြစ်ပါတယ်။"ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားသည်။

ရက်စက်သည့် အကျင့်ပျက်စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်များစွာတွင် သံမဏိအတိုက်အခံသမားအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာပြည်သူများက လေးစားကြည်ညိုကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အင်န်အယ်လ်ဒီပါတီသည် စစ်တပ်ကျောထောက်နောက်ခံပြု အာဏာရပါတီကို ရွေးကောက်ပွဲ၌ အနိုင်ရခဲ့ပြီး အစိုးရသစ် မကြာမီ ဖွဲ့ရတော့မည်ဖြစ်သော်လည်း စစ်အုပ်ချုပ်ရေးကာလက ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအရ စစ်တပ်က အာဏာကို ကိုင်စွဲထားဆဲပင် ရှိနေဦးမည်ဖြစ်သည်။

အင်န်အယ်လ်ဒီ၏ ရွေးကောက်ပွဲအောင်နိုင်မှုသည် အသက် ၂၇ နှစ်အောက် လူငယ်အရေအတွက် လူဦးရေ၏ ထက်ဝက်ကျော်ရှိနေသည့် နိုင်ငံတွင် လူငယ်ထုအပေါ် လွှမ်းမိုးနိုင်မှုအရလည်း ပါဝင်သည်။

သို့သော် အသက် ၇၀ အရွယ် နိုင်ငံရေးသမားဖြစ်မလာမီ ပညာတတ်တစ်ဦးဖြစ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က နည်းပညာကို ရှေ့တန်းတင် ပြောဆိုမှုမျိုး လုံးလုံး မရှိသလောက်ပဲဖြစ်သည်။

၂၀၁၀ ခုနှစ် အကျယ်ချုပ်က လွတ်ပြီး နိုင်ငံက အရပ်သားတစ်ပိုင်း ဒီမိုကရေစီသို့ နှေးကွေးစွာ အသွင်ကူးပြောင်းလာခြင်း မရှိသေးမီ နေအိမ်အကျယ်ချုပ် ကာလရှည်ကြာ ကျခံခဲ့ရသည့် ဆယ်စုနှစ် နှစ်ခုစာ အကောင်းဆုံးအချိန်များအဖြစ် ဒေါ်အောင်ဆန်းစုကြည်အတွက်က ဖုန်တက်စာအုပ်စင်နှင့် ရေဒီယိုတို့ကိုသာ အဖော်ပြု နေခဲ့ရခြင်းဖြစ်သည်။

နှစ်အနည်းငယ်အတွင်းမှ အင်တာနက်ကို အကန့်အသတ်ဖြင့် မြန်မာနိုင်ငံတွင် ချထား သုံးစွဲခွင့်ရလာခြင်းလည်း ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် စမတ်ဖုန်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီဖြစ်ပြီး လူမှုမီဒီယာအကောင့်များမှာ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများနှင့် ရင်ဘောင်တန်း ရှိနေသည့် အနေအထားသို့ ရောက်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာတွင် ပညာရေးစံနှုန်းများကိုလည်း ဝေဖန်ပြောကြားထားသည်။ ပညာရေးဘဏ္ဍာငွေ နည်းပါးခြင်းအပြင် ဝေဖန်ပိုင်းခြားတတ်သည့် စနစ်ထက် အလွတ်ကျက်သင်ယူမှုကို ဦးစားပေးခြင်းများကို ထောက်ပြပြောဆို၍လည်း ထားသည်။

"ကျွန်မတို့ဆီက စာသင်ကျောင်းတွေမှာ စာကြည့်တိုက်တွေ အင်မတန်မှ နည်းပါးပါတယ်။ ကျွန်မတို့ရဲ့ ပညာရေးစနစ်က မေးခွန်းကျက် အလွတ်ဖြေစနစ်ဖြစ်နေပြီး ဝေဖန်တွေးခေါ်မှုနဲ့ ဖတ်ရှုမှတ်သားမှုကို အကန့်အသတ်ဖြစ်နေစေပါတယ်။"ဟုလည်း ဖြည့်စွက် ရေးသားထားသည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required