ဖားကန့်ကျောက်စိမ်းတူးဖော် ကုမ္ပဏီအချို့ ယန္တရားများကို ဖွက်ထားဟု ယန္တရားစစ်ဆေးရေးအဖွဲ့တွေ့ရှိ

ဖားကန့်ကျောက်စိမ်းတူးဖော် ကုမ္ပဏီအချို့ ယန္တရားများကို ဖွက်ထားဟု ယန္တရားစစ်ဆေးရေးအဖွဲ့တွေ့ရှိ
(ဓာတ်ပုံ-အီးပီအေ)

ချင်းမိုင်၊ ဇန်နဝါရီ ၁၆ ။           ။ ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းမှော်ရှိ မြေတူးစက်ယဉ်ယန္တရားများကို နေပြည်တော် ယဉ်ယန္တရား စစ်ဆေးရေးအဖွ့ဲက ဇန်နဝါရီလ ၁၆ ရက်က စတင်စစ်ဆေးသည့်နေ့တွင် ကျောက်တူးဖော်နေသော ကုမ္ပဏီတစ်ချို့ ယာဉ်ယန္တရားများကို ဖွက်ထားမှုများ ရှိနေမှုကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ပြောသည်။

နေပြည်တော်ယဉ်ယန္တရားစစ်ဆေးရေးအဖွဲ့သည် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါကျေးရွာတွင် ပထမဦးဆုံး သွားရောက် စစ်ဆေးခဲ့ရာ တောက်ပကြယ် ကုပ္ဗဏီအား စစ်ဆေးစဉ် ၎င်းတို့၏ ယာဉ်ပေါင်း ၃၉ စင်းအား လုပ်ကွက်နှင့် တစ်မိုင် ကျော်ဝေးသော တစ်ခြားနေရာသို့ သွားရောက် ဖွက်ထားသည်ကို တွေ့ခဲ့ရသည်ဟု လုံးခင်းကျေးရွာအုပ်စုနေထိုင်သော ပြည့်သူ့လွတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက ပြောသည်။

“အဲဒီကုမ္ပဏီက သူတို့ မြေစာသွန်တဲ့ မြေစာပုံတဲ့ တောင်တွေ၊ လျိုတွေကြားထဲမှာ ထားတာဖြစ်တယ်။ အားလုံး ၄ စတုရန်း မိုင်လောက် ရှိမယ်။ အဲဒီကို ပစ်ထားတယ်လို့ သတင်းရလို့ ကျနော်တို့ ချက်ချင်းသွားတဲ့အခါမှာ အဲဒီမြေစာပုံက သူတို့ရဲ့ လုပ်ကွက်နဲ့ ဆိုလို့ရှိရင် ၁ မိုင်ခွဲလောက်ဝေးတဲ့နေရာမှာ ခေါင်းတခြမ်းလို့ ခေါ်တဲ့ မြေစာသယ်ကား ၃၆ စင်း၊ ဆယ်ဘီး ကားက ၃ စင်း အားလုံး ၃၉ စင်းကို ဘယ်သူမှ မမြင်တဲ့နေရာကို စနစ်တကျ သွားပြီး ဖွက်ထားတာကို တွေ့ရတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

အစိုးရ ဝန်ကြီးဌာန ပြည်ထဲရေး၊ စီးပွားကူးသန်း၊ ကုန်းလမ်း ပို့ဆောင်ရေးနှင့် အကောက်ခွန်များ အပါအဝင် ဌာန ၅ ခုမှ ညွန်ကြားရေးမှူး၊ ညွန်ချုပ်တို့နှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ အတွင်းရေးမှူး လူပေါင်း ၂၈ ဦး ပါဝင်သော ယာဉ်ယန္တရား စစ်ဆေးရေးအဖွဲ့သည် ဇန်နဝါရီလ ၁၅ ရက်က ဖားကန့်မြို့သို့ ရောက်ရှိလာ၍ စတင်စစ်ဆေးနေခြင်း ဖြစ်သည်။

ယနေ့ တွင် တောက်ပကြယ် ကုမ္ဗဏီသည် အလုပ်ရပ်နားထားပြီး ကုမ္ဗဏီ ဖွက်ထားသော စက်ယန္တရားကြီးများကို နေပြည်တော် ယန္တရားစစ်ဆေးရေးအဖွဲ့က သိရှိခြင်း မရှိသေးသော်လည်း ၎င်းတို့က မျက်မြင် သက်သေ အထောက်အထားများနှင့် အတူ ရရှိထားပြီး ဖြစ်ကြောင်း ဦးတင်စိုးက ပြောသည်။

“သူတို့ဖွက်ထားတာကို စစ်ဆေးရေးအဖွဲ့က မသိဘူး။ ကျနော်တို့က ကုမ္ပဏီကို စစ်ဆေးရေးအဖွဲ့ ရောက်နေလားလို့မေးတဲ့ အခါမှာ ရောက်နေတယ်လို့ ပြန်ပြောတာကို ကြားရပါတယ်။ စစ်ဆေးရေးအဖွဲ့ကလည်း မသိဘူး။ မျက်မြင်တွေလည်း ရှိတယ်။ အခု စစ်ဆေးရေးအဖွဲ့မှာ နယ်မြေခံ ဘယ်သူမှ မပါဘူး။ အဲဒီက အုပ်ချုပ်ရေးအဖွဲ့ဘဲပါတယ်”ဟု သူက ပြောသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေး စက်ယန္တရားကြီးများဖြင့် အရှိန်အဟုန် ပြင်းပြင်းထန်ထန် လုပ်ဆောင်လာပြီး မြေပြိုမှုကြောင့် လူရာနှင့်ချီ သေဆုံးမှုများ ရှိလာသဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ ညွန်ကြားချက်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ သဘဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ အဖွဲ့ဝင် ဦးလှဦး ဦးဆောင်၍ ဖားကန့်ဒေသ   ကျောက်စိမ်းတူးဖော်နေသည့် နေရာများသို့သွားရောက် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၂ ခုနှစ် မေလက ကျောက်စိမ်းတူးဖော်မှုကို ရပ်နားခဲ့ရာမှ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ပြန်လည် လုပ်ကိုင်ခွင့်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required