ငြိမ်းချမ်းရေးအတွက် NLDအစိုးရနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မယ်(ဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦး)

ငြိမ်းချမ်းရေးအတွက် NLDအစိုးရနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မယ်(ဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦး)
တပ်မတော်အစုအဖွဲ့ခေါင်းဆောင်ဖြစ်သူ အငြိမ်းစားဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမသတင်းဌာန)
 

 

နေပြည်တော်တွင် ဇန်နဝါရီလ ၁၂ရက်ကစပြီး ၁၆ရက်နေ့အထိ ငါးရက်ကြာပြုလုပ်ခဲ့သည့် ပထမအကြိမ် ငြိမ်းချမ်းရေးညီလာခံသည် ယနေ့ ပြီးဆုံးသွားပြီဖြစ်သည်။ ညီလာခံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးနှင့် မြေယာ ကဏ္ဍငါးခုကို အစုအဖွဲ့(၇)ဖွဲ့က ဆွေးနွေးခဲ့ကြပါသည်။ အစုအဖွဲ့(၇)ဖွဲ့မှ တပ်မတော်အစုအဖွဲ့ခေါင်းဆောင်ဖြစ်သူ အငြိမ်းစားဗိုလ်ချုပ်ကြီး ခင်ဇော်ဦးကို ညီလာခံအပြီးတွင် မဇ္ဈိမသတင်းဌာနမှ သတင်းထောက်မင်းမင်းက သီးသန့်မေးမြန်းထားပါသည်။

မေး။ ။ ပထမဆုံးလုပ်တဲ့ ငြိမ်းချမ်းရေးညီလာခံကနေရလာတဲ့ အောင်မြင်မှုကို ပြောပါဆိုရင် ဘာဖြစ်မလဲခင်ဗျ။
ဖြေ။ ။ ရရှိတဲ့အောင်မြင်မှုကို ပြောပါဆိုရင်တော့ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ငြိမ်းချမ်းရေးညီလာခံမှာ အစုအဖွဲ့အသီးသီးက ညီလာခံကိုယ်စားလှယ်တွေပေါ့နော်၊ စုစုပေါင်း ၇၀၀ကျော် တက်ရောက်ကြပါတယ်။ ဒီလိုမျိုး အစုအဖွဲ့စုံစုံညီညီ၊ လူတွေစုံစုံညီညီပေါ့နော်၊ မိမိတို့အမြင်တွေနဲ့၊ မိမိတို့ရဲ့ မျှော်လင့်ချက်တွေ ဒီအနာဂတ်နိုင်ငံတော်အပေါ်မှာ ထားခဲ့တဲ့ စေတနာတွေပေါ့။ ဒါတွေကို ကျွန်တော်တို့ဒီမှာ တွေ့ရတာကတော့ ကျွန်တော်တို့အတွက် ဒါဟာအောင်မြင်မှုလို့ပဲ ပြောရမှာပေါ့။ ပထမအကြိမ်ညီလာခံဖြစ်တဲ့အတွက်ကြောင့် ဆုံးဖြတ်ချက်ချဖို့အပိုင်းလေးတွေတော့ ဒီမှာမပါသေးပါဘူး။ သို့သော်လည်း အစုအဖွဲ့တစ်ခုချင်း၊ တစ်ခုချင်းမှ ကိုယ်စားလှယ်များဟာ အနာဂတ်နိုင်ငံတော်အတွက် ဘယ်လိုတွေ စေတနာတွေထားကြတယ်။ ဘယ်လိုတွေ ဆောင်ရွက်ချင်ကြတယ်ဆိုတဲ့ ဒါလေးတွေမြင်ရတာတော့ ဝမ်းသာစရာ အများကြီးကောင်းပါတယ်။

 

မေး။ ။ နောက်တစ်ခုက ငြိမ်းချမ်းရေးကို ဆက်လုပ်ရမယ့် NLDအစိုးရကို တပ်မတော်အနေနဲ့ ကူညီသွားဖို့ ရှိမလား။ ကူညီမယ်ဆို ဘယ်လို ကူညီသွားမလဲ။
ဖြေ။ ။ အမှန်စင်စစ်ပြောရရင် ငြိမ်းချမ်းရေးဆိုတာကတော့ တပ်မတော်ရဲ့ အလိုလားဆုံးအရာ ဖြစ်ပါတယ်။ မည်သူကဦးဆောင်သည်ဖြစ်ပါစေ၊ တပ်မတော်အနေနဲ့ကတော့ ငြိမ်းချမ်းရေးရရှိရေးအတွက်ကို အတတ်နိုင်ဆုံး ပါဝင်ပူးပေါင်းဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲရလဒ်တွေ ထွက်လာပြီးတဲ့အချိန်တုန်းကလည်း ကျွန်တော်တို့တပ်မတော်အကြီးအကဲများကနေပြီးတော့မှ လာမယ့် အစိုးရသစ်နဲ့အတူ တရားဝင် ထုတ်ပြန်၊ ပြောဆိုခဲ့တာတွေလည်း သိရှိပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် လာမယ့်အစိုးရ အပြောင်းအလဲဖြစ်သွားသည့်တိုင်အောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကတော့ ရပ်တန့်မသွားနိုင်ပါဘူး။ တပ်မတော်အနေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားပါမယ်ဆိုတာကိုတော့ ပြောကြားလိုပါတယ်။

 

မေး။ ။ သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ ငြိမ်းချမ်းရေးအတွက်ကို လေးနှစ်ကျော်လောက် ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ ဒါပေမယ့် တစ်ခုရှိတာက NCAကို လက်မှတ်ထိုးတာက ၈ဖွဲ့ပဲဆိုတော့ တစ်ဝက်ကျော်လောက် ကျန်နေသေးတယ်။ ဒါက ဘာကြောင့်လို့ ထင်လဲခင်ဗျ။
ဖြေ။ ။ ဒါက ဘာကြောင့်လည်းဆိုတာတော့ သူတို့ကိုယ်တိုင်ရဲ့ ကိုယ်ကျိုးစီးပွားကြောင့်လို့ပဲ ကျွန်တော်ယူဆပါတယ်။ NCAစာချုပ်ကို သမ္မတကြီးဦးသိန်းစိန်အစိုးရလက်ထက်မှာပေါ့နော်၊ လက်ရှိအချိန်အထိမှာ ကျွန်တော်တို့ လုပ်လာခဲ့တဲ့အခါမှာ သုံးနှစ်ကျော်၊ လေးနှစ်လောက် ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ လုပ်ခဲ့တဲ့အခါမှာ အခုလက်မှတ်ထိုးဖို့ ကျန်နေတဲ့အဖွဲ့တွေအားလုံးလည်း အပါအဝင် ဖြစ်ပါတယ်။ သူတို့တွေပါ အပါအဝင်ဖြစ်ပြီးတော့မှ ကျွနေ်တာ်တို့က ညှိနှိုင်းပြီးတော့မှ ပြီးခဲ့တဲ့ မတ်လ ၃၁ရက်နေ့မှာ မူကြမ်းထွက်တယ်။ နောက်တစ်ခါ Senior Delicationဆိုတဲ့အဖွဲ့တွေနဲ့ ထပ်ပြီးဆွေးနွေးတယ်။ အဲ့လိုလုပ်ပြီးတော့မှ အားလုံးသဘောတူပြီးတော့မှ ဒီစာချုပ်ကို ကျွန်တော်တို့ အချောသတ်ခဲ့တာပါ။ လက်မှတ်ထိုးခြင်း၊ မထိုးခြင်းဟာ NCAစာချုပ်နဲ့ မပတ်သက်ပါဘူး။ NCAစာချုပ်ပါ အချက်တွေနဲ့လည်း မသက်ဆိုင်ပါဘူး။ သူတို့ရဲ့ တစ်ခြားသော NCAပြင်ပက အကြောင်းအရာတွေနဲ့ ပတ်သက်မယ်လို့ ကျွန်တော် ယူဆပါတယ်။

 

မေး။ ။ တပ်မတော်မှာ အကြာကြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းတစ်ယောက်အနေနဲ့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် ပြောပေးပါလား။
ဖြေ။ ။ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ကတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေအားလုံးက စုစုစည်းစည်း၊ ညီညီညွတ်ညွတ်နဲ့လေ၊ ဒီပြည်ထောင်စုအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့အခါမှာတော့ ပြည်ထောင်စုပြိုကွဲသွားမယ့်ဟာမျိုးကို ဘယ်သူမှ မလိုချင်ဘူးဆိုတာ ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်တဲ့အခါမှာ တိုင်းရင်းသားတွေအားလုံးနဲ့လည်း ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားမယ့်အနေအထားတွေလည်း တွေ့ရပါတယ်။ ဒါကြောင့် လောလောဆယ် အမြင်ချင်း၊ ချဉ်းကပ်ပုံချင်း မတူသေးသော်လည်း ယုံကြည်မှုတွေ ပိုမိုရရှိလာပြီးတဲ့အခါမှာတော့ တစ်ချိန်မှာ ဆုံမှတ်တစ်ခုကိုတော့ ကျွန်တော်တို့ ရောက်သွားပါလိမ့်မယ်။ ငြိမ်းချမ်းရေးဟာ မကြာတင်ကာလတစ်ခုမှာ ရရှိသွားမယ်လို့ ကျွန်တော်ဒီလိုပဲ ယုံကြည်ပါတယ်။

 

မေး။ ။ နောက်အစိုးရလက်ထက်၊ ဒါမှမဟုတ် နောက်ထပ် ဘယ်နှစ်နှစ်အတွင်းမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရမယ်လို့ မျှော်မှန်းနိုင်မလဲ။
ဖြေ။ ။ ဒါကတော့ အချိန်ကာလကတော့ ပြောဖို့  နည်းနည်းတော့ ခက်ပါတယ်။ ဘာလည်းဆိုတော့ ကမ္ဘာ့နိုင်ငံတွေကို လေ့လာကြည့်လိုက်တဲ့အခါမှာ တစ်ချို့နိုင်ငံတွေကလည်း သုံးနှစ်နဲ့ ပြီးသွားတာတွေ ရှိတယ်။ ငါးနှစ်နဲ့ ပြီးသွားတာတွေ ရှိတယ်။ တစ်ချို့တွေ မပြီးသေးတာလည်း ရှိတာပေါ့။ ဒါကတော့ အခြေအနေ အချိန်အခါအပေါ်မှာ မူတည်ပါလိမ့်မယ်။ သို့သော် အကုန်လုံးက အားလုံးက ညီညီညွတ်နဲ့ တစ်ဦးကို တစ်ဦး တန်းတူရည်တူရှိပြီးတော့မှ နားလည်မှုနဲ့၊ ယုံကြည်မှုနဲ့ အပြည့်အဝရလာတဲ့အခါမှာတော့ ပိုပြီးတော့ မြန်လာလိမ့်မယ်။ ကျွန်တော်တို့လည်း ဒါတွေအားလုံးကို အကုန်ဝိုင်းဝန်ပြီးတော့မှ ဆောင်ရွက်နေတယ်ဆိုတော့လေ၊ ဘယ်နှစ်နှစ်လည်းဆိုတဲ့ နှစ်ကာလအပိုင်းအခြားကို ပြောဖို့ကတော့ ကျွန်တော့မှာ အဲ့လောက် ဉာဏ်မမှီပါဘူး ခင်ဗျ။ မကြာခင် ရသွားပါလိမ့်မယ်။ အခုအချိန်မှာ ဘာလို့လည်းဆိုတော့ လက်နက်ကိုင်ပဋိပက္ခဖြစ်လာတာ နှစ်ခြောက်ဆယ်လောက် ဖြစ်လာတဲ့အခါကျတော့ နှစ်ခြောက်ဆယ်လောက်ကြာခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခကို တစ်နှစ်၊ နှစ်နှစ်လောက်လေးနဲ့ ပြန်ပြီးတော့ ရင်ကြားစေ့ဖို့ဆိုတာလည်း ခက်ကောင်း ခက်ပါလိမ့်မယ်။ ဒီတော့ ပဋိပက္ခဖြစ်နေတဲ့အကြောင်းရင်းတွေကို ကျွန်တော်တို့ ဖော်ထုတ်မယ်။ ဖော်ထုတ်ပြီးတော့ ပဋိပက္ခဖြစ်နေတဲ့ အကြောင်းအရင်းတွေကို ဖြေရှင်းဆောင်ရွက်လိုက်မယ်၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းမယ်ဆိုရင်တော့ ခုနပြောတဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာ ရရှိလာမှာပဲ ဖြစ်ပါတယ်။

 

မေး။ ။ အခု ပထမဆုံးလုပ်တဲ့ ငြိမ်းချမ်းရေးညီလာခံက အပြသဘောလုပ်တာလို့ ပြောနေကြတာ ရှိတယ်။ အဲ့ဒါကို ဘာပြန်ပြောချင်လဲ။
ဖြေ။ ။ တစ်ကယ်တော့ ကျွန်တော်တို့ ခရီးတစ်ခုကိုသွားမယ်ဆိုရင် ပထမဆုံးခြေလှမ်းက စတာပါပဲ။ အပြသဘောပဲ ပြောပြော၊ တစ်ကယ်လုပ်တယ်ပဲ ပြောပြော၊ တစ်ကယ်တော့ ငြိမ်းချမ်းရေးညီလာခံက ငြိမ်းချမ်းရေးညီလာခံပါပဲ။ ဒီဟာကို ငြိမ်းချမ်းရေးညီလာခံမဟုတ်ဘူးလို့ ပြောမယ်ဆိုရင်တော့ အမြင်အနည်းငယ်ကျဉ်းသွားမယ်လို့ ကျွန်တော်ယူဆပါတယ်။ ဘယ်ခရီးပဲသွားသွား၊ ပထမဆုံးခြေလှမ်းက သွားရပါမယ်။ အဲ့ဒီပထမဆုံးခြေလှမ်းက လိုချင်တဲ့ပန်းတိုင်ကို မရောက်နိုင်သေးပါဘူး။ တစ်လှမ်းလှမ်းမယ်၊ နှစ်လှမ်း လှမ်းမယ်၊ သုံးလှမ်း လှမ်းမယ်၊ စသည်ဖြင့် ဒီလို အလှမ်းပေါင်းများစွာ လှမ်းပြီးမှ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်မှာ ဖြစ်ပါတယ်။ ပထမဆုံးခြေလှမ်းက ပန်းတိုင်မရောက်တဲ့အတွက်ကြောင့် မင်း ခရီးသွားနေတာမဟုတ်ဘူး၊ မင်းစလုပ်နေတာ မဟုတ်ဘူးလို့ ပြောမယ်ဆိုရင်တော့ မှားမှာပေါ့လေ။ ကျွန်တော်တို့ စလုပ်ပြီ၊ စလုပ်ပြီဆိုတာ ပန်းတိုင်ကတော့ ရှေ့မှာ ပန်းတိုင်ကိုလည်း တွေ့နေပြီ။ သို့သော် ရောက်ဖို့ ကာလတစ်ခုတော့ စောင့်ရမှာပေါ့။ ချက်ချင်း မရောက်သေးတဲ့အတွက်ကြောင့် အားမလို၊ အားမရဖြစ်ပြီး ပြောတာမျိုးလည်း ဖြစ်မယ်လို့ ကျွန်တော်ယူဆတယ်လေ။ အဲ့တော့ ချက်ချင်းရောက်ဖို့ဆိုတာလည်း ကန့်သတ်ချက်တော့ ရှိမှာပေါ့။ အခုကျွန်တော်တို့ ပထမဆုံးခြေလှမ်းကို စလှမ်းလိုက်ပြီ။ စလှမ်းလိုက်ပြီဆိုကတည်းက ရှေ့ကို စလှမ်းလိုက်ပြီဖြစ်တဲ့အတွက်ကြောင့် နောက်ပြန်ဆုတ်စရာ မရှိတော့ဘူး။ ဒါဟာ ပထမဆုံး ငြိမ်းချမ်းရေးညီလာခံပါပဲ။ ဒီလိုမှမဟုတ်ရင် ဒီညီလာခံကို ဘယ်လိုသတ်မှတ်မလဲ။ ဒီလိုလေး စဉ်းစားကြည်လို့ရှိရင် အဖြေတွေ့ပါလိမ့်မယ်။ ပထမဆုံးလှမ်းခဲ့ပြီ၊ ဒီလိုလှမ်းဖို့ လုပ်ခဲ့ရတဲ့နှစ်တွေက အများကြီးပါ။ ဒါဟာတစ်ကယ်တော့ သမိုင်းဝင်လို့ ပြောလို့ရပါတယ်။ နှစ်ကာလအကြာကြီးကို ကျွန်တော်တို့ ညှိနှိုင်းတယ်၊ ဆွေးနွေးတယ်။ တစ်ချိန်တုန်းက တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် တိုက်ကြတဲ့လူတွေက အခုဆိုရင် စားပွဲတစ်ခုထဲမှာ ထိုင်တယ်။ အတူတူ ဆွေးနွေးတယ်။ အဲ့ဒီဆွေးနွေးတဲ့အထဲကနေ ရလဒ်တစ်ခုအနေနဲ့ ကျွန်တော်တို့ ညီလာခံကျင်းပကြမယ်လို့ ဆိုပြီးတော့မှ ကျင်းပတာ ငြိမ်းချမ်းရေးညီလာခံပဲပေါ့။ ပထမဆုံးခြေလှမ်းကို ကျွန်တော်တို့ လှမ်းခဲ့ပြီပဲ။ ကျေနပ်ပါတယ်နော်။

 

မေး။ ။ ဖြည့်စွက်ပြီး ပြောချင်တာရှိရင် ပြောပေးပါဦး ခင်ဗျ။
ဖြေ။ ။ ဖြည့်စွက်ပြောချင်တာကတော့ ငြိမ်းချမ်းရေးရရှိအောင် အစွမ်းကုန်ကြိုးစားပြီးတော့မှ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ အဖွဲ့အစည်း၊ အစုအဖွဲ့တွေအားလုံးမှာ ဒီဆန္ဒတွေ ရှိပါတယ်။ ယနေ့တက်ရောက်လာတဲ့ ကိုယ်စားလှယ်ပေါင်း ၇၀၀လောက်မှာ ဒီလိုဆန္ဒတွေ အကုန်လုံး ရှိကြပါတယ်။ ဒါဟာလည်း ပထမဆုံး ကျွန်တော်တင်ပြခဲ့သလိုပေါ့။ ကျွန်တော်တို့ တိုင်းပြည်အတွက် အလွန်ဝမ်းသာစရာကောင်းတဲ့၊ အားတက်စရာကောင်းတဲ့ အကြောင်းအရာတွေပါ။ ဒါတွေကို ဝိုင်းဝန်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ ယုံကြည်မှု ရရှိအောင် တစ်ဦးနဲ့တစ်ဦးပေါ့လေ။ ယုံယုံကြည်ကြည်နဲ့ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုရင် မဝေးတော့တဲ့ အနာဂတ်မှာ ကျွန်တော်တို့ တိုင်းပြည် ငြိမ်းချမ်းသွားမှာ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ် ခင်ဗျာ။

(ဗီဒီယိုဖိုင် အပြည့်အစုံကို ဆက်လက်ဖော်ပြသွားပါမည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required