အလုပ်သမားဥပဒေကို ကျောထောက်နောက်ခံထားပြီး အခွင့်အရေးများရအောင် ဆောင်ရွက်ပေးနေသည်ဟုဆို

အလုပ်သမားဥပဒေကို ကျောထောက်နောက်ခံထားပြီး အခွင့်အရေးများရအောင် ဆောင်ရွက်ပေးနေသည်ဟုဆို
ဓာတ်ပုံ - ဖြိုးသီဟ

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ။          ။ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလုပ်သမားဥပဒေကို ကျောထောက်နောက်ခံထား ကာ ဥပဒေပါ ခံစားခွင့်များရရှိစေရန်   ဆောင်ရွက်   ပေးနေကြောင်းWork.com.mm ၏ အလုပ်အကိုင်ပြပွဲဖွင့်ပွဲ တွင်လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဖွံ့ဖြိုးမှု စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကပြောသည်။

ယင်းအပြင် အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် အလုပ်လုပ်နိုင်သည့် လူတိုင်းအတွက် ကောင်းမွန်သော အလုပ်အကိုင်ရရှိစေရန်၊ ကျွမ်းကျင်မှုများ လေ့ကျင့်ပေးရန်၊ အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရန်အတွက်လည်း ဆောင်ရွက်ပေးနေကြောင်း ၎င်းကဆိုသည်။

"နိုင်ငံတော်အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို လုပ်တဲ့နေရာမှာ အဓိကကျတာကတော့ ပြည်သူလူထုရဲ့ ဆင်းရဲနွမ်းပါးမှုကို လျော့ချနိုင်ဖို့၊ အလုပ်လုပ်ကိုင်နိုင်သူတိုင်း သင့်တော်ကောင်းမွန်တဲ့  အလုပ်ရရှိဖို့ပါပဲ" ဟု ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။

 မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး ၇၈ ရုံး ဖွင့်လှစ်ထားပြီး ထိုရုံးများမှ အလုပ်ရှင်နှင့် အလုပ်လုပ်လိုသူများကြား ညှိနှိုင်းမှုများပြုလုပ်ကာ အလုပ်ခန့်ထားပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်ခက်ခဲသောဒေသများတွင်လည်း ရုံးများမဖွင့်နိုင်သော်လည်း Mobile Team အနေဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

"ဒီလိုပြပွဲမျိုးကို လာတဲ့အခါမှာ ဟောပြောပွဲတွေကနေ အတွေ့အကြုံတွေရမယ်။ မတူကွဲပြားတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နောက်အစိုးရသစ်လက်ထက်မှာလည်း ရှားပါးနေသေးတဲ့ အလုပ်အကိုင်တွေ ပိုပြီးတော့ ပွင့်လင်းလာစေချင်တယ်။ "ဟု ယင်းအလုပ်အကိုင်ပြပွဲသို့ လာရောက်ကြည့်ရှုသူ ကိုဟိန်းဇော်အောင်က ပြောသည်။

 လုပ်ခလစာနည်းနေသေးသည့်အတွက် ပြည်သူများချောင်လည်သည့်အထိ ဖြစ်စေချင်ကြောင်း လက်ရှိအနေအထားထက် ပိုတိုးတက်စေချင်ကြောင်း ကိုဟိန်းဇော်အောင် ကဆိုသည်။

Work.com.mm ၏ အလုပ်အကိုင်ပြပွဲသည် ဒုတိယအကြိမ်မြောက် ပြပွဲဖြစ်၍ ယနေ့နှင့် မနက်ဖြန် ၂ ရက်ပြုလုပ်သွားမည်ဖြစ်ပြီး ကုမ္ပဏီပေါင်း ၃၀ ကျော်မှ လာရောက်ပြသခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly