ကချင် စစ်ဘေးရှောင် ဒုက္ခသည်များ NLD အစိုးရကို အားကိုးတကြီး မျှော်လင့်

ကချင် စစ်ဘေးရှောင် ဒုက္ခသည်များ NLD အစိုးရကို အားကိုးတကြီး မျှော်လင့်
ဝင်ငွေရရန် ကချင်ရိုးရာခေါင်းပေါင်း ချုပ်လုပ်နေကြတဲ့ အမျိုးသမီးများ။ မိနစ်လေးငါးဆယ်ကြာ ချုပ်ရတဲ့ ခေါင်းပေါင်းတစ်ခုအတွက် ချုပ်ခ ကျပ်တစ်ရာ ရမှာ ဖြစ်ပါတယ်။ (ဓာတ်ပုံ - သင်းလဲ့ဝင်း/Myanmar Now)

မြစ်ကြီးနား (Myanmar Now) ။              ။ ရွယ်ဂျာဟာ ၂ဝ၁၁ ခုနှစ်ကသူတို့ ရွာအနီးဝန်းကျင်မှာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ရဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြား ကထွက်မပြေးဘဲ အိမ်မှာခြောက်လကျော် တင်းခံပြီးနေခဲ့ ပါတယ်။ ဒီနေရာမှာပဲမွေး၊ ဒီနေရာမှာပဲကြီးပြင်း၊လယ်ယာလုပ်တဲ့ ခင်ပွန်းသည်၊ ကလေးငယ်တစ်ဦး တို့နဲ့ အတူဘဝလေးတစ်ခုကို တည်ဆောက်ခဲ့တာပါ။

“ဒါပေမဲ့ အာဏာပိုင်တွေက ကချင်တွေဆို KIA နဲ့ ပတ်သက်မှုရှိနေတယ်လို့ မြင်လာတယ်။ စီးပွားရေး၊ လူမှုရေးကြောင့် KIA ဆိုပြီးစွပ်စွဲရင် ဘာမှ စုံစမ်းစစ်ဆေးခြင်းမရှိဘူး။ ဖမ်းတာပဲ”လို့ ရွယ်ဂျာက ပြောပါတယ်။

ခင်ပွန်းသည် ဒီလိုလိမ်လည် တိုင်ကြားခံမှာ စိုးတာရယ်၊ အဲဒီတုန်းက သူ့မှာ ဒုတိယကလေးကို ကိုယ်ဝန်အရင့်အမာ လွယ်ထားရတာတို့ကြောင့် နောက်ဆုံးမှာတော့၂ဝ၁၂ ခုနှစ် မတ်လမှာ တာလော ကြီးရွာကနေ ကားနဲ့ နှစ်နာရီလောက် သွားရတဲ့ မြစ်ကြီးနားမြို့ကိုထွက်ခွာခဲ့ရတယ်။ စိန့်ပေါလ်ဂျန်မိုင် ကောင်း ဒုက္ခသည်စခန်းကို ရောက်ရှိပြီး နှစ်ပတ်အကြာမှာ သူတို့ရဲ့ ဒုတိယမြောက် ကလေးကို မွေးပါတယ်။

“ဒီနေရာမှာ ဒီလောက်ကြာကြာနေရမယ်လို့ မထင်ခဲ့ဘူး” လို့ သက်ငယ်၊ ဓနိတွေနဲ့ ကာရံထား ပြီး ဒုက္ခသည်စခန်းရဲ့ အစည်းအဝေးခန်းအဖြစ် အသုံးပြုတဲ့ နေရာမှာ သူက ပြောပြပါတယ်။ ဒီဒုက္ခ သည် စခန်းလေးဟာ ကစ်သလစ်ဘုရားရှိခိုးကျောင်းက တည်ထောက်ထားတဲ့ ကရုဏာမြန်မာ လူမှုကူ ညီရေး အသင်းရဲ့ အထောက်အပံ့တွေနဲ့ အဓိက ရပ်တည်နေတာဖြစ်ပြီး ဒီနှစ်ဆိုရင် ရွယ်ဂျာဟာ စခန်း တာဝန်ခံအဖြစ် ထမ်းဆောင်နေတာပါ။

သူတို့ရွာနားတိုက်ပွဲတွေ မဖြစ်တော့ပေမယ့် အစိုးရစစ်တပ်ရှိနေတာရယ်၊ အနှံ့အပြားထောင် ထားတဲ့ မိုင်းတွေ ဆက်ရှိနေတာ တွေရယ်ကို ကြောက်တာကြောင့် သူတို့ မိသားစု ရွာကို မပြန်ရဲကြ သေးပါဘူး။ ဒါပေမဲ့ နေအိမ်ကနေ့ စွန့်ခွာလာပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ရွယ်ဂျာ့မှာ မျှော်လင့်ချက်တွေ ရှိလာပါပြီ။

“ကျွန်မ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက မဲမထည့်ခဲ့ဘူး၊ ကိုယ်ထည့်လည်း မထူးခြားဘူးဆိုပြီး တော့။ ဒီတစ်ခေါက်တော့ အစောကြီးအိပ်ရာကထပြီးမဲသွားပေးတယ်။ ထင်ထားတဲ့အတိုင်းဘဲ NLD နိုင်လို့ အရမ်းပျော်တယ်။ ငြိမ်းချမ်းရေးကိုဦးစားပေးမယ်လို့ ထင်ပါတယ်။ အများကြီးပြောင်းလဲ လိမ့်မယ်လို့ထင်တယ်” လို့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရည်ညွှန်းပြောပါတယ်။

ကျွန်မ တွေ့ဆုံပြောဆိုခဲ့ရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ အားလုံးမှာ ဒီလိုမျှော်လင့်ချက်တွေ ရှိနေပါတယ်။ အစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင် တပ်ဖွဲ့တွေအကြား တိုက်ပွဲပြန်စတာ ငါးနှစ်နီးပါး ရှိခဲ့ဖြစ်လို့ NLD အစိုးရအနေနဲ့  ငြိမ်းချမ်းရေးရရှိအောင် အကောင်အထည်ဖော်၊ စစ်တပ်တွေကို ပြန်လည် ရုပ်သိမ်းပြီးရင် သူတို့အနေနဲ့ အိမ်ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

တစ်ဖက်နှင့်တစ်ဖက် ကာလရှည်ကြာ မကျေနပ်မှုများကြောင့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် ၁၇ နှစ်အကြာမှာ ပျက်စီးသွားခဲ့ပြီး ၂ဝ၁၁ ခုနှစ်၊ ဇွန်လမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွေမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ရာကနေ အရပ်သားတစ်သိန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတာပါ။ ငြိမ်းချမ်းရေးရဖို့ ကြန့်ကြာလာတာနဲ့အမျှ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ခိုလှုံကြတဲ့ ဒီစစ်ဘေးရှောင် ဒုက္ခသည်တွေဟာ ယုံကြည်မှု ကျဆင်းလာကြပါတယ်။

“ဒီစခန်းတွေမှာနေရတာ ကြာလာတာနဲ့အမျှ ဒုက္ခသည်တွေဟာ ငြီးငွေ့လာတယ်၊ အလုပ်အ ကိုင်ဆိုလည်း အနီးအနားမှာ မရှိဘူး။ လုပ်ကိုင် စားသောက်ဖို့ဆိုတော့လည်း မြေအခက်အခဲရှိတော့ အဆင်မပြေဘူး။ ပြည်ပက ကူညီတာတွေလည်း လျော့ကြလာတော့  တကယ်လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်တာတွေ ရှိလာတယ်။ အားလုံးက မရေမရာဆိုတော့ ကူညီသူတွေလည်း လက်ပန်းကျလာတယ်၊  ဒုက္ခသည်တွေလည်းစိတ်ဓာတ်ကျလာတယ်”လို့ မေတ္တာဖောင်ဒေးရှင်းမှ ဒေါ်အိဖြူအောင်ကပြောပါတယ်။

ဒီဖောင်ဒေးရှင်းဟာ မြန်မာနိုင်ငံမှာ အင်အားအကြီးမားဆုံးသော NGO အဖွဲ့အစည်း တစ်ခုဖြစ် ပြီး ကချင်ပြည်နယ်က ဒုက္ခသည်တွေအပေါ် အရေးပေါ် အကူအညီပေးရေး လုပ်ငန်းတွေကို ၂ဝ၁၁ ကတည်းက စတင် လုပ်ဆောင်နေတာပါ။ ဒီစခန်းတွေမှာလည်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တွေကလည်း ဖြစ်ပေါ်နေပါသေးတယ်။ ခင်ပွန်းသည်တွေက သူတို့ရဲ့ စိတ်မကျေနပ်မှုကို ဇနီးသည်အ ပေါ်မှာပုံချ၊ အကြမ်းဖက်တာတွေက အများဆုံးဖြစ်ပါတယ်လို့  ဒေါ်အိဖြူအောင်က ပြောပါတယ်။

မေတ္တာဖောင်ဒေးရှင်းက ဒုက္ခသည်စခန်း ၄၁ မှာ ၂ဝ၁၄၊ ဧပြီကနေ ၂ဝ၁၅၊ မတ်လအထိ ၁၅ လကြာကာလအတွင်းအမျိုးသမီးတွေ အကြမ်းဖက်နှိပ်စက်ခံရမှုပေါင်း ၅၈၃ ခုစာရင်းရရှိထားပါတယ်။
အဲဒီတော့ ဒီစစ်ရှောင် ဒုက္ခသည်တွေဟာ ရွေးကောက်ပွဲရလဒ်အပေါ် စိတ်တွေလှုပ်ရှားနေ တာဟာ အရမ်းအံ့သြစရာတော့ မဟုတ်ပါဘူး။ 

လေ့လာစောင့်ကြည့်သူတွေကတော့ တိုင်းရင်းသားပြည်နယ် ဒေသတွေမှာ NLD ပါတီအကြီးအကျယ် အနိုင်ရသွားတာကိုအံ့အားသင့်သွားကြပါတယ်။ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်အတွက် ကချင်ပြည်နယ် မဲဆန္ဒနယ် ၃ဝ မှာ ၂၂ နေရာ အတွက် NLD  အနိုင်ရခဲ့သလို ပြည်နယ်လွှတ်တော်မှာလည်းနေရာထက်ဝက်ကျော် နိုင်တာကြောင့် ဗဟိုအဆင့်နဲ့ ပြည်နယ်အဆင့်တွေမှာအခိုင်အမာထောက်ခံမှုရရှိခဲ့တာပါ။

“မျှော်လင့်တာကအစိုးရအသစ်ကိုမျှော်လင့်နေတာပေါ့။ စစ်ပြေးတွေရော၊ အားလုံးရော၊ လူမျိုး ဘာသာ မခွဲခြားဘဲ အကုန်လုံးကို ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် တည်ထောင်ပေးမယ် လို့မျှော် လင့်တယ်” လို့ ဒေါ်ရွယ်ဂျာရဲ့  ဇာတိရွာမှ အသက် ၄ဝ အရွယ် ဒေါ်ဂါးခွန်ရာက ပြောပါတယ်။

ထိခိုက်သွားတဲ့ ဘဝတွေ

တိုက်ပွဲတွေ ပြန်လည်စဖြစ်ပြီးတဲ့နောက်ပိုင်း ဒုက္ခသည်စခန်းများဟာ နေရာအခက်အခဲ ဖြစ်လာသလို မိုးတွင်းမှာ ရေကြီးမှုကိုလည်း ကြုံတွေ့ရပါတယ်။ နွေရာသီမှာတော့ မခံမရပ်နိုင်လောက် အောင် ပူပါတယ်။ သူတို့အတွက် အကူအညီ အထောက်အပံ့တွေ ရရှိမှု နည်းလာသလို အနာဂတ် ဟာလည်း မသေချာပါဘူး။ ဒီဒုက္ခသည်တွေကို ကူညီဖို့ ဒေါ်လာသန်း ၄ဝ လိုအပ်နေတဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ကလည်း အစားအစာ မပေးတော့ဘဲ ငွေစတင်ပေးနေပါပြီ။ အစိုးရရဲ့ ထိန်းချုပ်မှုအပြင်ဘက်မှာ ရောက်နေတဲ့ ဒုက္ခသည်စခန်းတွေဟာ ဝေးလံခေါင်ဖျားတဲ့ အရပ်မှာ ရှိနေပြီး အကူအညီရရှိမှုလည်း နည်းနေတာကြောင့် အခြေအနေတွေက ပိုမို ဆိုရွားနေတာပါ။ အခြေအနေတွေ သည့်ထက်ပိုဆိုးလာမှာကိုလည်း စိုးရိမ်နေကြပါပြီ။

“ဒီမှာကတော့ ဝင်ငွေမရှိဘူး၊ ထွက်ငွေပဲရှိတယ်” လို့ အသက် ၄ဝ အရွယ် လတောင်ခွန်ရာက ပြောပါတယ်။ “ကျွန်မမှာ ကလေး ၈ ယောက်ရှိတယ်။ ကျွန်မယောက်ျားက မနှစ်က ဆီးချိုဖြစ် လို့…အလုပ်ကြမ်းလည်း မလုပ်နိုင်ဘူး။ ဒီနေ့တော့ နေ့စားလုပ်ဖို့ဆိုပြီး သူငယ်ချင်းတွေနဲ့ ထွက်သွား လေရဲ့” လို့ ဆိုပါတယ်။ အလုပ်လုပ်ဖို့  သူတို့ ဝန်မလေးပေမယ့် အလုပ်အကိုင် အလွန်ရှားပါးတယ်လို့ စစ်ဘေးရှောင် ဒုက္ခသည်တွေက ဆိုပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ် သွားလုပ်မယ် ဆိုရင် အများဆုံးအနေနဲ့ အမျိုးသမီးတစ်ဦးကိုတစ်နေ့ ကျပ်သုံးထောင်၊  အမျိုးသားဆိုရင် တစ်ဦးကို ခြောက်ထောင်လောက် ရတတ်တယ်။ အဲဒီလောက် မရတာလည်းရှိကြတယ်လို့ ဆိုပါတယ်။

“အလုပ်ရှင်တွေက နှိမ်ကြတယ်။ 'နင်တို့က အကူအညီရနေတာ။ ၂,ဝဝဝ ပဲပေးလည်း ရတယ်' လို့ပြောတယ်။ ကျွန်မတို့က ချေးများလို့ မရဘူး”လို့ ဒေါ်ဂါးခွန်ရာက ပြောပါတယ်။ အနည်းငယ်ပိုကြီး တဲ့ ဇီအွန်စခန်းမှာတော့ ဒုက္ခသည် ၇၁ဝ လောက်ကို ကချင်နှစ်ခြင်း အဖွဲ့က အဓိက ကူညီထောက်ပံ့ ထားပါတယ်။  အမျိုးသမီးတွေက ကချင်ရိုးရာ ခေါင်းပေါင်းလေးတွေကို ချုပ်ပြီး ကလေးတွေကို ထိန်းရင်း ဝင်ငွေရှာပါတယ်။ ခေါင်းပေါင်းတစ်ခုကျပ် ၁ဝဝ ရဖို့အတွက် မိနစ် ၄ဝ ကနေ ၅ဝ အထိ ကြာမြင့်တတ်ပါတယ်။

လူငယ်တွေကတော့ ကျောင်းကထွက်ပြီး ဝင်ငွေရမယ့် အလုပ်ကို ရှာလုပ်နေကြပါတယ်။ အသက် ၂ဝ အရွယ် ဇော်ဖန်းကတော့ သူ့အနေနဲ့ အထက်တန်းပြီးအောင် ကျောင်းဆက်တက်ချင် တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်ကဆယ်တန်းစာမေးပွဲ ကျပြီးတဲ့နောက်မှာ ပညာရေးကို စွန့်ခွာပြီး အခြားတစ်မြို့မှာ လယ်အငှား သွားလုပ်နေပါတယ်။ သူလည်းပဲ ရွေးကောက်ပွဲတုန်းက မဲမပေးခဲ့ပါဘူး။
“နိုင်ငံရေး စိတ်မဝင်စားတာလဲ ပါတယ်၊ အလုပ်မအားလို့ မလာဖြစ်တာလည်း ပါတယ်။ ဒါပေ မယ့် အပြောင်းအလဲကိုတော့ မျှော်လင့်နေပါတယ်။  ဘာဖြစ်မလဲတော့ မှန်းလို့မရဘူး”လို့ ဆိုတယ်။

ဖျောက်ဖျက်ဖို့ မလွယ်တဲ့ ဒဏ်ရာတွေ

မျှော်လင့်ချက်တွေ အရမ်းမကြီးဖို့ အကူအညီပေးရေး ဝန်ထမ်းတွေက သတိပေးထားပါတယ်။ “အစိုးရအသစ် တက်ရင်လည်း ဒီတစ်နှစ်၊ နှစ်နှစ်အတွင်း အရမ်းကြီး ပြောင်းသွားမယ် မထင်ဘူး။ နိုင်ငံရေးအခြေအနေ ကောင်းသွားလို့ ပြန်လို့ရပြီဆိုရင်တောင် အရင်ကအတိုင်း လုပ်ကိုင်စားသောက် နိုင်ဖို့အတွက် အကူအညီကတော့ ကျွန်မတို့ လုပ်ပေးနေရဦးမှာပဲ”လို့ မေတ္တာဖောင်ဒေးရှင်း ကဒေါ်အိဖြူအောင်က ပြောပါတယ်။

အိမ်ဆိုင်လေးတစ်ဆိုင် ဖွင့်ခဲ့ဖူးတဲ့ ကလေးလေးယောက်အမေ အသက် ၃၉ နှစ်အရွယ် ဒေါ်လုဆန်ကတော့ ထွက်ပြေးလာပြီးလအနည်းအကြာမှာ မြစ်ကြီးနားမြို့ရဲ့ တစ်ဘက်ကမ်းမှာရှိတဲ့ သူတို့အိမ်ကိုဒုက္ခသည်စခန်းကနေခဏပြန်သွားဖို့အတွက် ထောက်ခံချက်တွေ၊ ခွင့်ပြုချက်တွေ အများကြီးယူပြီး ကြိုးပန်းခဲ့သေးတယ်လို့ ဆိုပါတယ်။ သူကရွာမှာဆိုင်ကိုရော၊ တင်းပေါင်းရာနဲ့ချီ ကျန်ခဲ့တဲ့ စပါးတွေကိုရောစွန့်ခွာပြီးထွက်ပြေးခဲ့ရသူပါ။

“ဘာမှမကျန်ဘူး။ စပါးတွေလည်းအကုန်ကုန်။ ပစ္စည်းအကောင်းတွေဆိုအကုန်ယူသွားကြတာ။ နောက်မှကြားတာကစစ်တပ်ကယူသွားတယ်လို့ ပြောကြတယ်” လို့ သူက အသံတွေတုန်လာရင်း ပြောပြပါ တယ်။ သူတို့ရဲ့ စိတ်ဒဏ်ရာတွေကိုလည်းပျောက်ကင်းအောင် ကုသဖို့ လိုနေပါတယ်။ သူငယ် ချင်းတွေနဲ့ မိသားစုတွေ ဆုံးရှုံးခဲ့ရသလိုအားလုံးနီးပါးမှာလက်ဗလာဖြစ်နေပါပြီ။ သူတို့ ရွာအနီးနားနဲ့ တစ်ရွာတည်းနေတဲ့သူတွေ နှိပ်စက်ခံရတာ၊ ဒုက္ခိတဖြစ်သွားတာ၊ အသတ်ခံရတာတွေကို ကြားသိနေ ရပါတယ်။ အများစုကအစိုးရစစ်တပ်ကြောင့် ဖြစ်ပွားရတာဆိုတဲ့ သတင်းတွေကြောင့်လည်း အစိုးရတပ် တွေ အပေါ်မှာ ရွံကြောက်ကြီးဖြစ်နေသလို အခြားတိုင်းရင်းသားတွေလည်း စုပေါင်းနေထိုင်တဲ့ ဒီရွာ တွေမှာ အချင်းချင်းယုံကြည်မှုတွေ ပျောက်ဆုံးနေပါပြီ။

အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ ဦးကွမ်ဘောလကတော့ ၁၉၆ဝ ပြည့်နှစ် ဝန်းကျင် စစ်အစိုးရက တိုင်းရင်းသားတွေအပေါ်မှာဒီလိုနှိုပ်စက်ခဲ့တာတွေကို ကြားခဲ့တယ်လို့ ဆိုပါတယ်။  ရှမ်း၊ ကချင်၊ ဗမာတိုင်းရင်းသားတွေနေထိုင်တဲ့ သူတို့ရွာမှာတိုက်ပွဲတွေမဖြစ်ခင်က ပြည်သူတွေဟာတစ်ဦးနဲ့ တစ်ဦး ချစ်ချစ်ခင်ခင် နေထိုင်သလို ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတို့ဟာ လည်း လမ်းကလေးသာခြားပြီး ရင်းရင်းနှီးနှီး ရှိကြတယ်လို့ ဆိုပါတယ်။

အခုအခါမှာတော့ ရွာအများအပြားမှာ KIA ရဲ့ အန္တရာယ်ကကာကွယ်ဖို့ ရှမ်းနဲ့ ဗမာတိုင်းရင်း သားတွေဟာ အစိုးရပေးထားတဲ့ လက်နက်တွေရရှိပြီး ပြည်သူ့စစ်တွေ ဖြစ်နေပါပြီလို့ စစ်ဘေးရှောင် ဒုက္ခသည်များက ပြောပါတယ်။ ဒေါ်လုဆန်ကတော့ NLD နဲ့ ယခုနေပြည်တော်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်နေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို မေတ္တာရပ်ခံပေးပါလို့ ပြောလိုက်ပါတယ်။

“၇ နှစ်ဆိုတော့ ရွာတွေလည်းပျက်ကုန်ပြီ။ ကလေးတွေရှေ့ရေးလည်းမကောင်းဘူး။ စစ်ရှောင် တွေလည်း အရမ်းဒုက္ခရောက်တယ်။ ချထားတဲ့ စစ်တပ်တွေလည်း အမြန်သိမ်းပေးပါ။ နောက်ပြီးပြန် လည်နေရာ ချထားရေး၊ မိုင်းရှင်းပေးရေးတွေလည်း လုပ်ပေးပါ။ ကျွန်မတို့က အရမ်းပြန်ချင်ပြီ”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags