အယ်လ်နီညို အလွန်အားကောင်း နေဦးမယ် (လာမယ့် ရက်သတ္တပတ်အတွက် ခန့်မှန်းချက်)

15 January 2016
အယ်လ်နီညို အလွန်အားကောင်း နေဦးမယ် (လာမယ့် ရက်သတ္တပတ်အတွက် ခန့်မှန်းချက်)

“ကမ္ဘာကြီး ပူနွေးလာတာနဲ့ ရာသီဥတုတွေ ဖေါက်ပြန်နေတာ အားလုံးသိကြပါတယ်၊ ဒါဆိုရင် ရာသီဥတုဒဏ်က ကာကွယ်နိုင်ဖို့ သိသင့်တာတွေ လိုလာပါပြီ။ တောင်သူလယ်သမားများ အပါအဝင် ကျနော်တို့ အားလုံးအတွက် မိုးလေဝသ ပညာရှင် ဦးထွန်းလွင်ရဲ့ “အားလုံးအတွက် မိုးလေဝသ ခန့်မှန်းချက်” အစီအစဉ်ကို အပတ်စဉ် သောကြာနေ့တိုင်း မဇ္ဈိမက တင်ဆက် ပေးသွားပါမယ်။

အခုအစီအစဉ်ဟာ ဒီတစ်ပတ် သောကြာနေ့ကစပြီး နောက်တစ်ပတ် သောကြာနေ့အထိ ခန့်မှန်းချက်ဖြစ်ပါတယ်။ ထူးခြားမှုအဖြစ် “အယ်လ်နီညိုဟာ အလွန်အားကောင်း” နေဦးမယ်လို့ ဦးထွန်းလွင်က ဆိုပါတယ်။

လာမယ်ရက်သတ္တပတ်အတွက် မိုးလေဝသ ခန့်မှန်းချက်။

လာမယ့်ပါတ်မှာလည်း အကြမ်းအားဖြင့် ဆက်လက်ပြီး ညအပူချိန်များ အအေးချိန် တိုးပြီးတော့ အအေးပိုဖို့ အလားလာ ရှိနေပါတယ်။ ထူးခြားတာကတော့ မြန်မာပြည် တစ်ပြည်လုံးပေါ်မှာ   နေရောင်ခြည် ရောက်ရှိမှု ပိုမိုများပြားလာပြီး မိုးတိမ်တွေ မိုးရွာသွန်းမှုတွေ လျော့နည်း သွားတဲ့ အတွက် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ   မြင့်တက်လာခြင်းပဲ ဖြစ်ပါတယ်။   မြန်မာနိုင်ငံရဲ့   မြောက်ပိုင်း အစွန်းဖြစ်တဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းတွေမှာ ခရမ်းလွန်ရောင်ခြည် အညွှန်ကိန်းဟာ Hight  လို့ခေါ်တဲ့ မြင့်မားတဲ့ အဆင့်ကို ရောက်ရှိနေပြီးတော့ ကျန်ဒေသ အားလုံးကတော့ Very  Hight  ဆိုတဲ့ အဆင့်မှာ ရှိပါတယ်။ ဒါဟာလည်း ပြီးခဲ့တဲ့ တစ်ပါတ်နှင့် နှိုင်းစာရင် ခရမ်းလွန်ရောင်ခြည်း အညွှန်းကိန်းများဟာ တစ်ဆင့် ပြန်လည် လျော့ကျတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ထူးခြားချက်။

ထူးခြားမှုတော့ ပြီးခဲ့တဲ့ တစ်ပါတ်အတွင်း တိတိကျကျ တင်ပြရမယ် ဆိုရင်တော့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနား မြို့မှာ နေရာကွက်ပြီး မိုးရွာခဲ့ရာမှာ မိုးသီးများ ကြွေကျခဲ့ခြင်း   ဖြစ်ပါတယ်။ ဒီလို မိုးသီးများ ကြွေကျမှုဟာ ဒီလိုဆောင်းရာသီ ကာလမျိုးမှာ ယေဘုယျအားဖြင့် တွေ့ရခဲတဲ့ ဖြစ်စဉ်တစ်ခုလို့တော့ ပြောနိုင်ပါတယ်။ သို့သော်ငြားလည်းပဲ အခုရက်ပိုင်း အတွင်း ကချင်ပြည်နယ် မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတွေမှာ နေ့အပူချိန်တွေဟာ ပုံမှန် အပူချိန်များရဲ့ အထက် အနည်းဆုံး ၅ ဒီဂရီ မှ ၁၀ ဒီဂရီ စင်တီဂရိတ်လောက်ထိ ပိုမိုမြင့်တက်နေတဲ့အတွက် ပူပြင်းတဲ့ သဘာဝ ရှိနေပါတယ်။ အဲဒီပူပြင်းမှုကို အကြောင်းပြုပြီး တရုတ်ပြည်မကြီးဘက်က တိုးဝင်လာတဲ့ အရှေ့မြောက် လေအေးများနှင့် မတူညီတဲ့ လေထုနှစ်ခု ထိစပ်တဲ့ အခါမှာ လေထု မတည်မငြိမ် ဖြစ်ရာက မိုးတိမ်တောင်များ ဖြစ်ပြီးတော့  မိုးသီးများ ကြွေကျရခြင်း ဖြစ်တယ်လို့ ကောက်ချက်ချ ပြောနိုင်ပါတယ်။

အပူချိန်အခြေအနေ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံရဲ့ အပူချိန်တွေကို လေ့လာကြည့်တဲ့ အခါမှာ မြစ်ဝကျွန်းပေါ် ဒေသမှာ အပူချိန်တွေဟာ ပုံမှန်ရဲ့ အထက် ၃ ဒီဂရီ မှ ၅ ဒီဂရီ စင်တီဂရိတ်အထိ   ကျော်လွန်နေခဲ့ပါတယ်။  ကျန်တပြည်လုံးမှာတော့ ပုံမှန်ရဲ့ အထက် ၁ ဒီဂရီ မှ ၂ ဒီဂရီ စင်တီဂရိတ်လောက်ထိ ကျော်လွန်နေတာ တွေ့ရပါတယ်။

မိုးရွာသွန်းမှု အခြေအနေ။

မိုးရွာသွန်းမှု အနေနဲ့တော့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ဒေသကနေပြီးတော့ အရှေ့တောင်ဘက် အရပ်ဆီကို မိုးနည်းတဲ့ ဒေသတစ်ခုဟာ တိုးဝင်နေရာမှ အဓိကအားဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတစ်ခု ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှာ မိုးရွာသွန်းမှုဟာ ရွာသွန်းမြဲအောက် သိသိသာသာ လျော့နည်း နေခဲ့တာကို တွေ့ရပါတယ်။ ကျန်ဒေသတွေမှာတော့ မိုး အနည်းငယ်မှ မိုးအသင့်တင့် ရွာသွန်းခဲ့တာကို တွေ့ရပါတယ်။

အရေးကြီး သတိပေးချက်။

အရေးကြီးတဲ့ အချက်တစ်ခုအနေနဲ့ ထုတ်နုတ် တင်ပြလိုတာကတော့ အခု ၂၀၁၆ ခုနှစ် အတွင်းကို ရောက်ရှိလာခဲ့ရာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ နောက်ဆုံး တိုင်းတာခဲ့တဲ့ တိုင်းတာ ချက်များအရ ၂၀၁၆ ခုနှစ်မှာ အယ်လ်နီညို ရာသီဥတုဟာ ဆက်လက်ပြီးတော့ ဖြစ်ပေါ်နေတဲ့ အပြင် အားကောင်းနေသေးတယ်ဆိုတာကိုလည်း တွေ့မြင်နေရခြင်းပဲ ဖြစ်ပါတယ်။

အယ်လ်နီညိုရဲ့ အင်အားကို ပင်လယ်ပြင် မျက်နှာပြင် အပူချိန်မြင့်တက်မှုများနဲ့ ဖော်ပြတဲ့ နေရာမှာ ဇန်နဝါရီလ ၄ရက်နေ့က တိုင်းတာ ရရှိတဲ့ ပင်လယ်ပြင်မျက်နှာပြင် အပူချိန်တွေ  မြင့်တက်မှု ကို ပစိဖိတ်သမုဒ္ဒရာရဲ့ အရှေ့ဘက် အီကွေတာ ရပ်ဝန်းရင်ပြင်တွေမှာ ၂.၆ မှ ၂.၇ ထိ မြင့်တက်နေတဲ့ အတွက် လက်ရှိ အယ်လ်နီညိုဟာ အလွန်အားကောင်းတဲ့ အယ်လ်နီညို ဖြစ်နေဆဲဆိုတာ တွေ့ကြရပါတယ်။

ဇွန်လအထိ အယ်နီညို ဖြစ်နေမယ်။

 သင်္ချာပုံစံ ခန့်မှန်းချက်များအရ လက်ရှိ အယ်နီညိုဟာ ၂၀၁၆ ခုနှစ် ဇွန်လလောက်အထိ ဆက်လက်ရှိနေနိုင်တယ်လို့လဲ သချာၤပုံစံ ခန့်မှန်း ချက်များက ခန့်မှန်းဖော်ပြထားပါတယ်။ အယ်လ်နီညိုဟာ ပင်လယ်သမုဒ္ဒရာ ရေပြင်ပေါ်မှာ ဖြစ်တဲ့ သဘာဝ ဖြစ်တဲ့ အတွက် ဖြစ်စဉ်များဟာ များသောအားဖြင့် နှေးကွေးတဲ့ သဘောသဘာဝ ရှိပါတယ်။ သူရဲ့ အကျိုးဆက်အဖြစ် ရာသီဥတု ဖောက်ပြန်မှုများဟာ ဒီထက်ပို အချိန်ကြာနိုင်တဲ့ အတွက် ၂၀၁၆ ခုနှစ် ဇွန်လမှာ အယ်လ်နီညို ဖြစ်စဉ် ပြီးဆုံးသွားသည့်တိုင်အောင် သူရဲ့ အကျိုးဆက်အဖြစ် ရာသီဥတု ဖောက်ပြန်မှုတွေကိုတော့ ၂၀၁၆ ခုနှစ် ကုန်တဲ့ အထိ တွေ့ကြရလိမ့်မယ်လို့ ခန့်မှန်းရရှိထားပါတယ်။

လာမယ့် ရက်သတ္တပတ်အတွက် မိုးလေဝသ ခန့်မှန်းချက်။

လာမည့် တစ်ပါတ်မှာ ဘင်္ဂလားပင်လယ်အော် တစ်ခုလုံးမှာ အရှေ့မြောက် ဆောင်းရာသီ လေများ အများအားဖြင့် လွှမ်းမိုး ထားမှာ ဖြစ်တဲ့ အတွက် လာမည့်တစ်ပါတ် ဘင်္ဂလားပင်လယ်အောင်မှာ မုန်တိုင်းဖြစ်ဖို့ အလားလာ မရှိဘူးလို့ပဲ ခန့်မှန်းထားပါတယ်။ ဘင်္ဂလားပင်လယ်အော်ရဲ့ အနောက်တောင်ပိုင်း ကပ္ပလီပင်လယ်ပြင်ရဲ့ တောင်ပိုင်းတို့မှာ တိမ်အနည်းငယ် ဖြစ်နိုင်ပြီးတော့ ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ အများအားဖြင့် တိမ်ကင်းစင်နိုင်ပါတယ်။ မြန်မာ့ ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာ ရှိပြီး လှိုင်းအမြင့်ကလည်း တစ်ပေမှ သုံးပေခန့်သာ ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းစွန်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ တောင်ပိုင်းစွန်း တနင်္သာရီတိုင်းတို့မှာ မိုးတိမ်တောင် အနည်းငယ် ဖြစ်နိုင်တာကလွဲရင် တစ်ပြည်လုံးမှာ မိုးတိမ်တောင်များ လျော့နည်းနိုင်ပါတယ်။

ညအပူချိန်ခန့်မှန်းချက်။

ညအပူချိန်များအနေနဲ့တော့ ချင်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ ညအပူချိန်များဟာ ၁၀ ဒီဂရီစင်တီဂရိတ် အောက်ရောက်အောင် ကျဆင်းပြီး အအေးပိုနိုင်ပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသများ ဖြစ်တဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ် အနောက်ဘက် ကမ်းရိုးတန်း၊ တနင်္သာရီတိုင်း အနောက်ဘက် ကမ်းရိုးတန်းမှာ ညအပူချိန်များဟာ ၂၀ ဒီဂရီ စင်တီဂရိတ်ခန့်ထိ ရှိနိုင်တဲ့ အတွက် အနည်းငယ် အအေးပေါ့နိုင်ပါတယ်။ ကျန်ဒေသတွေမှာတော့ ညအပူချိန်တွေဟာ ၁၀ မှ ၁၈ ဒီဂရီ စင်တီဂရိတ်ခန့် ထိ  ရှိနိုင်ပါတယ်။

မိုးရွာသွန်းမှု အခြေအနေ ခန့်မှန်းချက်။

မိုးရွာသွန်းမှု အနေနဲ့တော့ လာမည့် တစ်ပါတ်လုံးမှာ မြန်မာနိုင်ငံ မြောက်ပိုင်းစွန်း ဒေသဖြစ်တဲ့ ကချင်ပြည်နယ်မှာ နေရာကွက်ကြား တစ်ရက်မှ နှစ်ရက်ခန့် မိုးအနည်းငယ် ထက်ချုန်းရွာသွန်း နိုင်တာကလွဲရင် တစ်ပြည်လုံးမှာ အများအားဖြင့် မိုးရွာသွန်းမှု လွတ်ကင်းနိုင်ပါတယ်လို့ ခန့်မှန်းရရှိထားပါကြောင်း တင်ပြအပ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly