ဂျာမနီတစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို အိုဇေးလ်ရရှိ

ဂျာမနီတစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို အိုဇေးလ်ရရှိ

ဂျာမနီ၊ ဇန်နဝါရီ ၁၅ ။              ။ အာဆင်နယ်ကွင်းလယ် တိုက်စစ်ကစားသမား အိုဇေးလ်သည် ၂၀၁၅ ခုနှစ် ဂျာမနီတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့သည်။

ဂျာမန်ဘောလုံးပရိသတ်များက ပေးအပ်သည့် ထိုဆုကို အိုဇေးလ်သည် ၂၀၁၁၊ ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များက သုံးကြိမ်ဆက်တိုက်ရရှိခဲ့ပြီး ယခု ၂၀၁၅ တွင် လေးကြိမ်မြောက် ရရှိခြင်းဖြစ်သည်။ ရီးယဲလ်ကွင်းလယ်လူ တိုနီခရုစ်က ၂၀၁၄ ခုနှစ်က ရရှိခဲ့သည်။

အိုဇေးလ်ကို ဂျာမနီဘောလုံးပရိသတ်ပေါင်း ၅၁,၀၀၀ က မဲပေးခဲ့ကြခြင်းဖြစ်ပြီး ထိုပမာဏမှာ ရာခိုင်နှုန်းဖြင့်ဆိုလျှင် ၄၅ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်သည်။ အိုဇေးလ်၏နောက်တွင် ဘိုင်ယန်မြူးနစ် တိုက်စစ်ကစားသမား သောမတ်စ်မူလာက ၁၅ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ဒုတိယ ရရှိခဲ့သည်။

အိုဇေးလ်သည် ၂၀၁၅ ခုနှစ်အတွင်း အာဆင်နယ်အသင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့သလို ဂျာမနီအသင်း၏ ယူရိုခြေစစ်ပွဲအောင်မြင်ခဲ့ရာတွင်လည်း အဓိကနေရာမှ ပါဝင်ကစားပေးခဲ့သည့်အတွက် ယခုကဲ့သို့ မဲပေးရွေးချယ်ခံရခြင်း ဖြစ်သည်။

ဂျာမနီအသင်းနှင့်အတူ ကမ္ဘာ့ဖလားကြီးကို ရယူနိုင်ခဲ့သည့် အိုဇေးလ်သည် ယခုနှစ်ရာသီတွင်လည်း အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြလျက်ရှိပြီး သီယာရီအွန်နရီ၏ ဂိုးဖန်တီးမှုစံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်သည်။

ဂျာမနီတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်ကစားသမား ၁၃ ဦးထဲမှ ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး ကိုလုံးကစားသမား ဂျိုနက်စ်ဟက်တာက ၁၃ ဒသမ ၆ ရာခိုင်နှုန်းဖြင့် တတိယရခဲ့သည်။ မန်ယူကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါမှာ ထိုဆုကို ၂၀၁၀ ခုနှစ်က ရရှိခဲ့သည်။

Ref: Sky Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly