ဒေသဆိုင်ရာ ဧည့်လမ်းညွန်သင်တန်း ရွှေဘိုတွင် ပထမဆုံးအကြိမ်ဖွင့်လှစ်

ဒေသဆိုင်ရာ ဧည့်လမ်းညွန်သင်တန်း ရွှေဘိုတွင် ပထမဆုံးအကြိမ်ဖွင့်လှစ်

ရန်ကုန် ၊ ဇန်နဝါရီ ၁၄ ။           ။ တိုးတက်လာသောခရီးသည်ဝင်ရောက်မှုနှင့် အတူ အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုများပေး နိုင်ရန် အတွက် ရွှေဘိုမြို့၊ စည်ပင်ခန်းမတွင် ဒေသဆိုင်ရာ ဧည့်လမ်းညွန် အခြေခံသင်တန်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ သိရသည်။
 
ဟိုတယ်ခရီး နေပြည်တော် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန ညွန်ကြားရေးမှူး ဒေါ်လဲ့လဲ့က ဟိုတယ်ခရီးက ဦးဆောင်ဖွင့်ပေးခြင်းမှာ ရွှေဘိုခရိုင်မှ ဒေသခံဧည့်လမ်းညွှန် လူငယ်များအတွက် အလုပ်အကိုင်ပွင့်လမ်းလာစေရန်ရည်ရွယ်သည်ဟုဆိုသည်။
''ဒေသဧည့်လမ်းညွန်ဆိုတော့ လိုင်စင်တော့ပေးတယ်၊ မြန်မာတစ်ပြည်လုံးတော့လိုက်လို့မရဘူး၊ ရွှေဘိုဆိုတော့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတဝိုက် တိုးလိုက်လို့ ရတာပေါ့။'' ဟု၎င်းက မဇ္ဈိမသို့ ပြောသည်။
ရွှေဘိုခရိုင်အတွင်းဒေသဆိုင်ရာ ဧည့်လမ်းညွှန်(အခြေခံ)သင်တန်းကို ၂၀၁၅ခုနှစ် ဒီဇင်ဘာ၂၁ ရက်နေ့မှ ဇန်နဝါရီ ၁၅ရက်နေ့အထိ ဖွင့်လှစ်မည်ဟု ဟိုတယ်ခရီး ရွှေဘိုခရိုင်တာဝန်ခံ ညွန်ကြားရေးမှူး ဦးကြည်မြင့်က ပြောသည်။
 
''ဒေသခံ ဧည့်လမ်းညွန် သင်တန်းသား (၁၁၀) ဦး တက်ရောက်ပါတယ်။ ရှေးဟောင်းသုတေသန ဆိုင်ရာ ပျု၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ဟန်လင်း ယဉ်ကျေးမှု၊ ကျောက်စာ၊ အရှေ့တိုင်းပညာ၊ သမိုင်း၊ လ.ဝ.က ပိုင်းဆိုင်ရာတွေကို တိုးဂိုက်ဧည်လမ်းညွန်လုပ်သက် ၂၅ နှစ်၊ ၃၀ နှစ်ရှိတဲ့ ဝါရင့်ဆရာတွေက လာသင် ပေးတာပါ။ ဒီဒေသမှာ ပြီးခဲ့နှစ်က တစ်ရက်ကို နိုင်ငံခြားသား နှစ်ဦး၊ သုံးဦးကနေ ဒီနှစ်ပိုင်း နှစ်ဆယ်၊ သုံးဆယ်ဦးလောက် လာရောက်လေ့လာကြလို့လုပ်ရတာပါ။'' ဟု ၎င်းကဆိုသည်။

ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ) သင်တန်းကို မြစ်ကြီးနားမြို့တွင် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ အတွင်း၌ လည်းကောင်း၊ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုရက်တိုသင်တန်းများကို ခရီးစဉ် ဒေသများတွင် လည်းကောင်း ဆက်လက်ဖွင့်လှစ်ဆောင်ရွက်နိုင်ရန် ဟိုတယ်ခရီးဝန်ကြီးဌာနက စီစဉ်လျက် ရှိသည်။

၂၀၁၁ခုနှစ်မှ စတင်၍ လက်ရှိ အချိန်အထိ ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ) သင်တန်း အမှတ်စဉ် (၁၈) ခု သင်တန်းသား စုစုပေါင်း(၁၉၆၇) ဦးနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ် (၂၇) ခု သင်တန်းသား စုစုပေါင်း (၄၀၆၀) ဦးကို ဟိုတယ်ခရီးဝန်ကြီးဌာနက ပို့ချပေးနိုင်ခဲ့သည်။

ထို့အပြင် လုပ်ငန်းခွင်မပျက် ဟိုတယ်ဝန်ဆောင်မှုကာလတိုသင်တန်းများမှ ဝန်ထမ်းပေါင်း (၄၇၈၁)ဦး ပို့ချပေးနိုင်ခဲ့သည်၊၊

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly