ဇန်နဝါရီလ ၁၀ ရက်နေ့က ကွယ်လွန်သွားခဲ့သည့် ကမ္ဘာကျော် အဆိုတော် David Bowie မှာ ဂျပန် ရိုးရာစတိုင်ကို နှစ်သက်သူ တစ်ဦးဖြစ်ပြီး သူ၏ ဖျော်ဖြေပွဲများတွင် ဂျပန် ရိုးရာယဉ်ကျေးမှှု ဖက်ရှင်များကို အသုံးပြုခဲ့သူ ဖြစ်သည်။
“သူဟာ သူ့အနုပညာကို ဂီတနဲ့ရော ဖက်ရှင်နဲ့ပါ ဘယ်လို ထုတ်ဖော်ပြသရမလဲ ဆိုတာကို သိတဲ့သူ တစ်ယောက် ဖြစ်ပါတယ်” ဟု ဂျပန်လူမျိုး ဖက်ရှင်ဒီဇိုင်းပညာရှင် Kansai Yamamoto က ဘီဘီစီကို ပြောခဲ့သည်။
“ဒီနေ့ခေတ်မှာ အဲဒီလိုလူတွေ သိပ်မရှားတော့ဘူး ဆိုပေမဲ့ အဲဒီလို ဂီတနဲ့ရော ဖက်ရှင်နဲ့ပါ တင်ဆက်ပြသခြင်းကို ရှေ့ဆောင်ခဲ့တဲ့ သူတွေထဲမှာ သူလည်း ပါပါတယ်” ဟု Yamamoto က ဆိုသည်။
အဆိုတော် Bowie ၏ ထင်ရှားလှသော စင်မြင့်ဖျော်ဖြေပွဲ ဝတ်စုံအများစုကို မစ္စတာ Yamamoto က ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။ သူသည် Bowie နှင့် ၁၉၇၀ ပြည့်လွန်နှစ်များတွင် စတင် သိကျွမ်းခဲ့ခြင်းဖြစ်ပြီး ထိုကာလမှာ အဆိုတော် Bowie ဂျပန်သို့ မကြာခဏ လာရောက် လည်ပတ်နေ သော ကာလဖြစ်သည်။
“ဝတ်စုံတစ်ခုခုကို ခင်ဗျား ဝတ်ဆင်လိုက်တဲ့ အခါမှာ တကယ်ကို ကြည့်ကောင်းတယ်ဆိုရင် ခင်ဗျားဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှှု ရှိလာမှာပါ။ ကျွန်တော့်ရဲ့ ဒီဇိုင်းတွေနဲ့ ဝတ်စုံတွေဟာ သူ့အပေါ် အကျိုးသက်ရောက်မှှု ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု Yamamoto က ဆိုခဲ့သည်။