သမ္မတစေလွှတ်သည့် ကိုယ်စားလှယ်အဖွဲ့ ဝင်း နှင့် ဇော်ကို သွားတွေ့ခွင့်ရခဲ့

သမ္မတစေလွှတ်သည့် ကိုယ်စားလှယ်အဖွဲ့ ဝင်း နှင့် ဇော်ကို သွားတွေ့ခွင့်ရခဲ့
သမ္မတစေလွှတ်သည့် မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့ (ဓာတ်ပုံ- Htoo Chit facebook)

ချင်းမိုင်၊ ဇန်နဝါရီ ၁၃ ။               ။ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း(ကော့သောင်း)တွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုဖြင့် သေဒဏ်ချမှတ်ခံရသော မြန်မာနိုင်ငံသား နှစ်ဦးအား နခွန်စီထာမရပ် အကျဉ်းထောင်တွင် သမ္မတဦးသိန်းစိန် စေလွှတ်သည့် အထူးကိုယ်စားလှယ်အဖွဲ့က သွားရောက် တွေ့ဆုံခွင့်ရခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ ၁၃ ရက် မွန်းလွဲ ၂ နာရီကျော်မှ ညနေ ၄ နာရီထိ သေဒဏ်ချမှတ်ခံရသော မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝေဖြိုး (ခေါ်) ကိုဝင်းဇော်ထွန်းတို့ အမှု အယူခံဝင်ရန် မြန်မာအစိုးရမှ   စေလွှတ်လိုက်သော အထူးကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အထူးစုံစမ်းရေးအထူးအဖွဲ့တို့ သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“အဓိကတော့ နိုင်ငံတော်လူကြီးတွေ ပြုစုစောင့်ရှောက်မှုအောက်မှာ ကလေးတွေ ကျန်းမာရေး ကောင်းမကောင်း၊ နေရေးထိုင်ရေးတွေ ပြောဆိုပါတယ်။ သူ့နိုင်ငံမှာ နေတဲ့အချိန်မှာ သူ့ရဲ့ စည်းမျဉ်းလေးနဲ့နေပါ  ဆိုတာတွေ အားပေးစကားပြောပါတယ်။ အယူခံ ဆောင်ရွက်တဲ့နေရာမှာ ဥပဒေအရ ဆောင်ရွက်ပေးမယ်ဆိုတာလေး ပြောသွားပါတယ်”ဟု မြန်မာသံရုံး အထူး စုံစမ်းရေးကော်မတီမှ ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္ဈိမကို ပြောသည်။

“ကျနော်တို့အမြင်ပြောရရင် ကော့စမွီထောင်ထက်ကို သန့်သန့်ပြန့်ပြန့်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဝတ်အစားနဲ့ သူတို့မျက်နှာ ကြည့်ရတာလေ။ စားရေးသောက်ရေး၊ နေရေးထိုင်ရေး အဆင်ပြေကြပါတယ်တဲ့။ တော်တော်လေး ကောင်းပါတယ်”ဟု သူက ပြောသည်။

မြန်မာသံရုံးနှင့် အထူးကိုယ်စားလှယ်များက ထိုင်းဘတ်ငွေ ၅၀၀၀ ကို ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ပေးအပ်လှူဒါန်းခဲ့ပြီး တရားစာအုပ် တစ်အုပ်ဆီပေးအပ်ခဲ့သည်ဟု သူက ပြောသည်။

သူတို့နှစ်ဦးအား သံ ခြေချင်းခတ်ထားဆဲ ဖြစ်သော်လည်း ထောင်စည်းကမ်းနှင့်အညီ နေထိုင်ပါက ၃ လအတွင်း ဖြုတ်ပေးမည်ဟု ထောင်မှူးက ပြောဆိုခဲ့သည်ဟု သူက ဆိုသည်။

နိုင်ငံတော် အစိုးရမှ ပြုစုစောင့်ရှောက်နေကြောင်း အားမငယ်ကြရန်နှင့် အမှုကို အကောင်းဆုံး ဆောင်ရွက်ပေးမည်ဟု မြန်မာအစိုးရ အထူးကိုယ်စားလှယ်အဖွဲ့က ပြောဆိုခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ ၁၁ ရက်က ထိုင်းနိုင်ငံသို့ ရောက်ရှိလာသော ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဥပဒေပညာရှင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ ရဲမှူးကြီး စိုးနိုင်ဦးနှင့် မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ အယူခံမှုဆိုင်ရာ ကျွမ်းကျင်သူ ဦးဖေခင်တို့ သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အထူးကိုယ်စားလှယ်အဖွဲ့သည် ထိုင်းရှေ့နေများကောင်စီနှင့် ပူးပေါင်း၍ အမူ အယူခံကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး အမှုတွဲမှ မျိုးရိုးဗီဇ (DNA)သည် အယူခံအတွက် အကောင်းဆုံးဖြစ်သည်ဟု ဆွေးနွေးသုံးသပ်ထားသည်ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်က သူတို့ နှစ်ဦးကို သေဒဏ် ချမှတ်ခဲ့ပြီးနောက် အယူခံ ဝင်ရန်အတွက် အမိန့်ချမှတ်ပြီး တစ်လအတွင်း လျှောက်ထားရမည် ဖြစ်သော်လည်း လိုအပ်ပါက ရက်ထပ်တိုး တောင်းဆိုသွားမည် ဖြစ်ကြောင်း၊ လက်ရှိ အမှုနှင့်ပတ်သက်၍ သက်သေထွက်ဆိုနိုင်မည့် လူ ၈ ဦးအား စာရင်းရရှိထားပြီ ဖြစ်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံသား ဟန်နာနှင့် ဒေးဗစ်မီလာတို့ နှစ်ဦး လိပ်ကျွန်းတွင် အသတ်ခံရမှုတွင် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား သေဒဏ်ချမှတ်ခဲ့သဖြင့် ထိုင်းနိုင်ငံအပေါ် မြန်မာနိုင်ငံနှင့်   နိုင်ငံတကာ၏   ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

အလားတူ ဗြိတိန်သူ ဟန်နာ၏ အစ်မ လောရာယစ်သာရိုက်ကလည်း ထိုင်းအာဏာပိုင်များ၏ ကြောက်ဖွယ်ကောင်းသော ၎င်းတို့ မိသားစုအပေါ် ဆက်ဆံပုံများအား လူသိရှင်ကြား သူမ “ဖေ့ဘုတ်စာမျက်နှာတွင် ဖွင့်ချထားသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required