ရေနံသာအဆင့်မြင့်ကုန်ထုတ်သမအား ပုံစံ(၇)ချပေး၍ တောင်သူ ၅၀၀ကျော် ဆန္ဒဖော်ထုတ်မည်

ရေနံသာအဆင့်မြင့်ကုန်ထုတ်သမအား ပုံစံ(၇)ချပေး၍ တောင်သူ ၅၀၀ကျော် ဆန္ဒဖော်ထုတ်မည်

မန္တလေး၊ဇန်နဝါရီ ၁၃ ။             ။ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကျောက်စရစ်မြောက်ကျေးရွာ ကွင်းအမှတ်(၁၄၃၊၁၄၄)နှင့်ရေနံ့သာကွင်း အမှတ်(၁၄၉) အတွင်းရှိ လယ်မြေဧက ၆၀၀ ကျော်ကို ဓါးမဦးချပိုင်ဆိုင်သော ဒေသခံတောင်သူများနှင့်ရေနံ့သာအဆင့်မြင့် ကုန်ထုတ်သမဝါယမအသင်းတို့ ပိုင်ဆိုင်ခွင့်အငြင်းပွားဆဲကာလတွင် ပုံစံ(၇)ချပေး၍ တောင်သူ ၅၀၀ကျော်က ဇန်နဝါရီလ ၂၀ ရက်တွင် ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း ဦးဆောင်သူ ကိုရဲရင့်အောင် က မဇ္ဈိမ ကိုပြောသည်။

ရေနံ့သာအဆင့်မြင့် ကုန်ထုတ်သမဝါယမအသင်းသို့ ပုံစံ(၇) ချမပေးရန်အတွက် ကန့်ကွက်နေဆဲမှာပင် မတ္တရာမြို့နယ်မြေစာရင်းဦးစီး ဌာနမှ ဇန်နဝါရီလ ၈ ရက်က ပုံစံ(၇)ချထားပေးလိုက်သည်ကို မကျေနပ်သောကြောင့် ဆန္ဒပြခြင်းဖြစ်ကြောင်း ကိုရဲရင့်အောင်ကဆိုသည်။

အဆိုပါလယ်မြေများကို ၁၉၈၇ခုနှစ်က လျော်ကြေးမပေးဘဲ သိမ်းဆည်းထားည့် အတွက် ၂၀၁၄ခုနှစ် မတ်လ ၃ရက်နေ့မှ စတင်၍ထွန်းတုံးတိုက်ပွဲ ဝင်၍လယ်မြေများပြန်ရအောင် တိုက်ပွဲဝင်နေဆဲ   ဖြစ်ကြောင်း ၎င်းကဆိုသည်။

"မြေပြန်ရဖို့တိုက်ပွဲဝင်နေသလို၊ ပုံစံ(၇)ချမပေးဖို့ကိုလည်း ကန့်ကွက်နေတယ်။ အဲလိုကန့်ကွက်နေတဲ့ကြားက ပုံစံ(၇)ချပေးလိုက်တယ်။ ဘယ်နေ့ကချပေးထားတယ်ဆိုတာ မသိဘူး။ ကျွန်တော်တို့က ၈ ရက်နေ့ကမှသိတယ်။ ဒါကိုဖြေရှင်းပေးပို့  အုပ်ချုပ်ရေးမှူးနဲ့မြေစာရင်းကိုပြောတယ်။ ဘာမှလုပ်မပေးဘူး။ ဒါကြောင့် ဆန္ဒပြတာပဲ။ ဆန္ဒပြတာမှမထူးဆိုရင် သပိတ်စခန်းဖွင့်မယ် "ဟု ကိုရဲရင့်အောင် က ပြောသည်။

ဆန္ဒပြခွင့်ရရှိစေရန်အတွက် ဇန်နဝါရီလ ၁၃ ရက် မွန်းလွဲ ၃ နာရီက မတ္တရာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် စာတင်ခဲ့ပြီးဖြစ်သည်ဟု ကိုရဲရင့်အောင် က ဆိုသည်။

ဆန္ဒပြရာတွင် မတ္တရာ၊ကျောက်စရစ်မြောက်လယ်မြေ ဘယ်သူ့မြေလဲ(ငါတို့မြေ)၊တရားမဝင် ပုံစ(၇)ဖျက်သိမ်းပြစ်(ဖျက်သိမ်းပြစ်)၊ တရားဥပဒေမဲ့ပုံစံ(၇)ပြုလုပ်သူ(တို့ရန်သူ)၊ မတ္တရာမြေစာရင်းအား (အရေးယူပေး)၊ အတင်းအဓမ္မလယ်မြေသိမ်းယူသူ(ငါတို့ရန်သူ) ဟူ၍ မတ္တရာမြို့အတွင်းလှည့်လည်ကာ မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် မြို့နယ်မြေစာရင်းရုံးရှေ့တို့တွင်   ဟောပြောမှုများ   ပြုလုပ်သွား မည်ဖြစ်သည်။

မတ္တရာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့ညနေ ၄ နာရီတွင် တာဝန်မှူးကျသူရဲတပ်ဖွဲ့ဝင်တစ်ဦးက "စာတော့တင်သွားပြီ။ စည်းကမ်းနဲ့ညီမညီ၊ ခွင့်ပြုမိန့်ပေးမပေးမသိရသေးပါဘူး "ဟု မဇ္ဈိမ ကိုပြောသည်။

မြို့နယ်မြေစာရင်းဦးစီးဌာန၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရေနံ့သာအဆင့်မြင့် ကုန်ထုတ်သမဝါယမအသင်းတို့ကို ဆက်သွယ်မေးမြန်းမှုများပြုလုပ်သော်လည်း ဖြေဆိုရန်ငြင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required