အမတ် လုပ်လိုသူများအတွက် ရုပ်ရှင်အညွှန်း သမ္မတရုံး ညွှန်ကြားရေးမှူး ရေးပေး

အမတ် လုပ်လိုသူများအတွက် ရုပ်ရှင်အညွှန်း သမ္မတရုံး ညွှန်ကြားရေးမှူး ရေးပေး

နိုဝင်ဘာ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာမည့် လွှတ်တော်အမတ်များ လွှတ်တော်တက်ရန် ဖေဖေါ်ဝါရီ ၁ ရက်တွင် ခေါ်ယူထားသည်နှင့် တိုက်ဆိုင်စွာပင် လွှတ်တော်အမတ် လုပ်လိုသူများ House of Cards ရုပ်ရှင်ကား ကြည်သင့်သည်ဟု သမ္မတရုံး အကြီးတန်းအရာရှိ ဦးဇော်ဋ္ဌေးက သူ၏ ရုပ်ရှင်အညွှန်းရေးသား ဖေါ်ပြလိုက်သည်။

 “House of Cards ဆိုတာက ကွန်ဂရက်ထဲက ဝါရင့်ခေါင်းဆောင် တစ်ဦးအနေနဲ့ ဥပဒေတွေ ပြဌာန်းတဲ့အခါ ဘယ်လိုကြိုးပမ်းရတယ်၊ အုပ်ချုပ်ရေးနဲ့ ဘယ်လိုညိနှိုင်းရတယ်၊ အပေး၊ အယူတွေ ဘယ်လို လုပ်ရတယ်၊ လွှတ်တော်အမတ် အချင်းချင်း အပေါ်မှာလည်း ဘယ်လို ထိန်းချုပ်ရတယ်၊ အမတ်တွေနောက်က အကျိုးစီးပွားတွေ ဘယ်လိုရှိတယ်၊ လွှတ်တော်ထဲမှာ ထိပ်ပိုင်းနေရာ အဆင့်ဆင့်ကို ဘယ်လိုတက်လှမ်းရတယ်စတဲ့ ရှုပ်ထွေးလှတဲ့ ဥပဒေပြုရေးမဏ္ဍိုင် နောက်ကွယ်က နိုင်ငံရေး ကစားကွက်တွေကို စိတ်ဝင်စားဖွယ် ကောင်းအောင် ရိုက်ကူးထားတာ” ဟု ဦးဇော်ဋ္ဌေးက ဆိုသည်။

၂၀၁၅ ခုနှစ် ရွှေကမ္ဘာလုံးဆု စကာတင်စာရင်းတွင် ပါဝင်သည့် House of Cards ရုပ်သံ ဇာတ်လမ်းတွဲ အတွက် “House of Cards ကြည့်မှ လွှတ်တော် အမတ်တစ်ယောက်အတွက် ဘာတွေ သိထားသင့်တယ် ဆိုတာ နားလည်လာမယ်” ဟု ဦးဇော်ဋ္ဌေးက သူ၏ လူမှုကွန်ယက် အင်တာနက် စာမျက်နှာတွင် ရေးသားသည်။

House of Cards ရုပ်ရှင်စီးရီးနှင့် West Wing တို့ကို ဦးဇော်ဋ္ဌေက နှိုင်းယှဉ် ရေးသားထားပြီး လွှတ်တော်အမတ်များသည် အုပ်ချုပ်ရေး လုပ်ငန်းများကို အသားပေး ရိုက်ကူးထားသည့် West Wing တစ်ခုတည်းကြည့်ကာ အတုမယူသင့်ဟုလည်း သူက ဆိုသည်။

“ဘာဖြစ်လို့လဲ ဆိုတော့ အုပ်ချုပ်ရေးဘက်က လုပ်ငန်းတွေကို အသားပေး ရိုက်ကူးထားတဲ့ West Wing တစ်ခုတည်းပဲကြည့်ပြီး အမေရိကန် နိုင်ငံရေးစနစ်ကို လေ့လာမယ် ဆိုရင် လွှတ်တော် အမတ် လုပ်မယ့်သူက အုပ်ချုပ်ရေး လုပ်ငန်းဆောင်တာတွေကိုပဲ ကိုယ့်အလုပ်လို့ ထင်မှတ် သွားနိုင်ပါတယ်။ နိုင်ငံတကာမှာ ဒီလိုလုပ်တာပဲဆိုတဲ့ အမြင်မှားမှုတွေလည်း ဖြစ်သွား နိုင်ပါတယ်။ ဒါကြောင့် House of Cards ကိုလည်း ကြည့်ဖို့ တိုက်တွန်းရခြင်းပဲ ဖြစ်ပါတယ်” ဟုဆိုသည်။

House of Cards သည် Season ၁ မှ ၃ အထိရှိပြီး Season တစ်ခုအတွက် ဇာတ်လမ်းတွဲ ၁၃ ခုစီရှိသည်။ အဓိက သရုပ်ဆောင်များအဖြစ် Frank Underwood, Zoe Barnes, Doug Stamper, Claire Underwood တို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required