နောက်ဆက်တွဲငလျင်ငယ်များ ၃ ကြိမ် ထပ်လှုပ်ခတ်

နောက်ဆက်တွဲငလျင်ငယ်များ ၃ ကြိမ် ထပ်လှုပ်ခတ်
ဓာတ်ပုံ- မြန်မာနိုင်ငံမြေငလျင်ကော်မတီ

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ။           ။ Thai Meteorology Department (TMD) ၏ တွက်ချက်မှုအရ ရန်ကုန်မြို့၊ တောင်ဘက် လက်ခုတ်ကုန်းကမ်းခြေတဝိုက် ဗဟိုပြု၍  ဇန်နဝါရီ ၁၂ရက်နေ့ ည ၉ နာရီ ၃၀မိနစ် ခန့်တွင် ပမာဏ ၄.၈ ရှိ ငလျင်ငယ် လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်ငယ် ၃ကြိမ် ထပ်လှုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က မဇ္ဈိမသို့ ပြောသည်။

နောက်ဆက်တွဲငလျင်ငယ်များအဖြစ် ဇန်နဝါရီ ၁၂ရက်နေ့  ည ၉နာရီ ၄၇မိနစ် တွင် ပမာဏ ၄.၀ ၊ဇန်နဝါရီ ၁၃ရက်  နံနက် ၀၀နာရီ ၂၇မိနစ်တွင် ပမာဏ ၃.၆ နှင့် နံနက် ၁နာရီ ၄၁ မိနစ် တွင် ပမာဏ ၂.၈ စသည်ဖြင့် ၃ ကြိမ် ထပ်မံလှုပ်ခတ်ခဲ့သည်။

" စစ်ကိုင်းပြတ်ရွေ့ကြောင့် ဖြစ်တာဆိုရင် ပဲခူးမြို့နှင့်တဝိုက် သတိထားရမယ်။ တကယ်လို့ ဘင်္ဂလားပင်လယ်ပြင်ရှိ ငလျင်ဇုံတွေကြောင့် ဆိုရင်တော့ ပုံမှန်လှုပ်နေကျပဲ။ စိုးရိမ်စရာတော့ သိပ်မရှိဘူး။ သတိထားရမှာက  ဒီငလျင်ငယ်လေးတွေဟာ ငလျင်ကြီးများမလာမီလှုပ်တဲ့ ငလျင်အသေးလေးတွေ လှုပ်ခြင်း ဖြစ်၊ မဖြစ် စောင့်ကြည့်ဖို့ လိုအပ်တယ်။ ဘယ်ဟာပဲဖြစ်ဖြစ် ကျွန်တော်တို့က ငါးရက်၊ တစ်ပါတ် စောင့်ကြည့်နေရမယ်။ ဒါမှ နောက်ဆက်တွဲငလျင်လေးတွေလား၊ ဒါမှမဟုတ် ငလျင်ကြီးမလာခင် လှုပ်တဲ့ ငလျင်လေးတွေလားဆိုတာ ပြောလို့ရနိုင်မှာပါ " ဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က မဇ္ဈိမသို့ ပြောသည်။

ငလျင်ဗဟိုချက်အား ခန့်မှန်းရာတွင် မိုးလေဝသနဲ့ ဇလဗေဒဌာန၏ခန့်မှန်းမှုမှာ ရန်ကုန်မြို့၏ အရှေ့တောင်ဘက်ဟု ပြောထားသောကြောင့် စစ်ကိုင်းပြတ်ရွေ့ကြောင့်ဟု ယူဆနိုင်ကြောင်း၊ ထိုင်းအေဂျင်စီ၏ ခန့်မှန်းမှုသည် ရန်ကုန်၏တောင်ဘက်တည့်တည့်ဟု ဆိုထားသောကြောင့် ဘင်္ဂလားပင်လယ်ပြင်ရှိ ငလျင်ဇုံများ ကြောင့်ဖြစ်နိုင်မည်လား ဆိုသည်မှာ ဆက်လက်စောင့်ကြည့်နေရန် လိုအပ်ကြောင်း ၎င်းကပြောသည်။

ယခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင်လည်း အိန္ဒိယ-မြန်မာနယ်စပ်ရှိ အင်ဖာမြို့အနီးဗဟိုပြု၍ မြန်မာစံတော်ချိန် ၅ နာရီ ၃၅ မိနစ်ခန့်က ပြင်းအား ၆.၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ၂၀၁၆ တွင် ငလျင်လှုပ်ခတ်သည်မှာ ငါးကြိမ်ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly