လိပ်ကျွန်းအယူခံ မြန်မာအထူးကိုယ်စားလှယ် ထိုင်းနိုင်ငံရောက်ရှိနေ

လိပ်ကျွန်းအယူခံ မြန်မာအထူးကိုယ်စားလှယ် ထိုင်းနိုင်ငံရောက်ရှိနေ

ချင်းမိုင်(မဇ္ဈိမ)။           ။ ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုဖြင့် သေဒဏ်ချမှတ်ခံရသူ မြန်မာနိုင်ငံသား ဝင်းဇော်ထွန်း နှင့် ဇော်လင်းတို့ အမှုအယူခံ ဝင်ရန်အတွက် မြန်မာအစိုးရမှ စေလွတ်ခဲ့သော အထူးကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

သမ္မတ ဦးသိန်းစိန်၏ ညွန်ကြားချက်ဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဥပဒေပညာရှင် ဒုတိယ ညွန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မူခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ ရဲမှူးကြီး စိုးနိုင်ဦးနှင့် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီမှ အယူခံမှုဆိုင်ရာ ကျွမ်းကျင်သူ ဦးဖေခင်တို့သည် ဇန်နဝါရီလ ၁၁ ရက်က ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံတော်က ရောက်လာတဲ့ အဖွဲ့အစည်းတွေနဲ့ အယူခံတက်မဲ့ ကိစ္စလေးတွေကိုဘဲ ဆွေးနွေးတာပါ။ ကလေးတွေရဲ့ အမှုနဲ့ ပတ်သက်လို့ ကောင်းတဲ့ ရလာဒ်တွေရနိုင်မဲ့အချက်တွေကို တင်ပြဆွေးနွေး တယ်။” ဟု အထူး စုံစမ်းရေးကော်မတီမှ ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။

မြန်မာအထူးကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်နှင့် သံရုံးမှ ဖွဲ့စည်းထားသော အထူးစုံစမ်းရေးကော်မတီတို့နှင့် တွေ့ဆုံကာ အယူခံဝင်ရန် ရှေ့ဆက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့သည်ဟု သိရသည်။

အယူခံဝင်ရန် အသေးစိတ်ဆွေးနွေးရာတွင် DNA စစ်ဆေးထားချက်များသည် တရားလိုများဘက်မှ မျက်မြင်သက်သေနှင့် အထောက်အထား မရှိသဖြင့် သေဒဏ်မှ လွတ်ကင်းလိမ့်မည်ဟု မျော်လင့်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြော ဆိုခဲ့သည်။

“ကျနော်တို့ အောက်ရုံးမှာ သေဒဏ်မချခင်ကတည်း ပြောပြီးပြီ။ မျက်မြင်သက်သေမရှိတဲ့အမှု၊ ဒီအန်အေ လုံးဝကွဲလွဲတဲ့ အမှုပါ။ အမှုတခုရဲ့ အသက်ဖြစ်တဲ့ ဒီအန်အေဆိုတာဟာ လုံးဝ အထောက်အထား မရှိဘူး။ ဒီအန်အေ တူပါတယ်ဆိုတဲ့ စစ်ဆေးချက်ကလည်း စဉ်ဆက်မပျက်စစ်ထားတာ မဟုတ်ဘူး။ ပြောချင်တာက ဒီမှတ်တမ်းမှတ်ရာကို ကျွမ်းကျင်တဲ့ မူခင်းပါရဂူဘက်က ကြည့်လို့ရှိရင် မှန်ကန်တယ်ဆိုတဲ့ ထောက်ခံ ပြောဆိုနိုင်တဲ့အနေအထားမျိုး မရှိတဲ့အတွက်ကြောင့် ဒီအန်အေဟာ ကင်းလွတ်နေတယ်။ ကလေးတွေဟာ အပြစ်ပေးလို့မရဘူးဆိုတာ ရှင်းနေပါတယ်။” ဟု သူက ပြောသည်။

အယူခံဝင်ရန်အတွက် အမှုနှင့် ပတ်သက်၍ သက်သေထွက်ဆိုနိုင်မည့် လူ ၈ ဦးစာရင်း ရရှိထားပြီး ဖြစ်ကြောင်း သူက ပြောသည်။

“ကျနော်တို့ စာရင်းရထားတာ လူ ၈ ဦးရှိပါတယ်။ ဒါပေမဲ့ ခုထိ ကျနော်တို့ကို မဆက်သွယ်လာသေးပါဘူး။ ဆက်သွယ် လာရင်တော့ အဲဒီအတိုင်း ထွက်ဆိုနိုင်တယ် ဆိုရင်တော့ ရှေ့နေများကောင်စီနဲ့ တိုင်ပင်ပြီး စဉ်စားမှာပါ။” ဟု ရှေ့နေ အောင်မျိုးသန့်က ဆက်ပြောသည်။

မြန်မာနိုင်ငံသား နှစ်ဦးအား သေဒဏ်ချမှတ်ပြီးနောက် တစ်လအတွင်း အယူခံ ဝင်ရန် လာမည့် ဇန်နဝါရီလ ၂၄ ရက်တွင် တစ်လ ပြည့်မည် ဖြစ်သော်လည်း လိုအပ်ပါက ထပ်မံ ရက်တိုးတောင်းဆိုသွားမည်ဟုဆိုသည်။

လိပ်ကျွန်းလူသတ်မှုတွင် သေဆုံးသူ ဟန်နာဝစ်သာရစ်၏ အစ်မ လော်ရာဝစ်သာရစ်က ထိုင်းရဲတပ်ဖွဲ့၏ အကျင့်ပျက်မှု များနှင့် အသက်အန္တရယ်ကိုပါ ချိန်းခြောက်ခံရကြောင်း သူမ၏ ဖေ့ဘုတ် လူမှုကွန်ယက်တွင် ရေးသားမှုများ ရှိနေမှုနှင့် ပတ်သက်၍ သတင်းအရ သိရသော်လည်း အယူခံအတွက် အသုံးပြုနိုင်သဖြင့် အမှုတွဲတွင် လေ့လာရန် သုံးသပ် ဆွေးနွေးမှုများရှိသည်ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“ကျနော်တို့ တိကျတယ်လို့ ပြောလို့ မရသေးပါဘူး။ အယူခံအကြောင်းအရာမှာ သုံးပိုင်ခွင့်ရှိတာမို့လို့၊ ဖြစ်ပေါ်တဲ့ အကြောင်းအရာကို အမှုတွဲမှာဘဲ လေ့လာဖို့ သုံးသပ်နေကြပါတယ်။” ဟု သူက ပြောသည်။

မြန်မာနိုင်ငံမှ စေလွှတ်ခဲ့သော ကျွမ်းကျင်ပညာရှင် အထူးကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၁၃ ရက်က မြန်မာနိုင်ငံသား ဝင်း နှင့် ဇော်တို့ အကျဉ်းကျနေသော နခွန်စီထာမရပ်ထောင်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလက ဗြိတိန်နိုင်ငံသား အသက် ၂၃ နှစ် ဟန်နာနှင့် အသက် ၂၄ နှစ် ဒေးဗစ်မီလာတို့ နှစ်ဦး လိပ်ကျွန်းတွင် အသတ်ခံရမှုတွင် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ပြီးခဲ့သည့် ၂၀၁၅ ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required