အခြေခံဥပဒေ ပြင်နိုင်ရန် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေထံ တင်ပြသင့်ဟု ချင်းအမတ် အကြံပြု

အခြေခံဥပဒေ ပြင်နိုင်ရန် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေထံ တင်ပြသင့်ဟု ချင်းအမတ် အကြံပြု

နေပြည်တော် (မဇ္ဈိမ)။ ။ ပြင်ဆင်ရန် ခက်ခဲနေသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ (က) ကို အလွယ်တကူ ပြင်ဆင်လိုပါက ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေထံ တင်ပြသင့်သည်ဟု ချင်းတိုးတက်ရေးပါတီမှ အမျိုးသားလွှတ်တော် အမတ် ဦးကျန်ခဲန်းက ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တပ်မတော် အစိုးရလက်ထက်က ရေးဆွဲတဲ့ ဥပဒေ ဖြစ်ပါတယ်။ ဒီ ဥပဒေကို ကာကွယ်စောင့်ရှောက်ရမှာလည်း တပ်မတော်သားတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဥပဒေဟာ တပ်မတော်သားတွေ့ရဲ့ လက်စွဲ ဥပဒေလည်း ဖြစ်ပါတယ်။ တပ်မတော်သား တွေရဲ့ အကြီးအကဲဟာ ဘဘ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်တဲ့အတွက် အခု ပုဒ်မ ၄၃၆ (က)ကို ပြင်ဆင်လိုတဲ့အခါမှာ အခြေခံဥပဒေ ပိုင်ရှင်ဖြစ်တဲ့ ဘဘဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ သွားပြီးမှ ဒီလို အခြေအနေတွေတော့ ဖြစ်နေပြီ၊ ဘဘ ဆွဲထားတဲ့ ဥပဒေဟာ လက်တွေ့အကောင်အထည်ဖော်တဲ့ နေရာမှာ နည်းနည်း မစပ်ဟပ်ဘူး ဆိုပြီးမှ တင်ပြလို့ ရှိရင် ဘဘဆီက မေတ္တာစေတနာ နှုတ်ထွက် စကားကို ခံယူပြီးမှလဒီဟာတွေကို
ပြုပြင်မယ်ဆိုလို့ ရှိရင် အားလုံးကို ရှင်းလင်းသွားမယ်လို့ ယုံကြည် ပါတယ်” ဟု ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် တပ်ချုပ်ဟောင်း ဦးသန်းရွှေ၏ စွမ်းဆောင်ရည်များနှင့် ပတ်သက်ပြီး “ပြည်သူလူထု ရဲ့ဖခင်ကြီး ဆိုလည်း မမှားပါဘူး။ ပြည်သူတွေကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်အောင် တွန်းပို့ တာလည်း သူပဲ။ သူ့ရဲ့ စစ်အာဏာကို မထင်မှတ်လောက်အောင် စွန့်လွှတ်ပြီးမှ ပြည်သူလူထုကို ဒီမိုကရေစီလမ်းပေါ် တွန်းပို့တာကြောင့် သူ့မှာ စေတနာတွေ ရှိပါတယ်။ သေနတ်တစ်ချက်မှ မဖောက်၊ သွေးတစ်စက်မှ မကျဘဲ ဒီလမ်းကြောင်းပေါ် ရှောရှောရှူရှူသွားနိုင်တယ် ဆိုတာ သူ့ရဲ့ စီမံခန့်ခွဲမှု တော်လို့ပါ” ဟုလည်း လွှတ်တော် အစည်းအဝေး နားချိန်တွင် မီဒီယာကို ဖြေကြားသည်။

၄၃၆ (က) ကို ပြင်ဆင်နိုင်မည့် တစ်နည်းအားဖြင့် တပ်မတော်သား လွှတ်တော်အမတ်တို့ကပါ ပြင်ဆင်ရန်
ထောက်ခံလာစေလောက်သည့် အနေအထားသို့ပြောင်းလဲစေလောက်သည့် လက်ရှိ တပ်မတော်အပေါ် သြဇာလွှမ်းမိုးနိုင်စွမ်း တပ်ချုပ်ဟောင်း ဦးသန်းရွှေတွင် ရှိနေသလားဟု မီဒီယာက မေးသည့်အခါ ၎င်းက “ဦးသန်းရွှေဟာ တပ်မတော်သားတွေအပေါ် သြဇာလွှမ်းမိုးမှု ဆက်ရှိနေတယ် လို့တော့ မထင်ပါဘူး။ ဒါပေမယ့် တပ်မတော်သားတွေရဲ့ ဖခင်ကြီးဖြစ်ခဲ့လို့ တပ်မတော်က သူ့ကို ဆက်ပြီး လေးစားမယ်၊ ဂါရဝ ထားသင့်တယ်လို့ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

တပ်ချုပ်ဟောင်းအပေါ် တိုင်းရင်းအမတ်၏ သဘောထားနှင့် ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌ၊ ဟင်္သာတမြို့နယ်အမတ် ဦးဌေးဦးက “ဒါ သူ့ယူဆချက် ဖြစ်ပါလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒီဥစ္စာအတွက် ဘာမှ မလုပ်ဘူး၊ ကျွန်တော် သိသလောက်ကတော့ ဘာမှ မလုပ်ဘူး။ ပြည်သူ တစ်ယောက်အနေနဲ့တော့ ပါရင် ပါမှာပေါ့။ သို့သော်လည်း ဒါနဲ့ ပတ်သက်လို့ လွှမ်းမိုးပြီး ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါ ပြောမယ်လို့ မယူဆပါဘူး။ ယုံလည်း မယုံဘူး။ ပြောလည်း မပြောခဲ့ဘူး၊ ခုချိန်ထိတော့။ ပြည်သူတွေရဲ့ ဖခင်ကြီး၊ ပြည်သူတွေရဲ့ ကျေးဇူးရှင်လို့ပြောတာလည်း သူ့ အယူအဆပါ။ ဒါကိုဘာမှ မဝေဖန်လိုပါဘူး” ဟု မဇ္ဈိမကို ဖြေကြားသည်။

၄၃၆ (က) ပြင်နိုင်ရန် ဦးသန်းရွှေထံ ပို့သင့်သည် ဟူသောအချက်နှင့် ပတ်သက်ပြီး “ဒါနဲ့ပတ်သက်လို့ သွားပြောခဲ့ရင် တစ်ခုခုတော့ ဖြစ်လာနိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော် သိသလောက်ကတော့ မလုပ်လည်း မလုပ်ဘူး။ ပြောလည်း မပြောဘူး။ လွှမ်းမိုးတာလည်း မလုပ်ဘူး” ဟု ဦးဌေးဦးက ပြောသည်။

အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း “ဒါ သူ့ကိုယ်ပိုင်ခံစားချက်အရ ထင်မြင်ချက်အရ
ပြောတာလေ၊ သူ့မှာ ပြောပိုင်ခွင့် ရှိပါတယ်” ဟု ပြန်ဖြေခဲ့သည်။

ချင်း တိုးတက်ရေး ပါတီဝင် အမျိုးသားလွှတ်တော် အမတ် ဦးကျန်ခဲန်းသည် ပုဒ်မ ၄၃၆ (က) ပြဋ္ဌာန်းချက်များ၌ အကျုံးဝင်သည့် အရေးပေါ်ကာလ တပ်ချုပ်သို့ အာဏာလွှဲအပ်ရသည့် ပုဒ်မ ၄၁၈ (ခ) တွင် “သို့ရာတွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် အစိုးရအသစ် ပြန်လည်ဖွဲ့စည်း နိုင်သည်အထိ မူလ တာဝန်များကို ဆက်လက် ထမ်းဆောင်စေပြီး မူလရရှိထားသည့် ချီးမြှင့်ငွေနှင့် အဆောင်အယောင်များကိုပါ ဆက်လက်ခံစားခွင့်ပြုရမည်” ဟူ၍ ဖြည့်စွက်လိုကြောင်းလည်း ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required