ငြိမ်းချမ်းရေးညီလာခံစတင်သည့်နေ့၊ ပလောင်နှင့် အစိုးရတပ်တို့ တိုက်ပွဲပြန်ဖြစ်

ငြိမ်းချမ်းရေးညီလာခံစတင်သည့်နေ့၊ ပလောင်နှင့် အစိုးရတပ်တို့ တိုက်ပွဲပြန်ဖြစ်

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ။          ။ ငြိမ်းချမ်ရေးညီလာခံစတင်သည့် ဇန်နဝါရီ ၁၂ရက်နေ့တွင်ပင် ပလောင်အဖွဲ့နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားနေပြီဟု TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ သတင်းပြန်ကြားရေး အဖွဲ့က ယနေ့နေ့လည်ပိုင်းတွင် သတင်းထုတ်ပြန်သည်။

"ဒီနေ့ကျွန်တော်တို့တပ်မတော်နေ့လုပ်နေတာကို အစိုးရတပ်ကထိုးတယ်။ နေပြည်တော်မှာလည်းငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်နေတယ်လေ။ ဒီလိုနေ့မျိုးတော့ ရှောင်သင့်ပါတယ်။ ဒါကို ဒီနေ့ကိုပဲ ၂ကြိမ်ထိုးစစ်ဆင်တယ် " ဟု TNLA ၏ ဗိုလ်မှူးချုပ် တာဂျုတ်ဂျားက မဇ္ဈိမကိုပြောသည်။

၂၀၁၆ ခုနှစ် ဇန်နာဝါရီလ ၁၂ရက်၊ ယနေ့နေပြည်တော်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် အဖွ့ဲ ၈ဖွဲ့တို့က ငြိမ်းချမ်းရေးညီလာခံပြုလုပ်ဆွေးနွေးနေသည့် နေလည်းဖြစ်သည့်အပြင် TNLA ဖွဲ့စည်းသည့် ၂၄နှစ် ပြည့်လည်းဖြစ်သည်။

အဆိုပါနေ့တွင် ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ် ပန်ကွတ်ကျေးရွာနှင့် ကွတ်ခိုင်မြို့နယ် ဟိုပုံကျေးရွာများတွင် TNLA နှင့် အစိုးရတပ်များဖြစ်သည့် ခမရ (၃၂၄)၊ တပ်မ (၉၉)တို့က နေ့လည် ၁နာရီ ခွဲအချိန်မှ ညနေပိုင်း ၄နာရီခန့်အထိ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်ဟု ဗိုလ်မှူးချုပ် တာဂျုတ်ဂျားက မဇ္ဈိမကိုပြောသည်။

နေပြည်တော်တွင် ကျင်းပနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုလည်း မိမိတို့အဖွဲ့သို့ ဖိတ်ကြားခြင်းမရှိ သကဲ့သို့ TNLA ကတက်ရောက်ရန်လည်း ပြင်ဆင်ထားခြင်းမရှိကြောင်း ၎င်းကဆိုသည်။

အစိုးရသစ်တက်ရောက်လာပါက ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရေးအတွက် အစိုးရသစ်နှင့် တွေ့ဆုံသွားရန်ပြင်ဆင်ထားသည်ဟုလည်း ၎င်းကပြောသည်။

TNLA နှင့် အစိုးရတပ်တို့၏ ယခုတိုက်ပွဲများသည့် ၂၀၁၆ခုနှစ်၊ နှစ်စအတွင် ၅ကြိမ်မြောက်တိုက်ပွဲလည်း ဖြစ်သည်ဟု TNLAမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags