သီလဝါစီမံကိန်းပြောင်းရွှေ့ ရွာအတွက် ခြောက်လစာ ထောက်ပံ့

သီလဝါစီမံကိန်းပြောင်းရွှေ့ ရွာအတွက် ခြောက်လစာ ထောက်ပံ့
ဓာတ်ပုံ- ဖြိုးသီဟ

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ။           ။ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သီလဝါဆိပ်ကမ်း အကွက်အမှတ် ၂၀-၂၁နှင့် ၂၁-၂၂ ကြားနေရာတွင် စီမံကိန်းဆောင်ရွက်မည့် ၏ ဘေးပေါက်ကျေးရွာသစ် ပြောင်းရွေ့ချိန်စပ်ကြားတွင် ရွာသားများ စားဝတ်နေရေးအတွက် ၆ လစာ ထောက်ပံ့ပေးထားကြောင်း Wilmar Myanmar Company ၏ကိုယ်စားလှယ် General Manager ဦးဝင်းမြင့်က ပြောသည်။

ကမ္ဘာ့ဘဏ်၊ အာရှဘဏ်များနှင့် NEPS ၏ တွက်ချက်ပေးထားသည့်အတိုင်း ထောက်ပံ့ကြေးအနေဖြင့် တစ်အိမ်ထောင်လျှင် တစ်ရက် ၁၂၀၀၀ ကျပ်ဖြင့် ခြောက်လစာထောက်ပံ့ပေးထားကြောင်း၊ အလုပ်အကိုင် အတွက် လည်း ဒေသခံရွာသား အယောက် ၂၀ကို ခန့်အပ်ထားကြောင်း၊ စက်ရုံ၊အလုပ်ရုံတည်ပြီးပါက ပညာအရည်အချင်း အလိုက် ရွေးချယ်ခံအပ်သွားမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ပညာရေးအတွက် နီးစပ်ရာစာသင်ကျောင်းများတွင် မူလတန်းကျောင်းနှင့် အထက်တန်းကျောင်းကို သွားရောက်ညှိနှိုင်းထားပြီးဖြစ်ကြောင်း၊ ကျောင်းတက်သည့် ကျောင်းသားအရေအတွက်မှာ ၂၀ ယောက်ခန့်သာ ရှိသည့်အတွက် ကျောင်းသုံးပစ္စည်းများမား လှူဒါန်းသွားမည်ဖြစ်ပြီး ကျန်းမာရေးအတွက်လည်း ဆေးပေးခန်းတစ်ခု တည်ဆောက်ပေးထားကြောင်း ၎င်းက ပြောသည်။

ယင်း စီမံကိန်းကို ၂၀၁၄ ဒီဇင်ဘာကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ဘေးပေါက်ကျေးရွာမှာ စီမံကိန်းဧရိယာ အတွင်းတွင် ပါဝင်လျက်ရှိသော ကျေးရွာဖြစ်သောကြောင့် အတင်းအဓမ္မရွေ့ပြောင်းစေခြင်း မဟုတ်ဘဲ ယခင်နေထိုင်မှုပုံစံထက် သာလွန်သော လူနေမှုပုံစံကို ပြောင်းရွေ့ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ဖန်တီးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"အိမ်တွေဘာတွေအနေနဲ့တော့ ပြောစရာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဘက်က အဆင့်အတန်းမြင့်မြင့်နဲ့ ပြောင်းရွေ့ပေးထာတယ်။ ဒါပေမယ့် တကယ်အခက်အခဲရှိတာက စားဝတ်နေရေးအတွက်ကို သူတို့ပေးတာ တစ်နေ့ကို ၁၂၀၀၀ နှုန်းနဲ့ ၆ လစာအကြမ်းဖျင်းတွက်ထားတာ။ အကိုတို့ကတော့ တစ်နှစ်စာတောင်းတယ်။ တစ်နှစ်စာဆိုတာ အနှိမ့်ဆုံး သတ်မှတ်ချက်နဲ့တောင်းတာ။ ဒါပေမယ့် သူတို့ဘက်က အဲဒါနဲ့ပက်သက်ပြီး ကော်မတီက တွက်ချက်ပြီး သူတို့ဆီကို ပြန်တင်ပြပေးပါပြောတယ်" ဟု ကျေးရွာရွေ့ပြောင်းရေးကော်မတီ အဖွဲ့ဝင် ဦးတင်ထွန်းက ပြောသည်။

ဒေသခံရွာသားအများစုမှာ ရေလုပ်သားများဖြစ်သည့်အတွက် ရေလုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် လှေ၊ ပိုက် ကိစ္စများအားလည်း သင့်လျော်အောင် ဖြေရှင်းပေးစေလိုကြောင်း၊ ယင်းလှေပိုက်များမှာ ၁၄ သိန်း၊ ၁၅ သိန်းခန့် ရင်းနှီးထားရသောကြောင့် သုံးပုံတစ်ပုံခန့် ပြန်လည် ဖြေရှင်းပေးစေလိုကြောင်း၊ သို့သော်လည်း မတင်ပြရသေး ကြောင်းပြောသည်။ ဦးတင်ထွန်းက ဆိုသည်။

ဘေးပေါက်ကျေးရွာ ပြောင်းရွေ့ရေးတွင် လူနေအိမ် ၁၆၃ လုံး လွှဲအပ်ပေးမည်ဖြစ်ပြီး၊ အဝီစိရေ၊ လျှပ်စစ်မီးများ ပါဝင်ကာ ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်သောကြောင့် ဖေဖေါ်ဝါရီလကုန်နှင့် မတ်လအတွင်း အပြီးသတ် ပြောင်းရွေ့နိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly