ကလေးဘဝက အိပ်မက်ထက် ပိုမိုအောင်မြင်ခဲ့ပြီဟု ငါးကြိမ်မြောက် Ballon d'Or ဆုရှင် မက်ဆီပြော

ကလေးဘဝက အိပ်မက်ထက် ပိုမိုအောင်မြင်ခဲ့ပြီဟု ငါးကြိမ်မြောက် Ballon d'Or ဆုရှင် မက်ဆီပြော

ဇူးရစ်၊ ဇန်နဝါရီ ၁၂ ။           ။ ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့ပြီးနောက် မက်ဆီက ကလေးဘဝက အိပ်မက်ထက် ပိုမိုအောင်မြင်ခဲ့ပြီဖြစ်ကြောင်းနှင့် ငါးကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုထက် ကမ္ဘာ့ဖလားကြီးကိုသာ ပိုမိုရရှိလိုကြောင်း ပြောဆိုလိုက်သည်။

မက်ဆီသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း ဘာစီလိုနာအသင်းနှင့်အတူ စပိန်စူပါဖလား၊ လာလီဂါဖလား၊ ချန်ပီယံလိဂ်ဖလား၊ ကိုပါဒယ်ရေးဖလားနှင့် ဖီဖာကမ္ဘာ့ကလပ်ဖလား စသည့်အဓိကဆုဖလား ငါးလုံးအထိ ရယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးနှင့် ကိုပါအမေရိကဖလားပြိုင်ပွဲတို့တွင်လည်း ဒုတိယဆုများ ရရှိခဲ့သည်။

'ပြီးခဲ့တဲ့ ၂ နှစ်က စီရော်နယ်ဒို ဆုရတာကို ကြည့်ခဲ့ရပြီး အခုဒီစင်မြင့်ပေါ်ကို နောက်တစ်ကြိမ် ပြန်လာရတဲ့ ခံစားချက်က တကယ်ကို စပါယ်ရှယ်ပါပဲ။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ငါးကြိမ်မြောက်ရယူနိုင်ခဲ့တာက တကယ်ကို မယုံကြည်နိုင်စရာပါပဲ။ ကလေးဘဝက အိပ်မက်မက်ခဲ့တာထက် ပိုမိုအောင်မြင်ခဲ့ပါပြီ။

ဒီအောင်မြင်မှုအတွက် အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ သူတို့မရှိဘဲ ဒီလိုမဖြစ်လာနိုင်ပါဘူး။ ဘောလုံးလောကထဲက အကောင်းတွေရော အဆိုးတွေရော အားလုံးကိုလည်းပဲ ကျေးဇူးတင်ပါတယ်။ သူတို့က ကျွန်တော့်ကို အများကြီးသင်ကြားပေးပါတယ်' ဟု မက်ဆီက ပြောဆိုခဲ့သည်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက် နိုင်ငံလက်ရွေးစင်အသင်းနည်းပြများ၊ အသင်းခေါင်းဆောင်များနှင့် ကမ္ဘာတစ်ဝှမ်းရှိ အားကစားကလောင်ရှင်များက မဲပေးရွေးချယ်ခဲ့ရာတွင် မက်ဆီက ၄၁ ဒသမ ၃၃ ရာခိုင်နှုန်းဖြင့် ဆုရရှိခဲ့ခြင်းဖြစ်သည်။ စီရော်နယ်ဒိုမှာ ၂၇ ဒသမ ၇၆ ရာခိုင်နှုန်းဖြင့် ဒုတိယရခဲ့ပြီး နေမာက ၇ ဒသမ ၈၆ ရာခိုင်နှုန်းဖြင့် တတိယ ရရှိခဲ့သည်။

မက်ဆီသည် ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို သုံးကြိမ်နှင့်အထက် ရရှိထားသည့် တစ်ဦးတည်းသော ကစားသမားအဖြစ်လည်း မှတ်တမ်းရေးထိုးထားသည်။ မက်ဆီ၏နောက်တွင် စီရော်နယ်ဒို၊ ပလာတီနီ၊ ဗန်ဘက်စတင်နှင့် ဂျိုဟန်ခရိုက်ဖ်တို့က သုံးကြိမ်စီဖြင့် ရပ်တည်လျက်ရှိနေကြသည်။

အကောင်းဆုံးနည်းပြဆုကို ဘာစီလိုနာနည်းပြ လူးဝစ္စအင်းနရစ်က ရရှိခဲ့ပြီး အကောင်းဆုံးဂိုးဆု(ပွတ်ရှ်ကပ်ဆု)ကို ဘရာဇီးကလပ် Atletico Goianiense အသင်းမှ ဝမ်ဒယ်လီရာက ရရှိခဲ့သည်။

အကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆုကို အမေရိကန်တိုက်စစ်မှူး ကာလီလွိုက်ဒ်က ရရှိခဲ့ပြီး အကောင်းဆုံးအမျိုးသမီးနည်းပြဆုကို အမေရိကန်နည်းပြ ဂျေးအယ်လစ်က ရရှိခဲ့သည်။

၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံးအသင်းဆုကို ၄-၃-၃ ကစားကွက်ဖြင့် ရွေးချယ်ခဲ့ရာတွင် ဂိုး-နျူအာ(ဘိုင်ယန်မြူးနစ်)၊ နောက်တန်း-မာဆယ်လို(ရီးယဲလ်)၊ ဆေးလ်ဗား(ပီအက်စ်ဂျီ)၊ ရာမို့စ်(ရီးယဲလ်)၊ အဲလ်ဗက်စ်(ဘာစီလိုနာ)၊ အလယ်တန်း-ပေါ့ဂ်ဘာ(ဂျူဗင်တပ်စ်)၊ အင်နီယေစတာ(ဘာစီလိုနာ)၊ မိုဒရစ်(ရီးယဲလ်)၊ တိုက်စစ်-မက်ဆီ(ဘာစီလိုနာ)၊ စီရော်နယ်ဒို(ရီးယဲလ်)နှင့် နေမာ(ဘာစီလိုနာ)တို့ ရွေးချယ်ခံခဲ့ရသည်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၂၀၀၈ ခုနှစ်ကစတင်ပြီး စီရော်နယ်ဒိုနှင့် မက်ဆီတို့သာ တစ်လှည့်စီရရှိခဲ့ပြီး ယခုဆိုလျှင် ရှစ်နှစ်ဆက်တိုက် ရရှိသွားပြီဖြစ်သည်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု

မက်ဆီ

ကမ္ဘာ့အကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆု

ကာလီလွိုက်ဒ်

ကမ္ဘာ့အကောင်းဆုံးနည်းပြဆု

လူးဝစ္စအင်းနရစ်

ကမ္ဘာ့အကောင်းဆုံးအမျိုးသမီးနည်းပြဆု

ဂျေးအယ်လစ်

အကောင်းဆုံးဂိုးဆု(ပွတ်ရှ်ကပ်ဆု)

ဝမ်ဒယ်လီရာ

ကမ္ဘာ့အကောင်းဆုံးအသင်း

ဂိုး-နျူအာ(ဘိုင်ယန်မြူးနစ်၊ ဂျာမနီ)

နောက်တန်း-မာဆယ်လို(ရီးယဲလ်၊ ဘရာဇီး)၊ ဆေးလ်ဗား(ပီအက်စ်ဂျီ၊ ဘရာဇီး)၊ ရာမို့စ်(ရီးယဲလ်၊ ဘရာဇီး)၊ အဲလ်ဗက်စ်(ဘာစီလိုနာ၊ ဘရာဇီး)

အလယ်တန်း-ပေါ့ဂ်ဘာ(ဂျူဗင်တပ်စ်၊ ပြင်သစ်)၊ အင်နီယေစတာ(ဘာစီလိုနာ၊ စပိန်)၊ မိုဒရစ်(ရီးယဲလ်၊ ခရိုအေးရှား)

တိုက်စစ်-မက်ဆီ(ဘာစီလိုနာ၊ အာဂျင်တီးနား)၊ စီရော်နယ်ဒို(ရီးယဲလ်၊ ပေါ်တူဂီ)၊ နေမာ(ဘာစီလိုနာ၊ ဘရာဇီး)

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly