မန်ယူအသင်း၏ ကစားပုံကြောင့် ဒေါသထွက်ငြီးငွေ့ရသည်ဟု ဗန်ဟားလ်ဝန်ခံ

မန်ယူအသင်း၏ ကစားပုံကြောင့် ဒေါသထွက်ငြီးငွေ့ရသည်ဟု ဗန်ဟားလ်ဝန်ခံ

ဇန်နဝါရီ ၁၂၊ မန်ချက်စတာ ။            ။ ယခုနှစ်ဘောလုံးရာသီတွင် မန်ယူအသင်း၏ ကစားပုံအချို့ကြောင့် လွန်စွာငြီးငွေ့ခြင်းသို့မဟုတ် ဒေါသထွက်ခြင်းများဖြစ်ရသည်ဟု နည်းပြ ဗန်ဟားလ်က ဝန်ခံလိုက်သည်။

အချို့သောပွဲများတွင်မူ ၎င်း၏နည်းစနစ်များအတိုင်းကစားနိုင်သောကြောင့် ကျေနပ်မိသည်ဟုလည်း ဗန်ဟားလ်ကပြောသည်။ မန်ယူအသင်း သည် ချန်ပီယံလိဂ်ဝင်ခွင့်နေရာ၏အပြင်ဘက်ဖြစ်သော အဆင့်ငါးနေရာတွင် ရပ်တည်နေသည်။

မန်ယူပရိသတ်များသည် စနေနေ့က အိမ်ကွင်းတွင် ရှက်ဖီးယူနိုက်တက်နှင့်ကစားသော အက်ဖ်အေပွဲစဉ်တွင် ဗန်ဟားလ်၏မန်ယူအသင်းကို လှောင်ပြောင်ခဲ့ကြပြီး ပရိသတ်ထောင်ပေါင်းများစွာမှာ ပွဲမပြီးမီ စောစီးစွာထွက်ခွာသွားခဲ့သည်။

ပွဲချိန် ၉၃ မိနစ်တွင် ရွန်နီက ပင်နယ်တီမှတစ်ဆင့်ဂိုးသွင်းပြီး ၁-၀ ဖြင့်အနိုင်ရသည့်ပွဲ၌ ပရိသတ်များမည်သည့်အတွက်ထွက်ခွာသွားခဲ့ကြောင်း မေးမြန်းမှုကို ဗန်ဟားလ်က "ကျွန်တော်တို့ ဂိုးမသွင်းနိုင်လောက်ဘူးထင်လို့ ထွက်သွားတာဖြစ်နိုင်သလို ကားလမ်းပိတ်မှာစိုးလို့ စောစောပြန်တာ လည်းဖြစ်နိုင်ပါတယ်"ဟု ပြန်ဖြေသည်။

လိဂ်ဝမ်းပြိုင်ဘက်ကို ပွဲချိန် ၆၉ မိနစ်အထိ ဂိုးပေါက်ခြိမ်းခြောက်နိုင်ခြင်းမရှိခဲ့သော်လည်း မန်ယူပရိသတ်များအနေဖြင့် အသင်း၏လက်ရှိ စွမ်းဆောင်ရည်အပေါ် ကျေနပ်သင့်သည်ဟု ဗန်ဟားလ်က တိုက်တွန်းသည်။

ဗန်ဟားလ်နှင့်မန်ယူကစားသမားများသည် အသင်းစိတ်ဓါတ်မရှိဘဲ ငြီးငွေ့ဖွယ်ကောင်းသည်ဟု မန်ယူကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုး၏ ဝေဖန်မှုကို တုန့်ပြန်ရန်လည်း ဗန်ဟားလ်က ငြင်းဆန်ခဲ့သည်။

သို့သော် အသက် ၆၄ နှစ်အရွယ်နည်းပြက "ကျွန်တော်ကျေနပ်ခဲ့ရတဲ့ပွဲတွေရှိသလို ငြီးငွေ့စိတ်ပျက်ရတဲ့ပွဲတွေလည်း ရှိပါတယ်။ ဘာကြောင့် လည်းဆိုတော့ ပြိုင်ဘက်ရဲ့ခံစစ်ကို ကျွန်တော်တို့မဖြိုခွဲနိုင်လို့ပါ။ ဒါပေမဲ့ ဒါက ဘောလုံးပါပဲ"ဟု ပြောသည်။

မန်ယူအသင်းသည် အက်ဖ်အေဖလား ပဉ္စမအဆင့်တွင် ချန်ပီယံရှစ်ဒုတိယနေရာမှ ဒါဘီအသင်းနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly