သမ္မတရာထူးအတွက် အရည်အချင်းပြည့်မှီသူ NLD တွင် ဆယ်ဦးကျော်ထက်မနည်းရှိဟု ဦးဉာဏ်ဝင်းပြော

သမ္မတရာထူးအတွက် အရည်အချင်းပြည့်မှီသူ NLD တွင် ဆယ်ဦးကျော်ထက်မနည်းရှိဟု ဦးဉာဏ်ဝင်းပြော

လာမည့်အစိုးရသစ်၏ သမ္မတရာထူးနေရာအတွက် NLD ပါတီတွင် အရည်အချင်းပြည်မှီသူ ဆယ်ဦးကျော်ထက် မနည်းရှိကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက Myanmar Now နှင့် အင်တာဗျူးရာတွင် ပြောကြားခဲ့သည်။

ဂျပန်မီဒီယာတစ်ခုက NLD ပါတီသည် သမ္မတလောင်း ဆယ်ဦးကို ရွေးချယ်ထားပြီးကြောင်း ဦးဉာဏ်ဝင်းက ပြောကြားခဲ့သည်ဟု ရေးသားထားခြင်းနှင့် ပတ်သက်ပြီး ထိုဆယ်ဦးက မည်သူတွေဖြစ်ကြောင်း မေးမြန်းရာတွင် “သတင်းဖော်ပြတာ မှားနေတာပါ။ မမှန်ပါဘူး။ ကျွန်တော် ပြောခဲ့တာက NLD ပါတီမှာ သမ္မတနေရာအတွက် အရည်အချင်း ပြည့်မှီသူ ဆယ်ဦးကျော်ထက်မနည်း ရှိနေတယ်ဆိုပြီးပဲ ပြောခဲ့တာပါ။ ဒါပေမယ့် သတင်းဖော်ပြချက်မှာတော့ NLD က သမ္မတလောင်း ဆယ်ဦး ရွေးထားတယ်ဆိုပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။ ကျွန်တော် ဖြေခဲ့တာက ပါတီမှာ နိုင်ငံရေး ကောင်းစွာအတွေ့အကြုံရှိတဲ့ ပညာအရည်အချင်းပြည့်မှီတဲ့ ပါတီအပေါ်လည်း သစ္စာအလွန်ရှိတဲ့ အဖွဲ့ဝင်တွေ များစွာရှိတယ်လို့ ဆိုလိုချင်တာပါ။”ဟု ဦးဉာဏ်ဝင်းက ရှင်းလင်းဖြေဆိုခဲ့သည်။

နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် အနိုင်ရထားခဲ့သည့် NLD ပါတီက အစိုးရဖွဲ့ရန်အတွက် ပြင်ဆင်လျက်ရှိနေသည်။ သို့သော် အစိုးရသစ်တွင် ပါဝင်မည့်သူများကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ NLD ပါတီအနေဖြင့် အသွင်ကူးပြောင်းရေး ချောမောစေရန် ဂရုတစိုက် ဆောင်ရွက်နေရပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ အာဏာလက်ကိုင် ရှိထားဆဲဖြစ်သည့် စစ်တပ်နှင့် လိုက်လျော ဆက်ဆံနေရလျက်ရှိနေသည်။

တပ်မတော်၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ဦးဉာဏ်ဝင်းက တပ်မတော်က နိုင်ငံအတွက် မရှိမဖြစ် အရေးပါသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ တပ်အင်အားနှင့် ဖွဲ့စည်းမှုက အဓိက အရေးမကြီးဘဲ ခေတ်မီတပ်မတော်တစ်ရပ်ဖြစ်သင့်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required