ဇီဒန်းနဲ့ ရီးယဲလ် ဇာတ်လမ်း

ဇီဒန်းနဲ့ ရီးယဲလ် ဇာတ်လမ်း

ကမ္ဘာကျော်ဘောလုံးသမားဟောင်း ဇီဒန်းဆိုတာ ကမ္ဘာ့ဘောလုံးလောကမှာ မဖြစ်မနေ မှတ်တမ်း တင်ထားရမယ့် ကွင်းလယ်ကစားသမား တစ်ဦး ဖြစ်ပါတယ်။ လှပလွန်းတဲ့ ကစားဟန်တွေနဲ့ ပရိသတ်တွေရဲ့ရင်ကို ကိုင်လှုပ်ခဲ့တဲ့ ဇီဒန်းဟာ ဘောလုံးသမားတစ်ဦးအနေနဲ့တော့ အလွန်ကို အောင်မြင်ခဲ့သူဖြစ်ပါတယ်။

အခုအချိန်မှာတော့ ဇီဒန်းဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး ကလပ်အသင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်ရဲ့ နည်းပြဖြစ်လာခဲ့ပါပြီ။ ဘောလုံးသမားကောင်း တစ်ဦးဖြစ်ပေမယ့် ဇီဒန်းရဲ့ နည်းပြအတွေ့အကြုံက ဘာမှ မရှိသေးပါဘူး။ ဒါကြောင့် အခုအချိန်မှာ အားလုံးတစ်သံတည်း ထွက်နေတဲ့ မေးခွန်းက ဇီဒန်းနဲ့ ရီးယဲလ် နည်းပြ ရာထူး ထိုက်တန်ရဲ့လားဆိုတာပါပဲ။ ပြီးတော့ နောက်ဆက်တွဲ မေးခွန်းအဖြစ် ရီးယဲလ်မှာ ဇီဒန်း အောင်မြင်ပါ့မလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

ရီးယဲလ်နည်းပြရာထူးကို ဇီဒန်း ရယူလိုက်ပြီးတဲ့အချိန်မှာ ကြိုဆိုထောက်ခံသူတွေရှိသလို၊ အချို့ကလည်း ရီးယဲလ်ကို နည်းပြဖို့ စောလွန်းသေးတယ်လို့ ဆိုကြပါတယ်။ အချို့ကတော့ စောင့်ကြည့်မယ်ဆိုတဲ့ ကြားနေသမားတွေပါ။ ဒါတွေက တကယ်တော့ မထူးဆန်းပါဘူး။ ဘောလုံးလောကမှာ ဖြစ်ပျက်နေကြ အရာတွေပါပဲ။

အဓိက တရားခံ

အခုလို ဇီဒန်း ရီးယဲလ်နည်းပြ မြန်မြန်ဆန်ဆန်ဖြစ်လာရတဲ့ အဓိက အကြောင်းတရားကတော့ ဘင်နီတက်ဇ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဘင်နီတက်ဇ်အနေနဲ့ ရီးယဲလ်အသင်း အာဏာပိုင်တွေ မျှော်လင့်ထားသလောက် လုပ်မပြနိုင်လို့ စောစောစီးစီး ရာထူးက ထုတ်ပယ်ခံလိုက်ရပြီး ဇီဒန်းလည်း ဒီနေရာ ရောက်လာရတာ ဖြစ်ပါတယ်။ ရီးယဲလ်ဥက္ကဋ္ဌ ဖလောရင်တီနိုပီရက်ဇ်က ဘင်နီတက်ဇ်အတွက် လုံလောက်တဲ့ ကစားသမား အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ပေးခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ခွင့်ပေးထားပေမယ့် ရလဒ်တွေက တည်ငြိမ်မှု မရှိတာကြောင့် အခုလို ရာထူးက ထုတ်ပယ်ခံလိုက်ရတယ်လို့ ပြောရမှာပါ။

ပီရက်ဇ်အနေနဲ့ ဘင်နီတက်ဇ်ကို စပြီး နည်းပြအဖြစ် ခန့်အပ်ခဲ့ကတည်းက သိပ်ပြီး ကြိုက်လှတယ်လို့ ကျွန်တော်ကတော့ မမြင်ပါဘူး။ (ဒါကြောင့်ပဲ သိပ်စောင့်မကြည့်ဘဲ ခပ်မြန်မြန်ထုတ်လိုက်တယ်လို့ ထင်ပါတယ်) အန်စလော့တီကို ထုတ်ပယ်လိုက်ချိန်မှာ ရီးယဲလ်အတွက် နည်းပြက ရွေးချယ်စရာ များများစားစား မရှိခဲ့ပါဘူး။ လက်ရှိဘောလုံးကမ္ဘာရဲ့ နာမည်ကြီးပေ့ဆိုတဲ့ နည်းပြတွေအားလုံးက သူ့အသင်းနဲ့သူရှိနေခဲ့ကြပါတယ်။ ဒါကြောင့် ပီရက်ဇ်က စပိန်လူမျိုးလည်းဖြစ်၊ လာလီဂါမှာလည်း ဗလင်စီယာနဲ့ အောင်မြင်ခဲ့ဖူးတဲ့ ဘင်နီတက်ဇ်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ နောက်တစ်ချက်က ဘင်နီတက်ဇ်ရဲ့ လီဗာပူးလ်နဲ့ ချန်ပီယံလိဂ်အောင်မြင်မှု၊ ချယ်လ်ဆီးနဲ့ ယူရိုပါလိဂ် အောင်မြင်မှုတွေဖြစ်ပါတယ်။ ဒါတွေကြောင့် ပီရက်ဇ်က ဘင်နီတက်ဇ်ကို ရွေးခဲ့တာပါ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ဘင်နီတက်ဇ်ဟာ ကမ္ဘာကျော်တွေကို ကောင်းကောင်း မထိန်းသိမ်းနိုင်ခဲ့ပါဘူး။ သူတို့ဆီက အကောင်းဆုံးခြေစွမ်းတွေကိုလည်း ရအောင် မလုပ်နိုင်ခဲ့ဘဲ ရီးယဲလ်အာဏာပိုင်တွေကို စိတ်ပျက်စေခဲ့ပါတယ်။

အသင်းက ကောင်းချင်တဲ့ပွဲဆို အလွန်ကောင်းနေပေမယ့် ခြေစွမ်းဆိုးတဲ့ပွဲဆိုလည်း ဘယ်လိုမှ ပြန်ထိန်းလို့ မရအောင်ဆိုးခဲ့ပါတယ်။ ရီးယဲလ်ရဲ့ရလဒ်တွေကို ကြည့်ရင် သိသာပါတယ်။ ၂၅ ပွဲကစားခဲ့ရာမှာ ၁၇ ပွဲနိုင်၊ ၅ ပွဲ သရေ၊ ၃ ပွဲရှုံးဆိုတဲ့ ရလဒ်က ရီးယဲလ်လိုအသင်းအတွက် လက်မခံနိုင်စရာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ခုနှစ်လတည်းနဲ့ ရာထူးက ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။

ဇီဒန်းက အနာဂတ် ရီးယဲလ်နည်းပြလား

ကျွန်တော်ကတော့ ဇီဒန်းဟာ ရီးယဲလ်ရဲ့ အနာဂတ်အတွက် လျာထားတဲ့ နည်းပြလောင်းလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူရီးယဲလ်အသင်းကို ရောက်လာခဲ့တဲ့ပုံစံနဲ့ ရယူခဲ့တဲ့ ရာထူးတွေ၊ အသင်းဥက္ကဋ္ဌပီရက်ဇ်နဲ့ ရင်းနှီးမှုတွေကြောင့် အခုလို ပြောရတာ ဖြစ်ပါတယ်။

ဖလော်ရင်တီနိုပီရက်ဇ်ဟာ ရီးယဲလ်ဥက္ကဋ္ဌ ရာထူးက ၂၀ဝ၀ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့က ပထမဆုံး ရယူခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀ဝ၁ ခုနှစ်မှာ ဂျူဗင်တပ်စ်က ပြင်သစ် ကွင်းလယ်ကစားသမား ဇီဒန်းကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ၂၀ဝ၁-ဝ၂ ရာသီမှာတော့ ဇီဒန်းက ရီးယဲလ်အသင်းကို ချန်ပီယံလိဂ်ဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ၂၀ဝ၁ ခုနှစ်ကနေ ဘောလုံးသမားဘဝက အနားယူချိန် ၂၀ဝ၆ ခုနှစ်အထိ ဇီဒန်းဟာ ရီးယဲလ်မှာပဲ ကစားပြီး အောင်မြင်မှုတွေ ရယူကာ ကစားသမားဘဝကို အဆုံးသတ်ခဲ့ပါတယ်။

အဲ့ဒီနောက် ဇီဒန်းဘောလုံးလောကနဲ့ ကင်းကွာနေခဲ့ပါတယ်။ ပီရက်ဇ်လည်း ရီးယဲလ်ဥက္ကဋ္ဌအဖြစ်က နားသွားခဲ့ပါတယ်။ ၂၀ဝ၉ ခုနှစ်မှာတော့ ပီရက်ဇ် ရီးယဲလ်ဥက္ကဋ္ဌ ပြန်ဖြစ်လာပါတယ်။ အဲ့ဒီအချိန်မှာ ဇီဒန်းလည်း ရီးယဲလ်ကို ဥက္ကဋ္ဌရဲ့ အကြံပေးအဖြစ် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ နည်းပြမော်ရင်ဟိုနဲ့ အသင်းကို အထူးအကြံပေးအဖြစ် ဇီဒန်း ရှိနေခဲ့ပါတယ်။ သိပ်မကြာခင်ပဲ ရီးယဲလ်ရဲ့ အားကစားဒါရိုက်တာ ဖြစ်သွားပြန်ပါတယ်။

မော်ရင်ဟို ထုတ်ပယ်ခံလိုက်ရပြီး အန်စလော့တီ ရောက်လာချိန်မှာတော့ ဇီဒန်းက လက်ထောက်နည်းပြဖြစ်လာခဲ့ပါတယ်။ အန်စလော့တီရဲ့လက်အောက်မှာ ပညာသင်ကြားရင်း လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေကို အတူတကွ ရယူနိုင်ခဲ့ကြပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ ဇီဒန်းဟာ ရီးယဲလ်မက်ဒရစ် (ခ) အသင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ် ကက်စတီလာရဲ့ နည်းပြ ဖြစ်လာခဲ့ပါတော့တယ်။ ရီးယဲလ် (ခ) အသင်းကို ပွဲပေါင်း ၅၇ ပွဲ နည်းပြလုပ်ခဲ့ရာမှာ ၂၆ ပွဲနိုင်၊ ၁၇ ပွဲသရေကျပြီး ၁၄ ပွဲ ရှုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းကတော့ ဇီဒန်းရဲ့ ရီးယဲလ်(ခ)အသင်းဟာ ဆီဂန်ဒါ(ဘီ) မှာ အဆင့်ခြောက်နေရာကနေ အဆုံးသတ်ခဲ့ပါတယ်။

အခု ကျွန်တော်ဖော်ပြခဲ့တဲ့ ဇီဒန်းနဲ့ ရီးယဲလ်တို့ရဲ့ ပတ်သက်လာမှုတွေကို ကြည့်ရင် ရီးယဲလ်အသင်း အာဏာပိုင်တွေဟာ ဇီဒန်းကို အနာဂတ် ရီးယဲလ်နည်းပြအဖြစ် လျာထားတဲ့ ပုံပေါ်ပါတယ်။ ဒီလောက် မြန်မြန် မျှော်လင့်မထားခဲ့ကြပေမယ့် အခြေအနေ အကြောင်းကြောင်းကြောင့် ဇီဒန်းကတော့ ရီးယဲလ်နည်းပြ ဖြစ်လာခဲ့ရပါပြီ။

ရီးယဲလ်မှာ ဇီဒန်း အောင်မြင်နိုင်သလား

ဇီဒန်းကတော့ သူပထမဆုံး ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အစွမ်းရှိသလောက် ကြိုးစားမယ်လို့ဆိုခဲ့ပြီး ဒီရာသီမှာတင် ဆုဖလား တစ်ခုခု ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဆိုခဲ့ပါတယ်။ ဒါကို ဥက္ကဋ္ဌ ပီရက်ဇ်ကလည်း ထောက်ခံခဲ့ပါတယ်။

ဇီဒန်းအနေနဲ့ ရာသီအဆုံးမှာ အောင်မြင်တာ၊ မအောင်မြင်တာထက် ပထမဆုံးလုပ်ရမှာကတော့ ကစားသမားတွေနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးကို ပုံဖော်နိုင်ဖို့ပါပဲ။ ဒီအချက်နဲ့ ပတ်သက်ပြီး သိပ်ပြီး စိတ်ပူစရာမရှိဘူးလို့ ပြောရင်တော့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဇီဒန်းက လက်ရှိရီးယဲလ်အသင်းသား အများစုနဲ့ အစိမ်းသက်သက် မဟုတ်ပါဘူး။ အန်စလော့တီနဲ့အတူ ၂ နှစ်လောက် လက်တွဲခဲ့ဖူးပြီးသားပါ။ အသင်းက အဓိက ကစားသမားတွေဖြစ်တဲ့ စီရော်နယ်ဒို၊ ရာမို့စ်၊ ဘန်ဇီမာ၊ ဘေးလ်၊ မိုဒရစ်၊ ပီပီ စသူတွေရဲ့ ရင်းနှီးပြီးသားပါ။ သူကိုယ်တိုင်လည်း ထိပ်တန်းကစားသမား တစ်ဦးအဖြစ် ကစားသမားဘဝကို ဖြတ်သန်းလာသူဖြစ်လို့ ထိပ်တန်းကစားသမားတွေရဲ့ စိတ်နေစိတ်ထားကို သိရှိပြီး ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အသင်းအတွင်း ကစားသမားတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ဇီဒန်း သိပ်ပြီး ညံ့မယ် မထင်ပါဘူး။

နောက်တစ်ချက်က အားလုံးဝေဖန်နေကြတဲ့ ဇီဒန်းရဲ့ နည်းပြ အတွေ့အကြုံပါ။ ဟုတ်ပါတယ်။ ဇီဒန်းဟာ နည်းပြ အတွေ့အကြုံ အလွန် နုနယ်သူပါ။ ဒါပေမဲ့ တစ်ဖက်က ပြန်ကြည့်ရင်တော့ သူဟာ အောင်မြင်မှု ကြီးကြီးမားမားရခဲ့ကြတဲ့ ထိပ်တန်းနည်းပြတွေ လက်အောက်မှာ ကစားခဲ့ဖူးသူဖြစ်သလို ကိုယ်တိုင်ကလည်း နည်းစနစ်ပိုင်း ကြွယ်ဝပိုင်နိုင်သူတစ်ဦး ဖြစ်နေပါတယ်။ ကမ္ဘာ့ဖလားဆုကို ရရှိခဲ့ဖူးတဲ့ နည်းပြတွေဖြစ်တဲ့ ဒဲလ်ဘော့စကေးနဲ့ မာဆယ်လိုလစ်ပီတို့လို လက်အောက်မှာ ကစားခဲ့ဖူးသလို အန်စလော့တီနဲ့ မော်ရင်ဟိုတို့လို ထိပ်တန်းနည်းပြတွေနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးသူ ဖြစ်တာကြောင့် ဇီဒန်းအနေနဲ့ အတွေ့အကြုံ
အတော်အတန် ရရှိနေပြီလို့ ဆိုလို့ရပါတယ်။ ဒါကြောင့် ဇီဒန်းအနေနဲ့ အသင်းရဲ့ဟန်ချက်ကို ထိန်းသိမ်းရာမှာ ဆိုးဆိုးရွားရွားဖြစ်သွားဖို့တော့ မရှိလောက်ဘူးလို့ ထင်ပါတယ်။ ရီးယဲလ်နဲ့ အောင်မြင်နိုင်သလားဆိုတဲ့ မေးခွန်းအတွက်ကတော့ ဖြေဖို့စောလွန်းနေပါသေးတယ်။ ဇီဒန်းအနေနဲ့ ပထမဆုံးကိုင်တွယ်ရမယ့် ဒီပို့တီဗို၊ စပို့တင်းဂီဂျွန်၊ ဘက်တစ်၊ အက်စ်ပန်ညိုနဲ့
ဂရန်နာဒါတို့နဲ့ ပွဲစဉ်တွေမှာပဲ ရလဒ်ကောင်း ရရှိအောင် အရင်ဆုံးစွမ်းဆောင်ပြရပါလိ့မ်မယ်။

ဇီဒန်းကံကောင်းတဲ့ တစ်ချက်က ပွဲစဉ် ဇယားလည်းဖြစ်ပါတယ်။ သူ ပထမဆုံးကိုင်တွယ်ရမယ့် ပွဲစဉ်တွေက အသင်းကြီးတွေနဲ့ မဟုတ်တာကြောင့် ရလဒ်ကောင်းတွေ ရရှိဖို့ အရမ်းခက်ခဲမှာ မဟုတ်ပါဘူး။ ပထမဆုံး ငါးပွဲမှာ ရလဒ်တွေ ကောင်းသွားခဲ့ရင် ယုံကြည်မှုလည်း မြင့်မားလာပြီး ရှေ့ကို ကောင်းကောင်းလျှောက်နိုင်ပါလိ့မ်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဇီဒန်းကတော့ ရီးယဲလ် နည်းပြဖြစ်လာခဲ့ပါပြီ။ အသင်းဥက္ကဋ္ဌရဲ့ ထောက်ခံမှုကိုလည်း အပြည့်အဝရရှိထားသူဖြစ်လို့ ဇီဒန်းရဲ့ ရီးယဲလ်နည်းပြဘဝက အရမ်းကြီး ခက်ခဲဆိုးရွားနေမှာ မဟုတ်ပါဘူး။ ပီရက်ဇ်ရဲ့ ၁၂ နှစ်တာ ဥက္ကဋ္ဌသက်တမ်းအတွင်းမှာ ရီးယဲလ်ရဲ့ ၁၁ ယောက်မြောက် နည်းပြဖြစ်လာတဲ့ ဇီဒန်းက ရီးယဲလ်အတွက် မှန်ကန်တဲ့ နည်းပြ ဖြစ်လာမလား၊ ဖြစ်မလားဘူးလားဆိုတာကတော့ အနာဂတ်ကပဲ အဖြေပေးသွားပါလိ့မ်မယ်။

ကိုငြိမ်းမောင်

Hyper Sports Magazine No. 25

.page-node-9724 .page-subtitle{ display: none; }

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly