ဂွါဒီယိုလာကို ခေါ်ယူရန် ချယ်လ်ဆီးအသင်း လက်မလျှော့သေး

ဂွါဒီယိုလာကို ခေါ်ယူရန် ချယ်လ်ဆီးအသင်း လက်မလျှော့သေး

လန်ဒန်၊ ဇန်နဝါရီ ၁၁။            ။ ယခုနှစ်ရာသီအကုန်တွင် ဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာတော့မည့် နည်းပြ ဂွါဒီယိုလာကို ခေါ်ယူရန် လက်မလျှော့သေးကြောင်း ချယ်လ်ဆီးအသင်းက ပြောဆို ထားသည်။

ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ အောင်မြင်မှုများ ရယူနိုင်ခဲ့သည့် ဂွါဒီယိုလာသည် ရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး ထပ်မံစာချုပ်ချုပ်ဆိုတော့မည်မဟုတ်ကြောင်း တရားဝင်ကြေညာ ထားပြီး ဖြစ်သည်။ ထို့အပြင် ၎င်းက အင်္ဂလန်တွင် နည်းပြလိုသည့်အတွက် ဂျာမနီကို စွန့်ခွာခဲ့ခြင်းဖြစ်ကြောင်းလည်း တရားဝင် ပြောဆိုထားသည်။

ယခုအချိန်တွင် ဂွါဒီယိုလာကို ခေါ်ယူရန် မန်ယူ၊ မန်စီးတီးနှင့် ချယ်လ်ဆီးတို့က အပြိုင်ကြိုးပမ်းနေကြသလို အာဆင်နယ်အသင်း သည်ပင် ဂွါဒီယိုလာကိုခေါ်ယူလိုသည့် အသင်းစာရင်း၌ ပါဝင်လျက်ရှိသည်။

မန်စီးတီးအသင်းသည် ရာသီအကုန်တွင် ပယ်လီဂရီနီ၏နေရာ၌ ဂွါဒီယိုလာနှင့် အစားထိုးနိုင်မည်ဟု ယုံကြည်လျက်ရှိနေသော်လည်း ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်ကလည်း ဂွါဒီယိုလာ၏ အခြေအနေကို စောင့်ကြည့်နေသည်။

ရုရှ ဘီလျံနာ အေဗရာမိုဗစ်ချ်သည် ဂွါဒီယိုလာ၏ အရည်အချင်းနှင့်စွမ်းဆောင်ရည်ကို နှစ်သက်သဘောကျနေသည်မှာ အချိန်ကာလကြာမြင့်နေပြီဖြစ်သည်။

'မန်စီးတီးက ဂွါဒီယိုလာကို ခေါ်ယူနိုင်မယ်လို့ တွေးထင်နေကြပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးအသင်းကလည်း ဂွါဒီယိုလာကို ခေါ်ဖို့ ကြိုးစားနေဆဲပါပဲ' ဟု စပိန်နည်းပြနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဂွါဒီယိုလာကလည်း 'အင်္ဂလန်မှာ နည်းပြခွင့်ရဖို့ အခွင့်အရေးတွေ ရရှိနေပါပြီ။ ပရီးမီးယားလိဂ်မှာ နည်းပြဖို့ မှန်ကန်တဲ့ အသက်အရွယ်၊ မှန်ကန်တဲ့ အချိန်ကို ရောက်ပြီလို့ ခံစားရပါတယ်' ဟု ပြောသည်။

ဂွါဒီယိုလာ၏ ဇနီးဖြစ်သူ ခရစ္စတီနာဆာရာက လန်ဒန်မြို့ကို သဘောကျနေသောကြောင့် ချယ်လ်ဆီးအသင်းတွင် အခွင့်အရေးများ ရှိနေသည်။

Ref: Daily Star

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly