ကျော်ကိုကို မပါဝင်နိုင်သည့်အတွက် တိုက်စစ်အားနည်းပြီး မကွေးကို ရှုံးခဲ့ခြင်းဟု အီမာဆင် သုံးသပ်

ကျော်ကိုကို မပါဝင်နိုင်သည့်အတွက် တိုက်စစ်အားနည်းပြီး မကွေးကို ရှုံးခဲ့ခြင်းဟု အီမာဆင် သုံးသပ်
ရန်ကုန်နည်းပြ အီမာဆင်ကို တိုယိုတာ-မဲခေါင်ဖလားသတင်းစာရှင်းလင်းပွဲတွင်တွေ့ရစဉ်။ (ဓာတ်ပုံ- YUFC)

ဇန်နဝါရီ ၁၁၊ ရန်ကုန်။          ။ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်-၁တွင် မကွေးအသင်းကို ၂-၁ ဂိုးဖြင့်ရှုံးခဲ့ခြင်းမှာ တိုက်စစ်မှူး ကျော်ကိုကို မပါဝင်နိုင်ခဲ့သည့်အတွက် တိုက်စစ်အားနည်း ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ရန်ကုန်အသင်း၏ဘရာဇီးနည်းပြ အီမာဆင်က ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် သုံးသပ်ခဲ့သည်။

ရန်ကုန်အသင်းမှာ မကွေးနှင့်ပွဲတွင် တိုက်စစ်မှူး ကျော်ကိုကို မပါဝင်နိုင်သည့်အတွက် လူငယ်တိုက်စစ်မှူး သန်းပိုင်ကိုပွဲထုတ်ခဲ့ပြီး ပွဲချိန်အတွင်းအခွင့်အရေးများစွာရခဲ့သော်လည်း အဆုံးသတ်အားနည်း ခဲ့သည့်အတွက် ချေပဂိုး တစ်ဂိုးသာရရှိခဲ့သည်။ “ပထမပိုင်း ၁၅ မိနစ်မှာ ကျွန်တော့ ကစားသမားတွေ အကောင်းဆုံး မကစားနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဒီနေ့ ပွဲမှာ အဓိက တိုက်စစ်မှူး ကျော်ကိုကို မပါဝင်နိုင်ခဲ့တဲ့ အတွက်ကြောင့်လည်း တိုက်စစ်ဆင်ရာမှာ အနည်းငယ် အားပျော့ ခဲ့ရ ပါတယ်။”ဟု အီမာဆင်က ပြောသည်။

မကွေးကို ရှုံးနိမ့်ခဲ့သောပွဲတွင် ရန်ကုန်အသင်း ကွင်းလယ်ကစားသမား ကျော်မင်းဦးလည်း ဒဏ်ရာရခဲ့သဖြင့် စွမ်းထက်အောင်နှင့်လူစားလဲခဲ့ရသည်။ ကျော်မင်းဦး၏ဒဏ်ရာအခြေအနေနှင့်ပတ်သက်ပြီး အီမာဆင်က “ကျော်မင်းဦးဒဏ်ရာအခြေအနေကို ကျွန်တော်သေချာမသိသေးပါဘူး။ သူအမြန်ဆုံးပြန်ကောင်းလာဖို့ မျှော်လင့်ပါတယ်။

ကျော်မင်းဦးက အသင်းအတွက် အရေးပါတဲ့ကစားသမားတစ်ဦးပါ။”ဟု အီမာဆင်က ပြောသည်။ ရန်ကုန်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်-၂အဖြစ် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly