၂၀၁၅ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် မက်ဆီ ဘာကြောင့် ရေပန်းအစားဆုံးဖြစ်နေသလဲ

၂၀၁၅ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် မက်ဆီ ဘာကြောင့် ရေပန်းအစားဆုံးဖြစ်နေသလဲ

၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆုပေးပွဲကို ဇန်နဝါရီ ၁၁ ရက်မှာ ပြုလုပ်တော့မှာဖြစ်ပါတယ်။ အဲဒီဆုအတွက် ဆန်ကာတင် သုံးဦးကတော့ စီရော်နယ်ဒို၊ မက်ဆီနဲ့ နေမာတို့ပဲဖြစ်ပါတယ်။ အဲဒီထဲကမှ မက်ဆီကရေပန်းအစားဆုံးဖြစ်နေပြီး ဘာကြောင့် ဒီလိုဖြစ်နေတာလဲ ဆိုတာက ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

တကယ်တော့ ၂၀၁၅ နှစ်စဆိုတာ မက်ဆီအတွက် ကောင်းတဲ့ တာထွက်တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ နည်းပြအင်းနရစ်နဲ့သူ့အကြား မီဒီယာတွေက မေးခွန်းထုတ်နေကြချိန်မှာ စီရော်နယ်ဒို ကမ္ဘာ့အကောင်းဆုံးဆုရသွားတာကို ထိုင်ကြည့်နေခဲ့ရပါတယ်။ အာဂျင်တီးနားမှာဆိုရင်လည်း ကမ္ဘာ့ဖလားတုန်းက ခြေစွမ်းကြောင့် ဝေဖန်မှုတွေရှိနေတာပါ။

၂၀၁၅ ဖေဖော်ဝါရီမှာ မက်ဆီအတွက် ကောင်းမွန်မှုတွေ အစပြုလာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၅ မှာ လီဗန်တေးနဲ့ကစားတဲ့ပွဲဟာ သူ့အတွက် လာလီဂါ ၃၀၀ ပြည့်ဖြစ်ပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

မတ် ၈ ရက်မှာလည်း ဗယ်လ်ကာနိုဟာ မက်ဆီရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ အမြန်ဆုံး ဟက်ထရစ်သွင်းယူခံရမယ့် အသင်းဖြစ်ခဲ့ပါတယ်။ မက်ဆီအနေနဲ့ ဟက်ထရစ်သွင်းဖို့ အချိန် ၁၂ မိနစ်ပဲယူခဲ့ရပါတယ်။

ဂိုးတွေနဲ့ပတ်သက်ပြီး မက်ဆီအတွက် ကံကောင်းတဲ့ နှစ်တစ်နှစ်လို့ဆိုရမှာဖြစ်ပြီး ဧပြီလအတွင်း ဗလင်စီယာနဲ့ပွဲမှာ ဘာစီလိုနာအတွက် သူ့ရဲ့ ၄၀၀ ပြည့်ဂိုးကို သွင်းနိုင်ခဲ့ပါတယ်။

မေ ၆ ရက်မှာ ဘိုင်ယန်မြူးနစ်နဲ့ကစားတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲမှာလည်း ဘိုတန်ကို ဖင်ထိုင်လဲကျစေအောင် ဖြတ်ကျော်ပြီး ဂိုးသွင်းနိုင်ခဲ့လို့ ချီးကျူးခံခဲ့ရပါတယ်။

၂၀၁၄-၁၅ ဘောလုံးရာသီချန်ပီယံဆုကို ဗင်ဆင်တီကယ်ဒါရွန်ကွင်းမှာ ဘာစီလိုနာတို့ ရယူနိုင်ခဲ့ပါတယ်။ ဒီဖလားကို ရယူနိုင်ဖို့အတွက် မက်ဆီက အက်သလက်တီကိုနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်နဲ့ကစားတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဖိုင်နယ်ပွဲရဲ့ အကောင်းဆုံးကစားသမား တစ်ဦးဖြစ်ခဲ့ပါသေးတယ်။ ဘာစီလိုနာအသင်းကလည်း တစ်နှစ်အတွင်း ဆုဖလားအများဆုံးရအသင်းဖြစ်သွားခဲ့ပါတယ်။

ကိုပါဒယ်ရေးမှာလည်း မက်ဆီတစ်ဂိုးသာသွင်းနိုင်ခဲ့ပေမယ့် နည်းပြလူးဝစ်အန်းနရစ်ရဲ့ ဘာစီလိုနာအသင်းကတော့ စံချိန်တစ်ခုအဖြစ် ဖလားသုံးလုံးကို ဒုတိယအကြိမ်မြောက်ရရှိခဲ့ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအသင်းကို ကိုပါအမေရိကဖလားဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးခဲ့ပေမယ့် အိမ်ရှင်ချီလီအသင်းကို ရှုံးခဲ့လို့ နိုင်ငံတကာဆုဖလား ကျိန်စာသင့်နေတုန်းပဲလို့ ဆိုရမှာဖြစ်ပါတယ်။

အဓိကဆုဖလားကြီးတစ်ခု မဟုတ်ပေမယ့်လည်း ဥရောပစူပါဖလားကလည်း တန်ဖိုးရှိ ဆုဖလားပါပဲ။ ဘာစီလိုနာတို့ ခက်ခက်ခဲခဲကစားခဲ့ရပြီး ၅-၄ ဂိုးနဲ့နိုင်ခဲ့ရာမှာ မက်ဆီက အဖွင့်ဂိုးသွင်းခဲ့ပါတယ်။

တစ်နှစ်အတွင်း ဘာစီလိုနာအတွက် တစ်ခုတည်းသော စိတ်ပျက်စရာနဲ့ ကိုပါအမေရိကပြီးနောက် မက်ဆီအတွက် ဒုတိယမြောက် စိတ်ပျက်စရာ ဖလားကတော့ စူပါကိုပါဖလားပဲဖြစ်ပါတယ်။ ကိုပါဒယ်ရေးဖလားတုန်းက အနိုင်ရခဲ့တဲ့ ဘီလ်ဘာအိုကို စူပါကိုပါဖလားမှာ ပြန်လည်ရှုံးနိမ့်ခဲ့ရတာပါ။

၂၀၁၅ ဟာ မက်ဆီအတွက် မိသားစုဘဝမှာလည်း ကောင်းမွန်တဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ဇနီးသည် အန်တိုနယ်လာက ဒုတိယမြောက် သားလေးကို မွေးဖွားပေးခဲ့လို့ပါ။

ကွင်းပြင်ပမှာ အားလုံးတော့ ကောင်းမနေခဲ့ပါဘူး။ အခွန်ပြဿနာကြောင့် ခေါင်းကြီးသတင်းအဖြစ် ဘဝမှာ အကြိမ်အများဆုံး ဖော်ပြခံခဲ့ရပါတယ်။

ကမ္ဘာ့ဘောလုံးကစားသမားဆုကတော့ ၂၀၁၅ မှာ မက်ဆီအတွက် တစ်ဦးချင်း အကောင်းဆုံးဆုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီဆုကို ဒူဘိုင်းမှာ သွားယူခဲ့တာဖြစ်ပါတယ်။

သြဂုတ် ၂၇ မှာလည်း ၂၀၁၅ ဥရောပအကောင်းဆုံး ကစားသမားဆုကို ရခဲ့ပါသေးတယ်။ ဒီတစ်ခါတော့ ပလာတီနီဆီက ဆုလက်ခံရယူနေတဲ့ မက်ဆီကို စီရော်နယ်ဒိုက ကြည့်နေခဲ့ရပါတယ်။

စက်တင်ဘာ ၁၆ ရိုးမားနဲ့ပွဲမှာ မက်ဆီဟာ ချန်ပီယံလိဂ်ပွဲ ရာပြည့်ခဲ့ပါတယ်။ သူဟာ ၂၀၀၄ စက်တင်ဘာ ၁၇ မှာ ချန်ပီယံလိဂ် ပွဲဦးထွက်ခဲ့တာပါ။

၂၀၁၅-၁၆ ဘောလုံးရာသီအစပိုင်းကတော့ မက်ဆီအတွက် အခက်ခဲဆုံးဖြစ်ခဲ့ပြီး စက်တင်ဘာအတွင်း လက်စ်ပါးမက်နဲ့ပွဲမှာ ဒဏ်ရာရခဲ့ပါတယ်။ နှစ်လလောက်နားခဲ့ရပြီး ကြားကာလမှာ ဆွာရက်ဇ်နဲ့ နေမာတို့က ဘာစီလိုအတွက် ဂိုးသွင်းတွေ သွင်းယူခဲ့ကြပါတယ်။

လာလီဂါပြိုက်ဘက်ကြီး ရီးယဲလ်မက်ဒရစ်ကို ၄-၀ နဲ့နိုင်လိုက်တာက မက်ဆီနဲ့ ဘာစီလိုနာအတွက် ချိုမြိန်တဲ့ အောင်မြင်မှုကြီးဖြစ်ခဲ့ပြီး ဒဏ်ရာက သက်သာလာတဲ့ မက်ဆီဟာ ပြီးပွဲကာနီးမှာ ဝင်ကစားခဲ့ပါတယ်။

၂၀၁၅ ဇန်နဝါရီမှာ ရွှေဘောလုံးဆုနဲ့လွဲခဲ့ပေမယ့် တစ်နှစ်တာလုံးမှာတော့ တစ်ဦးချင်းရော အသင်းနဲ့ပါ ဆုတံဆိပ်တွေ ဖလားတွေ ရရှိခဲ့ပါတယ်။ ၂၀၁၄-၁၅ လာလီဂါအကောင်းဆုံးကစားသမားဆုကိုလည်း သူပဲရရှိခဲ့ပါတယ်။

ကမ္ဘာကျော် အားကစားဝက်ဘ်ဆိုက် ဂိုးဒေါ့တ်ကွန်းကပေးတဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း စီရော်နယ်ဒိုကို ကျော်ပြီး ရရှိခဲ့ပါတယ်။

ကမ္ဘာ့ကလပ်ဖလားကလည်း ဘာစီလိုနာနဲ့ မက်ဆီအတွက် အချိုပေါ်သကာဆင့်ခဲ့ပြန်ပါတယ်။ ဂျပန်မှာ ကစားတဲ့ ရေးဗားပလိတ်နဲ့ ဗိုလ်လုပွဲ မှာ မက်ဆီက အဖွင့်ဂိုးသွင်းခဲ့ပါတယ်။

ဒီဇင်ဘာ ၃၀ ဘက်တစ်နဲ့ပွဲကတော့ သူ့ရဲ့ဘာစီလိုနာကစားသမားဘဝ ၅၀၀ ပြည့်ပွဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required