ဗန်းမောက်တွင် အမျိုးသားတစ်ဦး တစ်လင်တစ်မယား ဥပဒေဖြင့် အရေးယူခံရ

ဗန်းမောက်တွင် အမျိုးသားတစ်ဦး တစ်လင်တစ်မယား ဥပဒေဖြင့် အရေးယူခံရ

မုံရွာ၊ ဇန်နဝါရီ ၁၀။                ။ စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်တွင် နောက်မိန်းမယူကာ ပေါင်းသင်းနေထိုင်သော အမျိုးသားတစ်ဦးအား တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် ဇန်နဝါရီ ၈ရက်က အရေးယူထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကသာမြို့နယ် ဆင်ကုန်းရွာနေ မောင်အောင်ဇော်ထိုက်(ခ) သန်းမြင့်ဦး၊ (၂၂) နှစ်၊ (ဘ) ဦးအောင်သန်း ဆိုသူသည် ဗန်းမောက်မြို့နယ်၊ စက်တောရွာနေ အမျိုးသမီးတစ်ဦး နှင့် ကသာမြို့နယ်တွင် ပေါင်းသင်းနေထိုင်ခဲ့ပြီး ၎င်းတွင် တရားဝင်ဇနီးမယားရှိသည့်အတွက် ယင်းသို့ အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး၏ မိခင်မှ ဇန်နဝါရီ ၃ ရက်နေ့တွင် သမီးဖြစ်သူမှာ အပြင်ထွက်သွားရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသည့် အတွက် စုံစမ်းရှာဖွေခဲ့ရာမှ ယင်းသို့ သိရှိခဲ့ရခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

မိခင်က သမီးဖြစ်သူအား သွားရောက်ခေါ်ဆောင်ပြီး မေးမြန်းရာ ၎င်း၏ သမီးနှင့် ပေါင်းသင်းနေထိုင်နေသူမှာ တရားဝင် ဇနီးမယားရှိသူတစ်ဦးဖြစ်ကြောင်း၊ စိတ်သဘောထားချင်းမတိုက်ဆိုင်၍ တစ်လခန့် ကွဲကွာနေသူဖြစ်ပြီး ဇနီးဖြစ်သူနှင့် တရားဝင်ကွာရှင်းထားခြင်း မရှိသေးကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် တရားဝင်ဇနီးမယားအား ကွာရှင်းထားခြင်းမရှိဘဲ အခြားအမျိုးသမီး တစ်ဦးအား ခိုးယူပေါင်းသင်းနေထိုင်သူ မောင်အောင်ဇော်ထိုက်အား အရေးယူ ပေးပါရန် မိခင်ဖြစ်သူမှ တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် သက်ဆိုင်ရာ ဗန်းမောက်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ (ပ)၈/၂၀၁၆၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃ ဖြင့် အမှုဖွင့် အရေးယူထားထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required