အိမ်ယာဖွံ့ဖြိုးရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းအတွက် ဘဏ်တွေဆီက အထောက်အကူ ဘယ်လောက်ရပြီလဲ

10 January 2016
အိမ်ယာဖွံ့ဖြိုးရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းအတွက် ဘဏ်တွေဆီက အထောက်အကူ ဘယ်လောက်ရပြီလဲ

ဒီတစ်ပတ်အတွက် 7 Minns  အစီစဉ်မှာတော့ ဆောက်လုပ်ရေးနဲ့ အိမ်ယာ ဖွံ့ဖြိုးမှုဘဏ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းဇော်နဲ့ တွေ့ဆုံ မေးမြန်းခန်း ဖြစ်ပါတယ်ရှင့်။ အိမ်ယာဖွံ့ဖြိုးမှုနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ဒီဘဏ်ကနေ ဘယ်လောက် ထိ ကူညီပေးနေလဲဆိုတာကို မဇ္ဈိမက ဦးဝင်းဇော်နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး - အန်ကယ်ဦးဝင်းဇော် မင်္ဂလာပါရှင့်။ အခုအရင်ဦးဆုံး အနေနဲ့ပေါ့နော်။ ပြည်တွင်းမှာ နေထိုင်တဲ့ သူတွေတော့ အိမ်ယာပိုင်ဆိုင်မှုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလုပ်ငန်းတွေ ဘဏ်လုပ်ငန်းကို လုပ်ကိုင်ခဲ့တာ ၃ နှစ်ရှိပြီဆိုတော့ ဒီ၃နှစ်အတွင်းမှာ အိမ်ယာပိုင်ဆိုင်မှုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ချေးငွေပမာဏကို ဘယ်လောက် အတိုင်းတာထိ လုပ်ပေးနိုင်ခဲ့လည်း ဆိုတာ အရင်ဆုံး ပြောပြပါရှင်။

ဖြေ - အိမ်ယာ နဲ့ ပတ်သက်လို့ ဘဏ်အနေနဲ့ ချေးငွေ ပေးရတဲ့ လုပ်ငန်းက နှစ်မျိုး ရှိတာပေါ့။ တစ်မျိုးကတော့ အိမ်ယာတွေ ထုတ်လုပ်တဲ့လူတွေ ဆောက်လုပ်တဲ့လူတွေကို ချေးပေးရတဲ့ ငွေနဲ့ ပြီးတော့ဆောက်လုပ်ထားတဲ့ အိမ်တွေကို ဝယ်ယူမယ့်သူကို ချေးပေးရတဲ့ ငွေပေါ့။ ဆိုတော့ ပြီးခဲ့တဲ့ ၂နှစ်နဲ့ ၃နှစ်တာ အတွင်းမှာ လုပ်ကိုင်ခဲ့ရတဲ့ အနေထားပေါ်မှာ ကြည့်မယ်ဆိုရင်တော့ အိမ်ဆောက်တဲ့သူတွေကိုတော့ ကျွန်တော်တို့က ၁၀၀ နဲ့ ၄ ဘီလီလျံကျပ်လောက် ချေးထားပေးနိုင်ပြီးတော့မှ အိမ်ဝယ်တဲ့ သူတွေကို အခုလောလောဆယ်မှာ ၁.၂ ဘီလီလျံလောက်တော့ ချေပေးထားနိုင်ပြီလို့ ဖြေကြားလို့ရပါတယ်။

မေး - ဟုတ်ကဲ့ရှင့် ဒီတစ်ဆက်တည်းမှာပေါ့နော်။ ဘဏ်ရဲ့ အပ်ငွေပမာဏ မြင့်တက်လာမှုနဲ့  ရေရှည်ရပ်တည်ဖို့ အတွက် ဘယ်လိုတွေများ စီစဉ်ထားလဲဆိုတာ ပြောပြပါရှင်။

ဖြေ - ကျွန်တော်တို့ ဘဏ်အနေနဲ့ ပြောရမယ်ဆိုရင် ဘဏ်က ၂၀၁၃/၁၄ ခုလောက်မှာ စပြီး ထူထောင်ခဲ့တာလေ။ ၂၀၁၃ ခုနှစ်လောက်မှာ စပြီး ထူထောင်ခဲ့တာ ပြန်ကြည့်မယ်ဆိုရင် အဲဒီအချိန်တွင်းမှာပဲ ဘဏ်ရဲ့ တကယ်အပ်ငွေဟာ ၄.၆ ဘီလီလျံလောက်ပဲ ရှိတယ်။ ဒါပေမယ့် ၂၀၁၄/၁၅ လောက် ကြလာတဲ့အခါကျတော့ သူ့ရဲ့ အပ်ငွေတွေဟာ ၂၈ ဘီလျံထိ တိုးတက်လာပါတယ်။ အခုဆိုရင် ၂၀၁၅/၁၆ အစပဲရှိသေးပေမယ့် ကျွန်တော်တို့မှာ အပ်ငွေဟာ ၅၂ ဘီလျံလောက်ထိ တက်လာတာကို တွေ့ရတယ်။ အဓိကအားဖြင့် ဝယ်မယ့်သူတွေအနေနဲ့ ဝယ်ချင်လို့ စုတဲ့ငွေတွေ ပါသလို ချေးလိုတဲ့လူတွေအနေနဲ့လည်း အိမ်ဆောက်တဲ့ လူတွေကို ပေးဖို့ ငွေတွေကို ဒီမှာလာပြီး အပ်နှံတဲ့ ငွေတွေလည်း ရှိပါတယ်။ ဒီနေရာမှာ ရှေ့ဆက်ပြီးတော့ ကျွန်တော်တို့ ဘဏ်အနေနဲ့ သူတို့တွေကို ချေးပေးနိုင်တဲ့ ကိစ္စနဲ့ ပတ်သက်လို့  ပြည်သူလူထုကော ဘဏ်ကော အဆင်ပြေလာနိုင်အောင်လို့  ကျွန်တော်တို့ ဘက်က စီစဉ်ထားတဲ့ ကိစ္စတစ်ရပ်ဟာဆိုရင် ငွေစုစနစ်လေး တစ်ခုကို ထူထောင်ဖို့ စီစဉ်ထားပါတယ်။ ဒီငွေစုစနစ်ကလေးဟာ ဘာလဲဆိုရင် လူတစ်ယောက်ဟာ ကိုယ့်ရဲ့ အိမ်မက်ကလေးမှာ အိမ်လေးတစ်လုံးကို ပိုင်ဆိုင်ချင်ပါတယ်ဆိုတဲ့ အိမ်မက်လေးကို ဖြည့်ဆည်းနိုင်ဖို့အတွက် သူဟာ ငွေကို တစ်ဖြေးဖြေးနဲ့ စုဆောင်းရမယ်လို့ ဆိုတဲ့အရာလေးကို ပြန်ပြီးတော့ သိလာအောင် ဒီအရာလေး တစ်ခုကို ဆောင်ရွက်နေတယ်။ ဆိုလိုတာကတော့ ပုံမှန်လစဉ်ကို ဒီခေါင်းစဉ်နဲ့ ပုံမှန်စုနေမယ်ဆိုရင် သူအိမ်ဝယ်တဲ့အခါ သူ့ရဲ့ ၃၀% ပေးရမယ့်ငွေကို သူစုပြီးသား ဖြစ်လာမယ်။ ပြီးတော့ လစဉ် လစဉ်ပေးဆပ်ရမယ့် ငွေတွေကိုလည်း သူစုပြီးသား ဖြစ်လာမယ်။ အဲဒီအပြင်တွင်လည်း ဒီအိမ်တွေကို ဝယ်ပြီးသွားလို့ ပြည့်စုံသွားတဲ့ အချိန်မှာလည်း သူစုဆောင်းထားတဲ့ ငွေတွေဟာ သူ့အိမ်လေးရဲ့ လစဉ် နှစ်စဉ် ပြင်ဆင်တဲ့ စရိတ်၊ လစဉ်၊ နှစ်စဉ်၊ အိမ်နဲ့ ပတ်သက်လို့ အာမခံထားရတဲ့ စားရိတ် ဒါလေးတွေကို ဖာမိနိုင်အောင် လုပ်နိုင်တယ်ဆိုတဲ့ home naugatuck savings ဆိုတဲ့ ဒီခေါင်းစဉ်လေးနဲ့ငွေစုဖို့အတွက်ကို အခုတို့တွေ ဖြစ်မြောက်အောင် ဆောင်ရွက်နေပါတယ်။

မေး - ဟုတ်ကဲ့ပါရှင့်။ တစ်ချို့ ပြန်ကြားရတာလည်း ဘဏ်တွေဘက်ကနေ ကောင်းကောင်းမွန်မွန် တကယ် မကူညီနိုင်ဘူးပေါ့နော်။ ပြီးတော့ တကယ်အိမ်ယာပိုင်ဆိုင်ဖို့ အတွက်လည်း အခက်ခဲတွေ ရှိနေတယ်။ ပြီးတော့ ဗဟိုဘဏ်ရဲ့  စည်းမျဉ်း စည်းကမ်းတွေကလည်း အခြေခံ လူတန်းစားတွေကို အမိုးအကာအောက်ကို ဆွဲပြီးတော့ မခေါ်နိုင်တာသေးဘူးလို့ ပြောတာတွေလည်း ရှိတယ်ရှင့်။ ဒီပြည်တွင်း လုပ်ငန်းရှင်တွေ ဘက်ကလည်း ဒီလိုမျိုး အိမ်ယာပိုင်ဆိုင်ဖို့အတွက် ဘဏ်လုပ်ငန်းက စည်းမျဉ်း စည်းကမ်းတွေကို ဖြေလျော့ပေးသင့်တယ်လို့လည်း တစ်ချို့ မကြံပေးတာတွေ ရှိတယ်။ အန်ကယ်အနေနဲ့ ဒီဘဏ်လုပ်ငန်း လုပ်ကိုင်နေတဲ့ သူတစ်ယောက်အနေနဲ့ ဒီအပေါ်မှာ ချိန်ခွင်လျှာညှိမယ်ဆိုလို့ ရှိရင် ဘယ်လိုမျိုုးများ ဖြစ်သင့်တယ်လို့ ထင်ပါလဲရှင်။

ဖြေ - အဲတာဆိုရင်တော့ ကျွန်တော်တို့က နည်းနည်းလေး ချုံပြီး ပြောလိုက်မှပဲ ဒီအဖြေလေးက ပိုပြီးတော့ ပြည်စုံမယ် ထင်ပါတယ်။ ဗဟိုဘဏ်ရဲ့ ဖြေလျော့မှုကို ပြန်စဉ်းစားမယ်ဆိုရင်တော့ တကယ်တမ်းကျတော့ ချေးငွေနဲ့ ပတ်သက်လို့ ဗဟိုဘဏ်က ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းဟာ မလုပ်နိုင်တဲ့ အနေထားမျိုးမှာ မရှိပါဘူး။ ဘာလဲဆိုတော့ ဒီငွေကြေးနဲ့ ပတ်သက်လို့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကလွဲရင် တို့တွေ ဘဏ်အနေနဲ့ လိုက်ကို လိုက်နာရမယ့် အချက်အလက်တွေပဲလေ။ ဒါပေမယ့် အခုနတုန်းကလိုပေါ့။ ဒီစည်းမျဉ်း စည်းကမ်းလို့ ပြောလာတဲ့ အခါမှာ ဘဏ်အနေနဲ့ အခက်အခဲတွေ့တာက တစ်ခုပဲ ရှိတာ ဘာလဲဆိုတော့ ဘဏ်ဟာ အခုဆိုလို့ ရှိရင် အပ်ငွေဟာ Short time ပေါ့နော်။ တစ်နှစ်တာအတွက် အပ်တဲ့ ငွေတွေကြီးပဲ ဖြစ်နေတယ်။ သူက နှစ်တိုပဲ ဖြစ်နေတယ်။ တကယ်တမ်း အိမ်ပိုင်ဆိုင်မှုအတွက် ချေးပေးရတဲ့ ငွေဟာ တကယ်တမ်းကျလို့ရှိရင် လေးနှစ် ရှစ်နှစ် တကယ့်ကို ချေးပေးဖို့အတွက်ဆို ဝင်ငွေနည်းတဲ့ သူတွေ အတွက်ဆို ၁၅ နှစ်/ ၂၀ နှစ်လောက်ထိ တကယ်လိုအပ်တယ်။ လိုအပ်တော့ ဘဏ်က တကယ်ဘာလိုနေလဲ ဆိုလို့ရှိရင် အဲဒီ ၁၅နှစ်/၂၀နှစ် လောက်ထိ တို့တွေကို အပ်ငွေအနေနဲ့ ထားပေးနိုင်မယ့် ငွေတွေ တကယ်လိုအပ်တယ်။ အဲဒီလိုအပ်တဲ့ ဒီငွေတွေကို ဘယ်က ရလာနိုင်လဲ ဘယ်လိုလုပ်နိုင်သလဲဆိုတဲ့ အဖြေ ရှာဖို့ပဲ ရှိတာပေါ့နော်။ ဒါတွေကို ပြန်ကြည့်လိုက်မယ် ဆိုလို့ ရှိရင်တော့ တို့တွေကို ကူညီပေးနိုင်မယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ ဘဏ်တွေ၊ နောက်ပြီးတော့ အခြားနိုင်ငံက အစိုးရတွေ သူတို့တွေကနေ ပြီးတော့ တို့ဘဏ်ကို နှစ်ရှည် အတိုးနှုန်း နည်းနည်းနဲ့ ချေးပေးနိုင်မယ့် လမ်းကြောင်းတွေကို ရှာနေပါတယ်။ ဒီလမ်းကြောင်းတွေကလည်း အခုဆိုရင် ဆွေးနွေးနေချက် အရဆိုရင် ဖြစ်လာနိုင်တဲ့ လမ်းကြောင်းလေးတွေလည်း ရှိနေပါပြီ။ အဲဒီအပြင်ကိုလည်း အခုနတုန်းက ပြောနေတဲ့ home naugatuck savings  ဆိုတဲ့ ငွေတွေ လာထည့်လို့ရှိရင်လည်း ဒါသည် နှစ်ရှည် အသုံးချနိုင်တဲ့ ငွေတွေဖြစ်သလို နောက် ပြီးတော့ တစ်ခါ ပြည်သူလူထုတွေ ဝန်းထမ်းတွေ  သူတို့အားလုံးရဲ့ လစာငွေတွေ ပြီးတော့ သူတို့ရဲ့ အသက်အာမခံတွေ ဒီလိုဖန်တွေဟာ အကယ်၍များ ဒီဆောက်လုပ်ရေး  နဲ့ အိမ်ယာဖွံ့ဖြိုးရေး ဘဏ်မှတစ်ဆင့် ထားပေးနိုင်မယ့် အခြေနေတစ်ခုကို တကယ်ရောက်လာနိုင်မယ် ဆိုလို့ ရှိရင် တို့ဘဏ်အနေနဲ့ လိုအပ်နေတဲ့ နှစ်ရှည် အပ်ငွေတွေကို ရလာမယ်ဆိုရင် အခုနတုန်းက ပြည်သူလူထုတွေရဲ့ အိမ်ကို နေရေးအတွက် ဖြေရှင်းပေးတဲ့ အခါမှာ နှစ်ရှည် ပိုမို ချေးပေးနိုင်တဲ့ အခြေနေတစ်ခုကို ရောက်လာနိုင်မှာ ဖြစ်ပါတယ်။ ဆိုတော့ ဥပဒေ နည်းဥပဒေတွေရဲ့ တားမြစ်ချက်ဆိုတာ ထက်ကို ဘဏ်လုပ်ငန်းအရ ပြည်သူလူထုတွေကို နှစ်ရှည် ချေးပေးရမယ့် စနစ် ပြည်သူလူထုအနေနဲ့ ကိုယ်လိုချင်တဲ့ အိမ်လေးတွေ ကိုယ့်ရဲ့ အိမ်မက်လေးတွေ အကောင်အထည် ဖော်လာဖို့ ဒီပိုင်ဆိုင်မှု လေးတွေ အတွက် ရလိုတဲ့ အခြေနေ နှစ်ခုကို ပြန်ကြည့်ရင် တို့တွေက အခုမှ နှစ်နှစ်တာလေးမှာ စလိုက်တဲ့ ဒီလုပ်ငန်းဟာ အခုမှ ပြည်သူလူထုရော၊ ဘဏ်ရော စပြီးတော့ ဒီကိစ္စကို ထိတွေ့ဆောင်ရွက် ခဲ့ရတဲ့ အနေထားမှာ ရှိနေတယ်ဆိုတော့ နားလည်မှုလေးတွေ အများကြီးလုပ်နေရတာပေါ့။ အခုဆိုရင် ကြည့်လိုက်မယ်ဆိုရင် တော်တော်လေးကို ဘဏ်အနေနဲ့ ချေးပေးရမယ့် အနေထားမှာရော ပြည်သူလူထုဘက်ကရော ဝယ်ယူရမယ့် အနေထားမှာ သူတို့ဘက်က  ပြင်ဆင်ထားရမယ့် အနေထားလေးတွေကို သိရှိနားလည်ထားမယ့် အနေထားလေးတွေလည်း ရှိနေပါတယ်။  အဲတော့ တို့မြင်တာကတော့ လာမယ့် နှစ်ဆိုလို့ရှိရင် ဒီဘဏ်အနေနဲ့ ချေးပေးနိုင်မယ့် အနေထားကိုရော  ပြည်သူလူထုက ချေးမယ့်နေ့မှာ သူတို့အနေနဲ့ရော ဒီအိမ်ကိုဝယ်ဖို့ ပြင်ဆင်မှုလေးတွေကို ပြင်ဆင်နိုင်မယ့် အနေထားတစ်ခုကို ရောက်လာနိုင်မယ်လို့ တို့တွေက ယုံကြည်ပါတယ်။ ဒီလိုဖြစ်လာဖို့ကိုလည်း တတ်နိုင်သလောက် တို့တွေက အမြဲတမ်း ပြောပေးနေပါတယ်။

မေး - ဟုတ်ကဲ့ပါ ဦးဝင်ဇော်ရှင် အခုလိုမျိုး 7 Mins  အစီစဉ်ကနေ အချိန်ပေးပြီး ဖြေကြားပေးတာ ကျွန်မတို့ အစီစဉ်ကနေ ကျေးဇူးတင်ပါတယ်။

ဖြေ - တို့တွေအနေနဲ့လည်း ကျေးဇူးတင်ရမှာပဲပေါ့။ ဘာလို့လဲ ဆိုတော့ ဒီဘဏ်ကြီး ဘာတွေလုပ်နေတယ်။ ဒီဘဏ်ကြီးအနေနဲ့ လုပ်ပေးနေတဲ့ လုပ်ငန်းတွေကို သိရှိနားလည် လာအောင် ပြည်သူလူထုကို တင်ပြပေးတယ်ဆိုတဲ့ ဒီအစီစဉ်ကနေ ဒီလို ပြောခွင့်ရတယ်ဆိုတာ အတွက်လည်း တို့တွေဘက်လည်း အများကြီးကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags