ရွေးကောက်ပွဲ မကျင်းပမီ ဖွဲ့စည်းပုံပြင်ခြင်းနှင့် အပစ်ရပ်ရေး ဆောင်ရွက်သင့်ဟု TNLA အထွေထွေ အတွင်းရေးမှုးဆို

ရွေးကောက်ပွဲ မကျင်းပမီ ဖွဲ့စည်းပုံပြင်ခြင်းနှင့် အပစ်ရပ်ရေး ဆောင်ရွက်သင့်ဟု TNLA အထွေထွေ အတွင်းရေးမှုးဆို

ချင်းမိုင်၊ ဇွန် ၂၄ .။     ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မကျင်းပမီ  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်သင့်သည်ဟု  ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တားဘုန်းကျော်က  ဇွန်လ ၂၄ ရက်တွင် ပြောဆိုလိုက်သည်။

၎င်းက “ ကျွန်တော်တို့ အဓိက  နှစ်ခုထောက်ပြထားတာပါ။ အဓိက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုတယ်။ ပြီးတော့ ကျွန်တော်တို့ ပြည်တွင်းစစ်ကို ရပ်စဲနိုင်တဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ လိုတယ်။ အဲဒါ မလုပ်ဘဲရွေးကောက်ပွဲလုပ်ပြီး ထပ်တက် လာမယ်ဆိုရင် ဒါက တကယ်တိုးတက်တဲ့ နိုင်ငံရေး အပြောင်းအလဲမှု ဖြစ်မှာ မဟုတ်ဘူး။ ပြည်တွင်း စစ်လည်း ထပ်ဖြစ်အုန်းမယ် ဆိုရင်တော့ လွတ်လပ်ပြီး တရားမျှတမှု ရှိမှာမဟုတ်ဘူးလို့ ထောက်ပြတာပါ”ဟု  ပြောသည်။  

 PSLF/TNLA ၏ ဗဟိုကော်မတီ ခြောက်လပတ်အစည်းအဝေးကို ဇွန်လ ၁၉ ရက်မှ ၂၁ ရက်ထိ ဗဟိုဌာနချုပ် (လွတ်မြောက် နယ်မြေတနေရာ)တွင် သုံးရက်ကြာ ကျင်းပသော အစည်းအဝေးတွင် လက်ရှိ နိုင်ငံရေး အခြေအနေများကို သုံးသပ်ခဲ့သည်။

ယင်းအစည်းအဝေးအပြီး ဇွန် ၂၄ ရက်တွင် ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်း ၊ ပြည်တွင်းစစ်ရပ်စဲပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုခြင်း မပြုလုပ်နိုင်ပါက ၂၀၁၅ အထွေထွေရွေးကောက်ပွဲ သည် နိုင်ငံရေးတိုးတက်ပြောင်းလဲမှု မဖြစ်နိုင်သည့်အပြင် လွတ်လပ်မှု၊ တရားမျှတမှုလည်း ရှိမည် မဟုတ်ကြောင်းပါဝင်သည်။

ယင်းအပြင် အဆိုပါ အစည်းအဝေးတွင်  တအာင်းတပ်မတော်ကို တပ်မဟာ၊ တပ်ရင်း အဆင့်ဆင့်ပြင်ဆင် တိုးချဲ့ခြင်းများနှင့် ခုခံကာကွယ်သည့် စစ်ရေး ပြင်ဆင် သုံးသပ်ခဲ့ကြသလို၊ အုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်း အုပ်ချုပ် ထားသည့် မြို့နယ်ပေါင်း ၁၀ ကျော်ကို မိုးကုတ်ခရိုင်၊ ရူကောခရိုင်(မန်တုံ)၊ အဲမ်းခရီးခရိုင်(နမ့်ခမ်း) ကွတ်ခိုင်ခရိုင် ဟူ၍ ခရိုင်လေး ခရိုင်ထိ အဆင့်ဆင့် တိုးမြင့်ဖွဲ့စည်းလိုက်သည်ဟုလည်း ၎င်းက ပြောသည်။

ထိုအစည်းအဝေးတွင် ဗဟိုကော်မတီဝင်၂၀ ဦး၊ အရပ်ဗဟိုကော်မတီဝင် ၇၊ တအာင်းတပ်မတော် တပ်မှူးများ၊ အုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်မှူးများ အပါအဝင် စုစုပေါင်း ၆၆ ဦး တက်ရောက်၍ ၆ လကြာ လုပ်ငန်း ဆောင်ရွက်ချက်များကို သုံးသပ်ခြင်းနှင့် ရှေ့လုပ် ငန်းစဉ်များကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီး တားဘုန်းကျော်က “နိုင်ငံရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်။ ပြီးတော့ ကျွန်တော် တို့အဖွဲ့အစည်းအတွင်းမှာ ဒီထက်ပို ပြီးတော့ ကျစ်လစ်ပြီးတော့လုပ်ဆောင်နိုင်ဖို့၊ စစ်ရေးအပိုင်း ဘယ်လို ခုခံကာကွယ်သွားမလဲ။ ကျွန်တော်တို့မှာ လူထု ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးဌာနတွေနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ်တယ်”ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်က အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT) တို့ အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA)  စာချုပ်(မူကြမ်း) ပါ အချက်များကို သဘောတူ လက်မှတ်ရေး ထိုးပြီးနောက်ပိုင်း တအာင်း၊ ကချင်၊ ရှမ်း၊ ဝ နှင့် ကရင်ပြည်နယ် စသည့် တိုင်းရင်းသား ဒေသအသီးသီးတွင် မြန်မာအစိုးရ စစ်တပ်များ ပိုမို တိုးချဲ့နေရာယူလာသည်ကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအား တော်လှန်ရေးသတိရှိရန် အထူးတိုက်တွန်းလိုက် သည်ဟု လည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ကျင်းပပြုလုပ်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ လောခီးလာ ညီလာခံတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များကို ထောက်ခံပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးရရှိရန် ကြိုးပမ်းဆောင်ရွက်မှု ကို ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်ဟုလည်း ပါဝင်သည်။  

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆက်လက် ညှိနှိုင်းရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ နိုင်ဟံသာ ဦးဆောင်သော ကိုယ်စားလှယ်သုံးဦးနှင့် အစိုးရတို့ ဇွန်လ ၂၂ ရက်က ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ရာ မကြာသေးမီက တိုင်းရင်းသား များဘက်မှ ဖွဲ့စည်းလိုက်သော အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရန် အစိုးရဘက်က လက်မခံသေးပေ။

အဆိုပါ အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် အစိုးရဘက်က လက်မခံပါက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးရန် ပိုမိုခက်ခဲ့မည်ဟု ဗိုလ်မှူးကြီး တားဘုန်းကျော်က မဇ္ဈိမကို ပြောသည်။

၎င်းက “ကျွန်တော် တို့ တကယ့်အရေးကြီးတဲ့ နိုင်ငံရေး အဆုံးအဖြတ် အခြေအနေလို့ မြင်ပါတယ်။ တိုင်းရင်းသားတွေဘက်က အဆင့်မြင့် ကိုယ်စားလှယ်ဖွဲ့ပြီးတော့ အစိုးရနဲ့ ထပ်ဆင့် တစ်ပြည်လုံး အတိုင်း အတာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး ဖို့ ဆွေးနွေးညှိနှိုင်းထားတာ ဖြစ်ပါတယ်။ ဆိုတော့ အစိုးရက အဲဒါကို လက်မခံနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အခြေအနေရောက်ဖို့ တော်တော်လေး ခက်ခဲမဲ့ အနေအထားရှိပါတယ်”ဟု  ပြောသည်။

PSLF/TNLA သည် အစိုးရ နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် NCCT တွင် ပါဝင်ဆွေးနွေးနေရာမှတိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအား အယုံအကြည် မရှိဟုဆိုကာ NCCT အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရန် အဆိုပြုခဲ့သည်။

သို့သော် မကြာသေးမီက ကျင်းပခဲ့သော လောခီးလာညီလာခံတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမှုတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင်မှ လက်မှတ်ရေးထိုးမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

ဇွန်လ ၂၄ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင် တအာင်းတပ်မတော်နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပြီး အစိုးရ စစ်တပ်ဘက်မှ နယ်မြေစိုးမိုးမှုများ ရှိနေသ၍ တိုက်ပွဲ ဆက်လက် ဖြစ်ပွားမည့် အခြေအနေတွင် ရှိနေသည်ဟု ဗိုလ်မှူးကြီး တားဘုန်းကျော်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required