ပူတာအိုတွင် ကချင်မူးယစ်တိုက်ဖျက်အဖွဲ့ နှင့် ပြည်သူပူးပေါင်းပြီး ဘိန်းခင်း ဧက ၄၀၀ကျော် ၃ရက်အတွင်း ဖျက်ဆီး

ပူတာအိုတွင် ကချင်မူးယစ်တိုက်ဖျက်အဖွဲ့ နှင့် ပြည်သူပူးပေါင်းပြီး ဘိန်းခင်း ဧက ၄၀၀ကျော် ၃ရက်အတွင်း ဖျက်ဆီး
ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်အတွင်းရှိ ဘိန်းစိုက်ခင်းတစ်ခု။ (ဓာတ်ပုံ-အီးပီအေ)

ချင်းမိုင်၊ ဇန်နဝါရီ ၉ ။ ။ ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုမြို့နယ်အတွင်းရှိ ဘိန်းခင်း ဧက ၄၀၀ ကျော် ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ ဒေသခံ ပြည်သူလူထု ၅၀၀ ကျော်ဖြင့် ဖျက်ဆီးနိုင်ခဲ့ဟု မြစ်ကြီးနားမြို့နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ အတွင်းရေးမှူး ဦးအင်ခွမ်တန်ဂွန်းက မဇ္ဈိမကို ပြောသည်။ 

ဇန်နဝါရီလ ၆ ရက်မှ ၉ ရက်ထိ သုံးရက်ကြာ ပူတာအိုမြို့နယ် ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်၌ လူထုအင်အား ၂၀၀နှင့် ဧရာတီမြစ်ရဲ့ အနောက်ဘက၌ အင်အား ၃၀၀ ကျော် စုစုပေါင်း လူထုအင်အား ၅၀၀ ကျော်က ဘိန်းခင်းများကို ဖျက်ဆီးခဲ့ကြောင်း ၎င်းက ပြောသည်။

“တစ်နေ့ ၇ ရက်နေ့ထိ ဧက ၁၀၀ ကျော်ပြီ။ နှစ်ရက်မှာ ၁၀၀ ကျော်ဆိုတော့ ဒီနေ့ထိဆိုရင် ဧက ၄၀၀ ကျော်သွားပြီ။ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက် ဆွမ်ပီယန် ပတ်ဝန်းကျင်မှာများတယ်။ မလိခ အင်ခါးဂါးဘက် သွားတဲ့ဘက်မှာလည်း နှစ်ဖွဲ့ခွဲပြီးသွား ဖျက်ဆီးနေတယ်”ဟု ဦးအင်ခွမ်တန်ဂွန်းက ပြောသည်။

ထိုခရီးစဉ်အတွက် မြစ်ကြီးနားမြို့မှ ပူတာအိုသို့ ကား၊ ဆိုင်ကယ်နှင့် စက်လှေများဖြင့် ကားဖြင့် သွားနိုင်သည့် လမ်းထိ အဆင့်အဆင့်သွားရပြီး အများအားဖြင့် ခြေလျင်လျှောက်ရသည်ဟု သူက ပြောသည်။

နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ကချင်ပြည်နယ် ပူတာအိုနှင့် ဝိုင်းမော်မြို့နယ်အတွင်း ဘိန်းခင်းများ ပိုမိုစိုက်ပျိုးလာသဖြင့် ၂၀၁၆ ခုနှစ်၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း၏ ပထမအကြိမ်အဖြစ် ပူတာအိုမြို့နယ် အတွင်းရှိ ဘိန်းခင်းများကို သွားရောက် ဖျက်ဆီးနေပြီ ဖြစ်သည်ဟု သိရသည်။

ကချင်ပြည်နယ် ခရစ်ယာန် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ ဦးဆောင်၍ ဖွဲ့စည်းထားသော ဒေသခံ ပြည်သူ လူထုက ပူတာအိုမြို့နယ်နှင့် ဝိုင်းမော်မြို့နယ် နှစ်နေရာတွင် ဘိန်းစိုက်ပျိုးမှု ပိုမို များပြားလာခြင်းကြောင့် ၎င်းဒေသ နှစ်ခုရှိ ဘိန်းခင်းများကို သွားရောက်ဖျက်ဆီးရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်ဟု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့၏ ဒုတိယ တာဝန်ခံ ဦးအုန်ဆောင်းဘရန်နူးလာက ပြောသည်။

“မနှစ်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပပျောက်ရေးအတွက် လူထုနဲ့ ဆက်လုပ်တာဖြစ်တယ်။ အဓိက ပူတာအိုနဲ့ ဆဒုံး၊ ကံပိုင်တီဘက်မှာ ဒီနှစ်က ဘိန်းပိုစိုက်လာတာ တွေ့ရတယ်။ ဒါကြောင့် ဒီဒေသနှစ်ခုကို ဦးစားပေး တိုက်ဖျက်တာဖြစ်တယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေး မတည်ငြိမ်တာကို အခွင့်ကောင်း ယူပြီးတော့ ပိုစိုက်ပျိုးလာတာတွေ့ရတယ်။ တနိုင်းဘက်တော့ နည်းနည်း လျော့နည်းသွားတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီလ ၅ ရက်မှစတင်၍ ပူတာအိုမြို့နယ်သို့ ဘိန်းခင်းများ ဖျက်ဆီးနေပြီဖြစ်ပြီး ဧရာဝတီမြစ် အရှေ့ဘက် ဝိုင်းမော်မြို့နယ် ဆဒုံးဒေသနှင့် ကံပိုင်တီဒေသများရှိ ဘိန်းခင်းများကိုလည်း လာမည့် ဇန်နဝါရီလ ၁၈ ရက်မှ စတင်၍ လူထု အင်အား ၁၀၀၀ ဖြင့် သွားရောက် ဖျက်ဆီးရန် ပြင်ဆင် နေပြီ ဖြစ်ကြောင်း သူက ပြောသည်။

ယခင်နှစ်များတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် ရောင်းဝယ်သူများအား ဖမ်းဆီးအရေးယူခြင်းများ ပြုလုပ်ခဲ့သော်လည်း မူးယစ်ဆေးဝါး ပပျောက်နိုင်ချေ မရှိသေးသဖြင့် ယခုနှစ်တွင် ဘိန်းခင်းများကို ဖျက်ဆီး တိုက်ဖျက်သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သူကပြောသည်။

“ကျနော်တို့က မူးယစ်ဆေးဝါးကို ပပျောက်သွားအောင် လုပ်ချင်တယ်။ ဒါပေမဲ့ အဆုံးမသတ်နိုင်သေးဘူး။ မနှစ်ကတော့ သုံးစွဲတဲ့လူတွေနဲ့ ရောင်းတဲ့လူတွေကို တိုက်ဖျက်တယ်။ ဒါပေမဲ့ အဓိက ဘိန်းစိုက်တာကို ဖျက်ဆီးလိုက်ရင် ပိုပြီး ထိရောက်မလားဆိုပြီး ဒီနှစ်တော့ ဘိန်းခင်းတွေ တိုက်ဖျက်ဖို့ ဦးစားပေးတာ ဖြစ်တယ်”ဟု ဦးအုန်ဆောင်းဘရန်နူးလာက ပြောသည်။

၂၀၁၄ ခုနှစ်မှစတင်၍ ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲမှုများပြားလာမှုကို တိုက်ဖျက်နိုင်ရန် ရည်ရွယ်၍ ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များ ဦးဆောင်၍ ဒေသခံ ပြည်သူလူထုများနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့၏ ကော်မတီအဖွဲ့ ခွဲများကို ကချင်ပြည်နယ်ရှိ ၁၆ မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၃ မြို့နယ် စုစုပေါင်း ၁၉ ခု ဖွဲ့စည်းထားပြီး ဖြစ်သည်ဟု သိရသည်။

၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများရှိ ဘိန်းစိုက်ဧက ၃၀၀၀ ကျော်အား ဖျက်ဆီးနိုင်ခဲ့သည်ဟု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required