ကာလရှည် စွမ်းအင်ဆိုင်ရာ ပင်မစီမံချက် စတင်

ကာလရှည် စွမ်းအင်ဆိုင်ရာ ပင်မစီမံချက် စတင်
Photo - MOI

ဇန်နာဝါရီလ ၉ ရက် ။             ။ မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်အား လာမည့် ၁၅ နှစ်စာ အထိ ခန့်မှန်းတွက်ချက် ရေးဆွဲထားသည့် ကာလရှည် စွမ်းအင်ဆိုင်ရာ ပင်မစီမံချက် Myanmar Energy Master Plan ကို စတင်လိုက်ပြီဖြစ်သည်။

ပင်မစီမံချက် စတင်ခြင်း အခမ်းအနားကို ဇန်နာဝါရီလ ၈ ရက်နေ့က နေပြည်တော်၌ ကျင်းပခဲ့ပြီး အမျိုးသား စွမ်းအင် စီမံခန့်ခွဲမှု ကော်မတီ နာယက ဒုတိယသမ္မတ ဦးဉာဏ်ထွန်းတက်ရောက် အမှာစကားပြောကြားခဲ့သည်။

၂၀၃၀ ခုနှစ် အထိ ခန့်မှန်းတွက်ချက်ထားသည့် ယင်းပင်မစီမံချက်ကို ရေရှည် တည်တံ့ပြီး စဉ်ဆက်မပြတ် ထုတ်ယူနိုင် သည့် စွမ်းအင်ဖြစ်ရေး၊ အရင်းအမြစ်ရနိုင်မှု၊ နည်းပညာနှင့် ဈေးနှုန်း ယှဉ်ပြိုင်မှု၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာများအား စဉ်းစားရေးဆွဲထားသည်ဟု ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပြောသည်။

စွမ်းအင်ကဏ္ဍတစ်ခုလုံးအတွက် ဖွံ့ဖြိုးမှုအစီအမံတစ်ခု ဖြစ်သည့် ကာလရှည် စွမ်းအင်ဆိုင်ရာ ပင်မစီမံချက်အပါအဝင် ဆက်စပ်နေသည့် အမျိုးသားလျှပ်စစ်ဓါတ်အားပင်မစီမံချက်နှင့် အမျိုးသားလျှပ်စစ် ဓါတ်အား ဖြန့်ဖြူးရေး စီမံချက် (၂) ခုကိုလည်း ရေးဆွဲနိုင်ခဲ့ပြီဟုလည်း အသိပေးပြောကြားသွားသည်။

အခြေခံစွမ်းအင်ဖွံ့ဖြိုးမှု မဟာဗျူဟာဖြစ်သည့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းနှင့် မဟာဓါတ်လိုင်းနှင့် ဓါတ်အားလိုင်းပြင်ပ ဓါတ်အားဖြန့်ဖြူးခြင်းများကို ဆောင်ရွက်နိုင်ရေးအတွက် အရေးပါသော အဆိုပါ ဆက်စပ် စီမံချက် (၂) ခုအပါအဝင် စီမံချက် (၃) ခုကို အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်နှင့် ဂျပန်အေဂျင်စီ JICA တို့၏ အကူအညီဖြင့် ရေးဆွဲခြင်းဖြစ်သည်။

စီမံချက်များသည် နိုင်ငံအတွက် မဟာဗျူဟာမြောက် မျှော်မှန်းချက်များဖြစ်သဖြင့် အသေးစိတ် အစီအမံများနှင့် တွက်ချက် မှုများကို ဆက်လက်ဆောင်ရွက်သွားရဦးမည်ဟု သိရသည်။

ပင်မစီမံချက် စတင်ခြင်း အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဦးဇေယျာအောင်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်၊ JICA နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အာရှဖွံ့ဖြိုးရေးဘဏ်၏ အရှေ့တောင်အာရှဆိုင်ရာ စွမ်းအင်ဌာနမှ ဒါရိုက်တာ မစ္စတာ ချောင်ချီနိုင်းလ်က စီမံချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required