ကောလာဟလတွေနဲ့ သနားစရာကောင်းတဲ့ မိမိတို့တိုင်းပြည်

ကောလာဟလတွေနဲ့ သနားစရာကောင်းတဲ့ မိမိတို့တိုင်းပြည်
ကလေးခိုးမှုအတွက် ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူး သတင်းစာရှင်းပွဲ ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - စည်သူမောင်မောင်)

အခုတလော နေ့စဉ်ရက်ဆက်လိုလို ကလေးခိုးခံရသည့်သတင်းများကို ကြားလာရပြန်ပါသည်။ အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်တွင်မူ ဖမ်းမိသည့်ကလေးခိုးသူနှင့် ခိုးဖို့ကြိုစားခံရသည့် ကလေး၏ ပုံကိုပါ တင်ပေးထားသည်ကိုဖတ်ကြရသည်။ တချို့နေရာများတွင်မူ ကလေးသူခိုးများ ရပ်ကွက်ထဲဝင်လာနေသည်ဟူသည့်သတင်းကြောင့် မိဘများ အထိတ်တလန့်ဖြစ်ကြရ တရပ်ကွက်လုံး လူစုပြီးသတိ နဲ့နေကြရတာမျိုးလည်း ဖတ်နေကြားနေကြရသည်။

ကလေးခိုးသည့်သတင်းဆိုသည်က အခုမှ ကြားဖူးခြင်းတော့မဟုတ်။ ယခင်ကတည်းက မကြာခဏဆိုသလို ကြားခဲ့ဖူး ဖတ်ခဲ့ကြဖူးသည်။ သို့သော် ယခုလောက်တော့ အုတ်သြသောင်းတင်း မဖြစ်။ ကြားပြီး ပျောက်သွားသည်သာများသည်။ ယခုတော့သည်လိုမဟုတ်။ နေ့စဉ်ရက်ဆက်လို ကြားနေရသည်။ ထို့ကြောင့် ကလေးခိုးသတင်းမှာ တမဟုတ်ချင်း ကျယ်ပြန့်သွားတော့သည်။

ကလေးခိုးသတင်းများနှင့်ပတ်သက်ပြီး ထင်မြင်ချက်ပေးကြသည်များကလည်း စိတ်ဝင်စားဖို့ ကောင်းသည်။ ကလေးများကို သူတောင်းစားလုပ်ခိုင်းစားဖို့၊ ရောင်းစားဖို့၊ မတော်မတရားပြုကျင့်ဖို့၊ ခိုးယူ ကြခြင်းဖြစ်သည်ဟု ပြောသူကပြောသည်။ တချို့ကတော့သည့်ထက် အမြင်ဆန်းသည်။ ကလေးများ၏ ခန္ဓာကိုယ်တွင်းကလီစာများကို ထုတ်ရောင်းရန် ခိုးခြင်းဖြစ်သည်ဟုပင် ထင်မြင်ယူဆကြ ပြောကြ သည်လည်း ရှိသည်။ သို့သော် ကြားရသည့်သတင်း ထွက်ပေါ်လာသည့် ထင်မြင်ချက် များက မြင့်မားကျယ်ပြန်နေသည့်တိုင် ယခုမထိမူ တရားရုံးတင် စစ်ဆေးအပြစ်ပေးသည့်သတင်းကိုမူ မကြားကြ ရသေး။

ယခုတော့ ကလေးခိုးသည့်သတင်း၊ ကလေးသူခိုးများ ရပ်ကွက်ထဲ မြို့ထဲ ရွာထဲဝင်လာ သည်ဆိုသည့် သတင်းကြောင့် တချို့မြို့ရွာ ရပ်ကွက်များ ကျီးလန့်စာစားဖြစ်ကြရသည်ကတော့ အမှန်ပင်ဖြစ်သည်။ ကိုယ်ရပ်ကိုယ့်ဒေသထဲ တစိမ်းပုဂ္ဂိုလ်များဝင်လာလျင်ပင် မယုံသင်္ကာစိတ်ဖြင့် စောင့်ကြည့်ရသည်အထိဖြစ်သည်။ ကလေးခိုးသတင်းသည် ကျယ်ပြန့်လာနေသည်ကတော့ အမှန်ပင် ဖြစ်သည်။

ကလေးခိုးသတင်းအပေါ် နောက်ထပ်ထင်မြင်ယူဆချက်များလည်း ရှိသေးသည်။ တမင်သက် သက် တည်ငြိမ်အေးချမ်းမှုကို နှောက်ယှက်လိုသောကြောင့် ကလေးသူခိုးများ ပေါ်လာရခြင်း ဖြစ်ကြောင်း ကလေးသူခိုးသတင်းကိုလည်း တစ်စိတ်မှ တစ်အိပ်ဖြစ်အောင် တမင်ထုတ်လွှင့်နေခြင်း သာ ဖြစ်ကြောင်း ယူဆသူများလည်းရှိသည်။ တည်ငြိမ်မှုကို ပျက်ပြားအောင် မသမာသူများက ဖန်တီးနေကြခြင်း သာဖြစ်သည်ဟု မြင်သည်။ နိုင်ငံရေး၊ လူမျိုးရေး မတည်မငြိမ်ဖြစ်အောင် တမင် ဖန်တီးနေခြင်းသာဖြစ်သည်ဟု ယူဆသူများလည်း ရှိသည်။

ထိုသို့ထင်မြင်လျင်လည်း အဆိုးမဆိုသာပြန်ပေ။ မိမိတို့တိုင်းပြည်တွင် မကြာတော့သော ကာလအထိ ထိုကဲ့သို့သော ကောလာဟလများကြောင့် လူမှုပဋိပက္ခတချို့ မီးလောင်ရာလေ ပင့်ဖြစ်ကာ အရှိန်အဟုန်ဖြင့် လူသေသည်အထိ ဖြစ်ခဲ့သည့် ဥပမာများကလည်း ရှိနေသည်။ ထို့ပြင် မြစ်ထဲက ခေါင်းလောင်းကြီး ဆယ်စဉ်တုန်းကလို ရုပ်လွန်ပရလောကနှင့် ပတ်သက်သည့် သတင်းများ ကြောင့် လူတွေ အုံးအုံးကျွက်ကျွက် သွားကြည့်ကြ ငြင်းကြခုန်ကြ ဖြစ်ခဲ့ကြဖူးသည်။ အလားတူ အဖြစ် အပျက်မျိုးကတော့ မကြာခဏဆိုသလို ဖြစ်ခဲ့သည်။

သည်လိုအဖြစ်အပျက်များသည် သွေးရိုးသားရိုးဖြစ်လာသည့် အဖြစ်အပျက်များ၊ သတင်းများ ဟူ၍ မဟုတ်ကြောင်း အထူးသဖြင့် တိုင်းပြည် အာဏာလွှဲပြောင်းရေးကာလ တည်ငြိမ်မှုကို ပျက်ပြား အောင် မသမာသူတချို့၏ ဖန်တီးမှုအဖြစ် မြင်သူကလည်း မြင်သည်။

မည်သို့ပင်ဖြစ်စေ ကောလာဟလသတင်းများသည် မိမိတို့တိုင်းပြည် ဆင်းရဲပြီး ပညာရည်နိမ့် ပါးနေသည့် အခိုက် တစ်စုံတစ်ရာထိရောက်သည့် သတင်းများဖြစ်စေသည်ဟုတော့ ပြောနိုင်ပါသည်။ ထို့ပြင် နှစ်ပေါင်း ၆၀ ကျော် သတင်းများပိတ်ပင်ခံရ၊ လူတွေ လွတ်လပ်စွာပြောဆိုမှု ဟန့်တားခံခဲ့ရ သည့် အခြေအနေများကြောင့် သတင်းမှန်များဖြစ်နေသည့်တိုင် လူတွေက အမှန်ဟု မမြင်နိုင်လောက်အောင် ဖြစ်ခဲ့ရသည့်အကျိုးဆက်မှာ ယခု ကလေးခိုးများ ပေါ်ပေါက်နေသည်ဟူသည့်သတင်းလို သတင်းမျိုးကိုပင်လျင် မှန်ကန်စွာသုံးသပ်နိုင်စွမ်းမရှိလောက်အောင် မိမိတို့လူမျိုးများ ပညာညာဏ်အ ရာ ချို့တဲ့ခဲ့ကြရသည်ဟုတော့ ပြောနိုင်ပါသည်။

ကောလာဟလသတင်းများ၊ အကယ်၍ ဖန်တီးသူရှိ၍ ဖြစ်ပေါ်လာလျင်လည်း ထိုဖန်တီး သတင်းများ၊ အစရှိသည့် ပယောဂမကင်းသည့်သတင်းများကို လူတွေ မှန်ကန်စွာ သုံးသပ်ယုံကြည် နိုင်ဖို့ ဆိုလျင် မိမိတို့လူမျိုးများ သည့်ထက်ပညာညာဏ်မြင့်မားလာမှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required