ရွေးကောက်ပွဲစရိတ် မတင်သူများ အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေငြာမည်

ရွေးကောက်ပွဲစရိတ် မတင်သူများ အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေငြာမည်

နေပြည်တော်၊ ဇန်နဝါရီ ၈ ။             ။ ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ ရွေးကောက်ပွဲ အသုံးစရိတ်မတင်သည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် အကြောင်းပြချက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အကြောင်းကြားမည်ဖြစ်သည်။

အသုံးစရိတ်မတင်သည့် ကိုယ်စားလှယ်လောင်းများကို ခုံရုံးဖွဲ့စစ်ဆေးနိုင်ရန် တိုင်းနှင့် ပြည်နယ်အသီးသီးတွင် ခုံရုံးများ စတင်ဖွဲ့စည်းနေပြီဖြစ်ကာ အသုံးစရိတ်မတင်သူများကို နေပြည်တော်သို့   ခေါ်ယူစစ်ဆေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွကေ်ာမရှင်အဖွဲ့ဝင် ဦးညွှန့်တင်ကပြောသည်။

“သူတို့ကိုမစစ်ဆေးဘဲနဲ့ သူတို့ကို အကြောင်းပြခွင့်ပေါ့။ ခုခံခွင့်မပေးဘဲနဲ့မဆုံးဖြတ်ဘူး။ သူတို့ကိုတော့ အကြောင်းကြားမယ်။ အကြောင်းကြားရင်သူတို့မှာလည်း တစ်ချို့ကလည်း အကြောင်းကြောင်းတွေ ရှိတယ်လေ။ လုံလောက်တဲ့အကြောင်းဖြစ်သလား၊ မဖြစ်ဘူးလား။ လုံလောက်တဲ့အကြောင်းဆိုရင်တော့ ကော်မရှင်က အရည်အချင်းပျက်ယွင်းတယ်လို့မသတ်မှတ်ဘူးပေါ့။ ဒါတွေက အရည်အချင်းပျက်ယွင်းတယ်လို့ သတ်မှတ်ရင် နိုင်ငံတော် ပြန်တမ်းထဲမှာလည်းထည့်ပြီးတော့ ကြေငြာခံရမယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်က ပြောသည်။

ရွေးကောက်ပွဲ အသုံးစရိတ် မတင်သည့် ကိုယ်စားလှယ်လောင်းသည် အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ခံရမည့် အပြင် ရာဇသတ်ကြီးဥပဒေပါ တည်ဆဲဥပဒေ ပုဒ်မ (၁၇၂) အရ တရားစွဲဆိုခြင်း ခံရနိုင်ကြောင်း ဦးညွှန့်တင်ကပြောကြားသည်။ ယင်းပုဒ်မ၏ အမြင့်ဆုံးပြစ်ဒဏ်မှာ ဒဏ်ငွေ ငါးရာကျပ် ဖြစ်သည်။

ယင်းအပြင် အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေငြာရာ၌ ကိုယ်စားလှယ်လောင်းတင်မကဘဲ ၎င်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူများကိုပါ အရည်အချင်းပျက်ယွင်းသူ အဖြစ် ကြေငြာသွားမည်ဟုလည်း သိရသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများအနက် အနိုင်ရကိုယ်စားလှယ်များ အားလုံး အသုံးစရိတ်တင်ပြခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေ နှင့် ကရင်ပြည်တို့တွင် ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်အားလုံး အသုံးစရိတ် တင်ပြခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့သည့်နေ့မှ ၄၅ ရက်အတွင်း အသုံးစရိတ်တင်ပြရန်လိုသော်လည်း အသုံးစရိတ်မတင်သည့် ကိုယ်စားလှယ် ဦးရေ ၁၇၅ ဦး ရှိသည်။

မည်သည့်အတွက်ကြောင့် အသုံးစရိတ်မတင်သည် ဆိုသည့်အပေါ် အကြောင်းပြချက်မခိုင်လုံပါက ယင်း ကိုယ်စားလှယ်သည် နောက်လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် မဟုတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly