ဟက်ဇက်ကို မန်ယူခေါ်ယူမည်ဟု သတင်းများထွက်ပေါ်

ဟက်ဇက်ကို မန်ယူခေါ်ယူမည်ဟု သတင်းများထွက်ပေါ်

မန်ချက်စတာ၊ ဇန်နဝါရီ ၈ ။           ။ မန်ယူအသင်းသည် ရီးယဲလ်တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ကို ခေါ်ယူရန် မလွယ်ကူသည့်အတွက် ချယ်လ်ဆီးမှ အီဒင်ဟက်ဇက်ကို ခေါ်ယူရန် ပစ်မှတ်ထားလာသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်၏တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့သော ဟက်ဇက်သည် ယခုနှစ်ရာသီတွင် ခြေစွမ်းကျဆင်းနေပြီး ချယ်လ်ဆီးအသင်းတွင် မတည်မငြိမ်ဖြစ်လျက်ရှိသည်။

ထို့ကြောင့် ဟက်ဇက်မှာ ချယ်လ်ဆီးအသင်းမှ ထွက်ခွာလိုလျက်ရှိသည်ဟု သတင်းများထွက်ပေါ်နေသလို မန်ယူအသင်းက ဟက်ဇက်ကို ပြောင်းရွှေ့ကြေးပေါင် ၆၅ သန်း၊ တစ်ပတ်လုပ်ခလစာငွေ ပေါင် နှစ်သိန်းခွဲဖြင့် ခေါ်ယူမည်ဟု အင်္ဂလန်တွင် ကောလာဟလသတင်းများ ထွက်ပေါ်လျက်ရှိနေသည်။

'မန်ယူအသင်းအနေနဲ့ ဂါရတ်ဘေးလ်နဲ့ စီရော်နယ်ဒိုတို့ကို ခေါ်ဖို့ အချိန်ကာလကြာမြင့်စွာ ပစ်မှတ်ထားခဲ့ပါတယ်။ အခု အခြားရွေးချယ်စရာ ကစားသမားတစ်ဦး ရှိလာခဲ့ပါပြီ။

မန်ယူအသင်းအနေနဲ့ ချန်ပီယံဆုတွေကို ပြန်လည်ရရှိလိုတယ်ဆိုရင် ဟက်ဇက်ဟာ မန်ယူအတွက် လိုအပ်တဲ့ ကစားသမားမျိုးပါ' ဟု မန်ယူအသင်းနှင့် နီးစပ်သော အသိုင်းအဝိုင်းကဆိုသည်။

ဟက်ဇက်ကို ပီအက်စ်ဂျီ၊ ရီးယဲလ်နှင့် ဘိုင်ယန်မြူးနစ်တို့လို ထိပ်တန်းအသင်းများကလည်း အလိုရှိနေပြီး အခုအချိန်တွင် မန်ယူအသင်းပါ ပါဝင်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ချယ်လ်ဆီးအသင်းကလည်း ဒရော့ဂ်ဘာကို နည်းပြအဖွဲ့ဝင်အဖြစ် ခန့်အပ်နိုင်ခဲ့ပါက ဟက်ဇက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် စည်းရုံးနိုင်လိမ့်မည်ဟု ယုံကြည်လျက်ရှိနေသည်ဟု သတင်းများက ဖော်ပြသွားခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly