မြန်မာ့စီးပွားရေးဗဟို မန္တလေးမြို့ စျေးကွက် စီးပွားရေး လမ်းကြောင်းပေါ် အမီလိုက်နိုင်မလား

မြန်မာ့စီးပွားရေးဗဟို မန္တလေးမြို့ စျေးကွက် စီးပွားရေး လမ်းကြောင်းပေါ် အမီလိုက်နိုင်မလား

မန္တလေးဟာ နယ်ပယ်စုံက စီးပွားရေးလုပ်ကိုင်သူတွေ ကျင်လည်ရာဒေသတစ်ခုပါ။ ကုန်သွယ်ရေး ကဏ္ဍအတွက်အချက် အချာကျတဲ့ နေရာဖြစ်ပြီး စီးပွားရေးလုပ်ကိုင်ဖို့ အခွင့်အလမ်းကောင်းတွေ ရှိနေတယ်ဆိုပေမယ့် မန္တလေးဒေသခံ စီးပွားရေး လုပ်ကိုင်သူတွေမှာ ဒီအခွင့်အလမ်းတွေကို အမှီလိုက်နိုင်ဖို့ စိန်ခေါ်စရာတွေက တစ်ဘက်မှာ ရှိနေပါသေးတယ်။ အခုတော့ မန္တလေးမြို့ကိုဘဏ္ဍာရေးစနစ်နဲ့ ဈေးကွက် စီးပွားရေး လမ်းကြောင်းပေါ်မှာဆွဲခေါ်နိုင်ဖို့ အဖြေရှာလာ နေကြပါပြီ။

မန္တလေမြို့ရဲ့ နေရာတိုင်းမှာတော့ အတိတ်နဲ့ မျက်မှောက်ခေတ်ရဲ့ ပေါင်းစပ်မှုတွေက အထင်အရှားကို ရှိနေတုန်းပါ။ မင်းနေပြည်တော်ဖြစ်ခဲ့တဲ့ မန္တလေးက သူ့ရဲ့အနုပညာတန်ဘိုးကို အခိုင်အမာ ပြသနေသလို တစ်ဘက်မှာကလည်း စီးပွားရှာသူတွေအတွက် ကျက်စားရာဒေသလည်း ဖြစ်နေပြန်ပါတယ်။

“ဒီမြို့မှာက စဉ်ဆက်တစ်လျှောက် စီးပွားရေးလုပ်ငန်းတွေ၊ စွန့်ဦးစီးပွားရေးလုပ် ငန်းတွေများတယ်။ နာမည်ကျော်တဲ့ စီးပွားရေးလုပ်ငန်းတွေ များခဲ့တယ်”လို့ မန္တလေး ဒေသခံ ဦးချစ်ထွန်းဖေက ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ ဒီစီးပွားရေးလုပ်ငန်းတွေ ပိုပြီးကြီးထွားဖို့နဲ့ ယှဉ်ပြိုင်နိုင်တဲ့ ဈေးကွက် ဖြစ်လာဖို့ကျတော့ ရှိရင်းစွဲ မိရိုးဖလာ လုပ်ငန်းတွေမှာ ငွေရေးကြေးရေး ခက်ခဲနေသလို ဒါက လုပ်ငန်းအသစ်တွေကို စိန်ခေါ်နေတယ်လို့ သူကဆက်ပြောပြသွားပါတယ်။

မန္တလေးမြို့ဟာ ဘဏ္ဍာရေးအပိုင်းမှာ ဘာ့ကြောင့် အချက်အချာကျလာဖို့ လိုအပ်နေသလဲ ဆိုတာကို မန္တလေးက စီးပွားရေးလုပ်ငန်းရှင်တွေ၊ အဖွဲ့အစည်းတစ်ချို့က မေးခွန်းထုတ် ကြည့်နေကြပါတယ်။ မန္တလေးက စီးပွားရေးလုပ်ငန်းတွေမှာ သတင်းအချက်အလက် အားနည်းတာတွေ၊ ပူးပေါင်း လုပ်ဆောင်ဖို့ဆိုတာကလည်း တိုင်းရင်းသား လုပ်ငန်းရှင်တွေကြားထဲမှာ မတွင်ကျယ်သေးတာတွေက အဖြေထုတ် ဖို့လိုအပ်နေပြီလို့ သုံးသပ်ကြတာကို တွေ့ရပါတယ်။

ပြည်တွင်းနဲ့ ဒေသတွင်း နိုင်ငံတွေက ကုန်စည်စီးဆင်းမှုတွေမှာ မန္တလေးဒေသက အရေးပါလာနေပြီး စီးပွားရေးအရ တိုးတက်ဖြစ်ထွန်းလာမယ့် အပေါ်မှာ ငွေရေးကြေးရေး အပိုင်းကို ရှုမြင်သုံးသပ်ဖို့ ဘဏ္ဍာရေးစနစ်တွေနဲ့ အထောက် အပံ့ပေးနိုင်ဖို့ကအရေးကြီးလာနေပြီလို့ မန္တလေး အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းနိုင်ထွန်းက ပြောပါတယ်။

“ကျွန်တော်တို့ ယုံကြည်တာက မန္တလေးမြို့ကို ကုန်သွယ်ရေးနဲ့ စီးပွားရေး လုပ်ငန်းတွေလုပ်ကိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ ဒေသတစ်ခုဖြစ်လာအောင် လုပ်ဆောင်နိုင်မယ် ဆိုတာပါ။

မန္တလေးက စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မိရိုးဖလာနဲ့ တနိုင်စီးပွားရေး လုပ်ငန်းတွေမှာ နိုင်ငံတကာနဲ့ ပူးပေါင်း လုပ်ကိုင်ခွင့်တွေ ရှိလာပေမယ့် ဒီလုပ်ငန်းတွေထဲမှာ လုပ်ငန်းဖွဲ့စည်းပုံအပြင် ကိန်းကဏန်း အချက်လက်တွေကို ကြိုတင်ပြင်ဆင်ထားတာတွေ မရှိသေးတာကိုလည်း တွေ့ရပါတယ်။

“မန္တလေးက ကျွန်တော်တို့ အားသာချက်က နေရာဖြစ်နေတယ်၊ နေရာဖြစ်တဲ့အတွက်ကြောင့် မို့လို့ စားရိတ်ကြီးတယ်” လို့ Alpha Info-Tech Co.,Ltd ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမြတ်သူက ဆိုပါတယ်။ ဒီအတွက် ဘဏ္ဍာရေးစနစ်တွေက အချက်ကျကျဖြစ်လာဖို့ လိုအပ်လာပြီလို့ သူက ဖြည့်စွက် ပြောပါတယ်။

“ကျွန်တော်တို့ တစ်နိုင်ငံလုံးကထွက်တဲ့ ပစ္စည်းတွေကို မန္တလေးက ဖြန့်ဖို့ကိစ္စတွေမှာဒီ Financial Hub တွေနဲ့ လုပ်သွားဖို့ ကိစ္စတွေကလိုတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အရောင်းအဝယ် လုပ်ပြီဆိုရင် ဒီ Financial က နိုင်ငံတကာကို သွားပြီဆိုရင် မပါလို့မရတော့ဘူး” လို့ ဦးရဲမြတ်သူက ပြောပါတယ်။

လက်ရှိမှာတော့ မန္တလေးမြို့ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တွေက တရုတ် စီးပွားရေး လုပ်ကိုင်သူတွေနဲ့ ပိုပြီးအလုပ်ဖြစ်နေကြပါတယ်။ နိုင်ငံတကာနဲ့ ချိတ်ဆက်ဖို့ကခက်ခဲနေသေးတယ်လို့ တွေ့ဆုံထားတဲ့ ဒေသခံတွေက မှတ်ချက်ပေးကြပါတယ်။

မြန်မာနိုင်ငံက တစ်ခြားဒေသတွေလိုပဲ မန္တလေး စီးပွားရေးလုပ်ငန်းတွေက ငွေကြေး လိုအပ်ချက်တွေ ကြားထဲကပဲ ရုန်းကန်နေရတဲ့ အခြေအနေမှာ အသက်ဝင်လာတော့မယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန် အပါအဝင် ၊ အာဆီယံ စီးပွားရေးအသိုက်အဝန်းကနေ ကုန်သွယ်မှုတွေရဲ့  ဗဟိုချက်မ ဖြစ်လာနိုင်မယ့် မန္တလာမြို့က တိုင်းရင်းသား လုပ်ငန်းရှင်တွေအနေနဲ့ လက်ဦးမှုရနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းတော့ ရှိနေပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required