ဥရောပ ထိပ်တန်းအသင်းအချို့ရဲ့ လူသိနည်းနေသေးတဲ့ အချက် (၁၀)

ဥရောပ ထိပ်တန်းအသင်းအချို့ရဲ့ လူသိနည်းနေသေးတဲ့ အချက် (၁၀)

ပရိသတ်တွေဆိုတာ ကိုယ်အားပေးတဲ့ အသင်းအကြောင်းကို အပြည့်အစုံ သိချင်ကြတာ သဘာဝပဲဖြစ်ပါတယ်။ အသင်းအကြောင်းကို ပိုသိလေ ပရိသတ်တွေအတွက် ပိုပြီးကျေနပ်လေပဲဖြစ်ပါတယ်။ ဥပမာဆိုရရင် ၂၀၁၃ ခုနှစ်တုန်းက ချန်ပီယံလိဂ်ဖိုင်နယ်မှာ တွေ့ခဲ့ကြတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့တ်မွန်အသင်းတို့အကြား ဆက်စပ်မှု တစ်ခုကိုပြဆိုချင်ပါတယ်။ ဘွန်ဒက်စ်လီဂါမှာလည်း အဲဒီအချိန်တွေက ပြိုင်ဘက် ကောင်းဖြစ်ခဲ့ကြတဲ့ ဒီနှစ်သင်းကြား ဆက်စပ်မှုကတော့ ဒေါ့တ်မွန်အသင်း ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ရုန်းကန်ခဲ့ရစဉ်မှာ ဘိုင်ယန်မြူးနစ်က အကူအညီပေးခဲ့ဖူးတယ်ဆိုတဲ့ အချက်ပါပဲ။ ဒီလိုအသင်းတွေကြား ဆက်စပ်မှုတွေအပြင် လူသိပ်မသိသေးတဲ့ အသင်းတွေရဲ့ အကြောင်းအရာအချို့ကို Hyper Sports ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။  ရီးယဲလ်မက်ဒရစ်အသင်းကို ကက်တလန်ညီနောင်များက တည်ထောင်ခဲ့ခြင်း။

ကတ်တလန်ဒေသနဲ့ မက်ဒရစ်မြို့အကြားမှာ အားကစားသာမက နိုင်ငံရေးပြိုင်ဆိုင်မှုတွေက တကယ်ပဲ ကမ္ဘာကျော်လှပါတယ်။ ဒါပေမဲ့ လူသိနည်းနေသေးတဲ့အချက်ကတော့ ရီးယဲလ်မက်ဒရစ်အသင်းကြီးကို မက်ဒရစ်မြို့နေ ကက်တလန်ညီနောင်နှစ်ဦးက စတင်တည်ထောင်ခဲ့တယ်ဆိုတာပါပဲ။ ကားလို့စ်ပါဒရို့စ် ရူဘီယိုနဲ့ ဟွမ်ပါဒရို့စ်ရူဘီယိုဆိုတဲ့ ညီအစ်ကို နှစ်ယောက်ဟာ ကာလီအယ်ကာလာဆိုတဲ့ ဆိုင်တစ်ဆိုင်ကို ပိုင်ဆိုင်ခဲ့ကြပါတယ်။ သူတို့ဟာ နိုင်ငံတွင်းမှာ ဘောလုံးအားကစား ခေတ်စားလာချိန်ကတည်းက တက်တက်ကြွကြွလှုပ်ရှားခဲ့ကြပြီး ၁၉၀၂ မှာတော့ သူတို့ ဆိုင်နောက်ခန်းဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပထမဆုံး မျက်နှာစာဖြစ်လာခဲ့ပါတော့တယ်။ ဟွမ်ဟာအသင်းရဲ့ ပထမဆုံးဥက္ကဋ္ဌဖြစ်လာခဲ့ပြီး သူ့ရဲ့ ဆက်ခံသူကတော့ အစ်ကိုဖြစ်သူ ကားလို့စ်ဖြစ်ပါတယ်။ ကားလို့စ်ဟာ ကိုပါဒယ်ရေးပြိုင်ပွဲမှာ အသင်းရဲ့ မရှိမဖြစ် ကစားသမားဖြစ်ခဲ့ပြီး ၁၉၀၂ ပထမဆုံး ဗိုလ်လုပွဲမှာလည်း ဒိုင်လူကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။

၂။  အန်ဖီးလ်ဆိုတာ အဲဗာတန်ရဲ့ မူလအိမ်ကွင်းပါ

အန်ဖီးလ်ဆိုတာ လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်းဖြစ်သလို ကမ္ဘာကျော်ဘောလုံးကွင်း တစ်ကွင်းဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ အဲဒီကွင်းဟာ မူလက မြို့ခံပြိုင်ဘက် အဲဗာတန်ရဲ့ အိမ်ကွင်းဆိုတဲ့အချက်ကတော့ စိတ်ဝင်စားစရာ ကောင်းနေမှာ အမှန်ပါပဲ။

အဲဗာတန်ဟာ စတန်လေပန်းခြံနားက လဟာပြင်ကွင်းမှာ အရင်ကစားခဲ့ပြီး ပရော်ဖက်ရှင်နယ်အဖြစ် ကူးပြောင်းချင်လာတဲ့အခါမှာတော့ ဘောလုံးကွင်းပုံစံ ပီပြင်တဲ့ ကွင်းတစ်ကွင်း လိုအပ်လာခဲ့ပါတယ်။ ၁၈၈၂ ခုနှစ်မှာ ဂျေခရုဆိုသူက အဲဗာတန်အသင်းအတွက် မြေနေရာ လှူဒါန်းခဲ့ပြီး နှစ်နှစ်လောက် အဲဗာတန်ရဲ့ အိမ်ကွင်းဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေ တစတစများပြား ဆူညံလာခဲ့လို့ ခရုက အဲဗာတန်အသင်းကို နေရာပြောင်းပေးဖို့ တောင်းဆိုခဲ့တာကြောင့် ၁၈၈၄ မှာ အဲဗာတန်တို့ဟာ အန်ဖီးလ်ကို ပြောင်းရွှေ့ခဲ့ရပါတယ်။

အဲဗာတန်တို့ဟာ အန်ဖီးလ်ကို ခုနစ်နှစ်အတွင်း ပရိသတ် ၂၀ဝဝဝ ဆံ့ နိုင်ငံတကာ အဆင့်မီ ကွင်းတစ်ကွင်းအဖြစ် ပြောင်းလဲခဲ့ပြီး အန်ဖီးလ်ကွင်းမှာ သူတို့ရဲ့ပထမဆုံးဆုဖလားအဖြစ် ၁၈၉၀-၉၁ အမှတ်ပေးဖလား ရယူနိုင်ခဲ့ပါတယ်။

အဲဗာတန်ဥက္ကဋ္ဌ ဂျွန်ဟူဒင်းဟာ အော်ရယ်မိသားစုထံကနေ အန်ဖီးလ်ကို ငှားရမ်းပြီး အဲဗာတန်အသင်းထံတစ်ဆင့် ပြန်လည် ငှားရမ်းထားတာဖြစ်ပါတယ်။ ၁၈၈၅ မှာတော့ ဟူဒင်းဟာ အော်ရယ်မိသားစုထံကနေ ပြန်ဝယ်ယူခဲ့ပြီး အဲဗာတန်အသင်းကို တိုက်ရိုက် ငှားရမ်းပေးခဲ့ပါတယ်။ ပထမဆုံး အမှတ်ပေးဖလားရအပြီးမှာတော့ ဟူဒင်းနဲ့ အဲဗာတန်ကော်မတီကြား အငြင်းပွားမှုတွေ ပေါ်ပေါက်လာခဲ့ပါတော့တယ်။ ဟူဒင်းမှာ ပုဂ္ဂိုလ်ရေး၊ ငွေရေးကြေးရေးနဲ့ နိုင်ငံရေးကိစ္စတွေ ရှိနေတယ်လို့ အဲဗာတန်ကော်မတီက ယူဆခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ ကွင်းနားကပ်လျက် မြေနေရာပိုင်ဆိုင်တဲ့ ဂျွန်အော်ရယ်ကလည်း အဓိကပွဲကြည့်စင်သစ်ဟာ သူ့မြေနေရာကို ကျူးကျော်ထားပါတယ်ဆိုပြီး တရားစွဲဖို့ လုပ်လာခဲ့ပြန်ပါတယ်။ အဲဗာတန်ကော်မတီကလည်း ူဒင်းဟာ ဥပဒေကြောင်းကို သိသိနဲ့ ပွဲကြည့်စင်သစ် ဆောက်ခွင့်ပြုခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

အဲဗာတန်ကော်မီတီက ဟူဒင်းကို အန်ဖီးလ်နဲ့ အငြင်းပွားနေတဲ့ မြေနေရာ နှစ်ခုပေါင်း ပေါင် ၃၇၀ နဲ့ ငှားပေးဖို့ ဒါမှမဟုတ် ဝယ်ပေးစေချင်ခဲ့ပေမယ့် ငှားရမ်းခကို ဘယ်လိုမှ ညှိလို့ မရခဲ့ပါဘူး။

အန်ဖီးလ်ကို အဲဗာတန်အသင်းက ဆက်လက် ပိုင်ဆိုင်ထားပြီး ကစားနေတုန်းမှပဲ ဟူဒင်းဟာ ၁၈၉၂ ခုနှစ် မတ်လမှာ ကွင်းပိုင်ဆိုင်သူ အမည်အဖြစ် အဲဗာတန်အက်ဖ်စီနှင့် အက်သလက်တစ် ဂရောင်းလီမိတက် နာမည်အစား တစ်ခြားကုမ္ပဏီတစ်ခုအမည်နဲ့ မှတ်ပုံတင်ခဲ့ပါတယ်။ ဟူဒင်းကုမ္ပဏီက အဲဗာတန်ကို လီဗာပူးလ်အက်ဖ်စီနှင့် အက်သလက်တစ် ဂရောင်းလီမိတက်လို့ နာမည်ပြောင်းလိုက်တာကို ဘောလုံးကောင်စီက အသိအမှတ်မပြုခဲ့ပါဘူး။ ဟူဒင်းနဲ့ အဲဗာတန်ကော်မတီ အကြား အငြင်းပွားမှုက အဲဗာတန်အသင်းကို အန်ဖီးလ်ကို စွန့်ခွာပြီး ဂွတ်ဒီဆင်ပါ့ခ်ကို ပြောင်းရွှေ့စေခဲ့ပါတယ်။ အပြာရောင်များလို့ခေါ်တဲ့ အဲဗာတန်တို့ဟာ အန်ဖီးလ်ကွင်း နောက်ဆုံးပွဲ အဖြစ် ၁၈၉၂ ဧပြီ ၁၈ မှာ ဘော်လ်တန်အသင်းနဲ့
ကစားခဲ့ပါတယ်။

၃။ ဘာစီလိုနာ၊ ဘေဆယ်နဲ့ ဇူးရစ်တို့ကို  တစ်ဦးတည်းက တည်ထောင်ခဲ့

ဆွစ်ဇာလန်ထိပ်သီး ဇူးရစ်နဲ့ စပိန်ထိပ်သီး ဘာစီလိုနာတို့ကို တည်ထောင်သူက တစ်ဦးတည်းဖြစ်ပြီး ယိုဟန်ဂမ်ပါဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူဟာ ဆွစ်ဇာလန်မှာ အကျော်အမော် ဘောလုံးသမားတစ်ဦးဖြစ်ပြီး ဘေဆယ်ဘောလုံးအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်သလို ဇူးရစ်အသင်းရဲ့ ကစားသမားနဲ့ပူးတွဲ တည်ထောင်သူလည်းဖြစ်ခဲ့ပါတယ်။

၁၈၉၈ ခုနှစ်မှာ ဦးလေးဖြစ်သူ အမ်မလီဂိုက်ဆက်နဲ့ ဘာစီလိုနာမြို့ကို အလည်အပတ် ထွက်ရင်း အဲဒီကက်တလန်မြို့ကို ကြိုက်သွားတာကြောင့် မူလစီစဉ်ထားတာထက် ကြာကြာနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီမြို့မှာရှိတဲ့ ဆွစ်ဘုရားကျောင်းနဲ့ ဆက်သွယ်ခဲ့ပြီး ဒေသခံ ပရိုတက်စတင့်အဖွဲ့အစည်းနဲ့ ဘောလုံး စတင်ကစားခဲ့ပါတယ်။

၁၈၉၉ ခုနှစ်၊ အောက်တိုဘာ ၂၂ မှာ ဘောလုံးအသင်း တစ်သင်းဖွဲ့ချင်တယ်လို့သူက ကြော်ငြာခဲ့ပြီးနောက် နိုဝင်ဘာ ၂၉ မှာ ဘာစီလိုနာဆိုတဲ့ အသင်းတစ်သင်း စတင်မွေးဖွားလာခဲ့ပါတော့တယ်။ ဂမ်ပါဟာ ဘာစီလိုနာမှာ ၁၈၉၉ မှ ၁၉၀၃ အထိ ကစားခဲ့ပြီး ၁၉၀၈ မှာ အသင်းဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့ပါတယ်။

၄။ ချန်ပီယံလိဂ်ရဖူးပြီး အောက်တန်းမှာ လက်ရှိကစားနေသည့် တစ်သင်းသာရှိ

ယူရိုပီယန်ဖလားအမည်နဲ့စတင်ခဲ့တဲ့ ချန်ပီယံလိဂ်ဖ်လားကို ဥရောပတစ်ဝန်းက အသင်းပေါင်း ၂၂ သင်းက ရယူနိုင်ခဲ့ပါတယ်။ အဲဒီ ၂၂ သင်းမှာ အင်္ဂလန်က လီဗာပူးလ်၊ မန်ယူ၊ ချယ်လ်ဆီး၊ အက်စတွန်ဗီလာနဲ့ နော်တင်ဟမ်ဖောရက် စတဲ့ အသင်း ငါးသင်းလည်း အပါအဝင်ပါ။ ဟုတ်ပါတယ်။ နော်တင်ဟမ်ဖောရက်ပါ။ ဘရိုင်ယန်ကလောက်လက်ထက်မှာ ဖောရက်တို့ဟာ ဥရောပဖလား နှစ်ကြိမ် ရခဲ့ဖူးတယ်ဆိုတာကို တစ်ချို့က မသိကြတော့ပါဘူး။ ဖောရက်တို့ဟာ ချန်ပီယံလိဂ်ဖလားကို ရဖူးပေမယ့် လက်ရှိအချိန်မှာ သက်ဆိုင်ရာ လိဂ်မှာ အောက်တန်းမှာသာ ကစားနေရတဲ့ တစ်သင်းတည်းသောအသင်း ဖြစ်ပါတယ်။လီဗာပူးလ်၊ နာ်တင်ဟမ်ဖောရက်နဲ့ အက်စတွန်ဗီလာတို့ဟာ ၁၉၇၆ မှ ၁၉၈၂ အတွင်း ဥရောပဆုဖလားအားလုံးကို ရယူနိုင်ခဲ့ကြပါတယ်။

၅။ အေစီမီလန်က နိုင်ငံခြားသားတွေ ခေါ်ဖို့ ငြင်းဆန်ချိန်မှာ ပေါ်ပေါက်လာတဲ့ အင်တာမီလန်

အေစီမီလန်အသင်းကို ဘောလုံးနဲ့ ခရစ်ကတ်အသင်းအဖြစ် ၁၈၉၉ မှာ အင်္ဂလိပ်လူမျိုး နှစ်ဦးက တည်ထောင်ခဲ့ပေမယ့် ၁၉၀၈ မှာ နှစ်ခြမ်းကွဲသွားခဲ့ပြီး မတ်လ ၉ ရက်မှာ အင်တာမီလန်ဆိုတဲ့ ကလပ်အသင်းတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။

အသင်းနှစ်ခြမ်း ကွဲရခြင်း အကြောင်းရင်းကတော့ အေစီမီလန်ဟာ နိုင်ငံခြားသားတွေကို လက်မခံလိုဘဲ အင်တာမီလန်ကို တည်ထောင်သူတွေ ဖြစ်လာမယ့်သူတွေကတော့ အီတလီရော၊ နိုင်ငံခြားသားကိုရော ထည့်သွင်းကစားချင်ရာကနေ စတင်ခဲ့တာပါ။ ဒါကြောင့်လည်း အင်တာနေဇီယွန်နယ်ဆိုတဲ့အမည်နဲ့ အသင်း ဖြစ်လာခဲ့တာပါ။

နှစ်တွေ ကုန်လွန်ခဲ့ပြီးနောက် အရာရာ ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး အခုဆိုရင် အေစီမီလန်မှာလည်း အီတလီ လူမျိုးမဟုတ်တဲ့ ကစားသမားတွေ ပါဝင်ကစားနေကြပါပြီ။ နှစ်သင်းလုံးဟာ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ကြပေမယ့် အခုနောက်ပိုင်းနှစ်တွေမှာတော့ အရှိန်အဝါ တဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်။ လူအများစုဟာ အင်တာမီလန်လို့ မှားယွင်း သုံးစွဲ ခေါ်ဝေါ်နေကြပေမယ့် တကယ်တော့ အင်တာမီလန်ဆိုတဲ့ အမည်မရှိဘဲ အင်တာနေဇီယွန်နယ်ဆိုတဲ့ အမည်ပဲရှိပါတယ်။ ကျွန်တော်တို့လည်း အင်တာနေဇီယွန်နယ်လို့ ခေါ်ကြည့်ကြမလား။

၆။ ကိုပါဒယ်ရေးဖိုင်နယ်မှာ အရန်အသင်း ကက်စတီလာနဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့  ရီးယဲလ်မက်ဒရစ်

ရီးယဲလ်မက်ဒရစ် ကက်စတီလာ အသင်းဆိုတာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အရန်အသင်းဖြစ်ပြီး လူငယ်အကယ်ဒမီအတွက် မရှိမဖြစ် အစိတ်ပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ကက်စတီလာအသင်းဟာ စပိန်ဆီဂန်ဒါဘီမှာ ကစားနေပါတယ်။ အရန်အသင်းပီပီ အသင်းကြီးနဲ့ လိဂ်အတူတူ ကစားလို့မရဘဲ ကိုပါဒယ်ရေးဖလားမှာလည်း ကြာကြာ ယှဉ်ပြိုင်ခွင့်ပြုမခံရပါဘူး။ ဒါပေမဲ့လည်း စိတ်ဝင်စားစရာတွေ ဖြစ်ပျက်ခဲ့တဲ့ ၁၉၈၀ ခုနှစ်မှာတော့ အရန်အသင်းတွေဟာ ကိုပါဒယ်ရေး သို့မဟုတ် စပိန်ဘုရင့်ဖလားမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။

ကက်စတီလာအသင်းဟာ ဘီလ်ဘာအို၊ ဆိုစီဒက်၊ စပို့တင်းဂီဂျွန်တို့လိုအသင်းတွေကို အနိုင်ယူ ကျော်ဖြတ်ပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့ကာ ရီးယဲလ်မက်ဒရစ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်က ၆-၁ ဂိုးနဲ့ နိုင်ခဲ့ရာမှာ ဂိုးသွင်းသူတွေထဲမှာ လက်ရှိစပိန်နည်းပြ ဒယ်လ်ဘော့စကေးလည်း ပါဝင်ခဲ့ပါတယ်။

ကက်စတီလာအသင်းဟာ နောက်နှစ် ဥရောပရှုံးထွက် ဗိုလ်များဖလား ဝင်ခွင့်ရခဲ့ပေမယ့် ပထမအဆင့်မှာတင် ဝက်စ်ဟမ်းကို ရှုံးခဲ့ပါတယ်။ အရန်အသင်းတွေ ပြိုင်ပွဲတစ်ခုလုံး ယှဉ်ပြိုင်ခွင့်ကိုတော့ ၁၉၉၀-၉၁ မှာ ပိတ်ပင်ခံခဲ့ရပါတယ်။

၇။ ၁၉၁၉မှာ အာဆင်နယ်ရဲ့ တန်းတက် အရှုပ်တော်ပုံ

အာဆင်နယ်အသင်းဟာ ပထမကမ္ဘာစစ် မတိုင်ခင် ဒုတိယတန်းမှာ အဆင့် ၆ သာ ရပေမယ့် ၁၉၁၉ မှာတော့ အင်္ဂလန်ပထမတန်းကို အငြင်းပွားဖွယ် တက်ရောက်နိုင်ခဲ့ပါတယ်။

၁၉၁၉ ခုနှစ်မှာ အင်္ဂလန်ပထမတန်းပြိုင်ပွဲကို ပြိုင်ပွဲဝင်အရေအတွက် ၂၀ ကနေ ၂၂ သင်းထိ တိုးမြှင့်ခဲ့ပြီး အသင်းသစ် နှစ်သင်းကို ဘောလုံးလိဂ်ရဲ့ နှစ်စဉ်ပြုလုပ်တဲ့ အထွေထွေ အစည်းအဝေးမှာ ရွေးချယ်ခဲ့ပါတယ်။ အရင်ထုံးစံအရဆိုရင် အသင်းသစ် နှစ်သင်းနေရာဟာ တန်းဆင်းခဲ့ရတဲ့ ချယ်လ်ဆီးနဲ့ စပါးတို့အတွက်ဖြစ်ရမှာပါ။ အဲဒီအစား တစ်နေရာကို လောင်းကစား အရှုပ်တော်ပုံရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ ချယ်လ်ဆီးအသင်းကို ပေးလိုက်ပြီး ကျန်တစ်နေရာကိုတော့ မဲပေးရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရွေးချယ်ခံရမယ့်အသင်းတွေကတော့ တန်းဆင်းခဲ့ရတဲ့ စပါး၊ ဒုတိယတန်းက အဆင့် ၃ ဘန်စလေ၊ အဆင့်လေး ဝုဗ်၊ အဆင့် ၅ ဘာမင်ဂမ်၊ အဆင့် ၆ အာဆင်နယ်၊ အဆင့် ၇ ဟားလ်စီးတီးနဲ့ အဆင့် ၁၈ နော်တင်ဟမ်ဖောရက်တို့ဖြစ်ပါတယ်။

လိဂ်က အာဆင်နယ်ကို မဲပေးလိုက်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အာဆင်နယ်အသင်း ဥက္ကဋ္ဌ ဆာဟင်နရီနော်ရစ်က ဘောလုံးလိဂ်မှာ ကာလရှည်ကစားခဲ့တဲ့ ပထမဆုံး တောင်ပိုင်းကလပ်ဖြစ်နေတဲ့ အာဆင်နယ်အသင်းကို မဲပေးသင့်တယ်လို့ တိုက်တွန်းခဲ့လို့ပါ။ ဒါကြောင့်ပဲ လိဂ်ဘုတ်အဖွဲ့ဟာ စပါးကို ကျော်ပြီး အာဆင်နယ်ကို မဲပေးဖို့ သဘောတူလိုက်ပါတယ်။

အဲဒီအချိန်ကစပြီး အာဆင်နယ်နဲ့ စပါးတို့ရဲ့ သမိုင်းတစ်လျှောက်ပြိုင်ဆိုင်မှုက စတင်ခဲ့တော့တာပါပဲ။ အဲဒီတုန်းက ဘောလုံးလိဂ်မှာ ကာလရှည် ကစားခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်မျိုးကို ဝုဗ်အသင်းလည်း ပေးလို့ရတာပါပဲ။ အာဆင်နယ်အသင်းရဲ့အထက်မှာ နှစ်မှတ်အသာနဲ့ အဆင့် ၅ ရခဲ့တဲ့ ဝုဗ်တို့ဟာ ဘောလုံးလိဂ် စတင်တည်ထောင်စဉ်ကတည်းက ပါဝင်ခဲ့တဲ့ အသင်းဖြစ်နေလို့ပါ။ အာဆင်နယ်အသင်း တန်းတက်ဖို့အတွက် နောက်ကွယ်မှာ တိတ်တဆိတ် သဘောတူညီမှု ဒါမှမဟုတ် ဆာနော်ရစ်က လာဘ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

၈။ အေဘရာမိုဗစ် အရင်ဝယ်ချင်ခဲ့တာက စပါးအသင်း

စပါးအသင်းကတော့ သမိုင်းနဲ့ချီပြီးတော့ကို ကံဆိုးတဲ့အသင်းလို့ ဆိုရမှာပါ။ ၁၉၁၉ မှာ အာဆင်နယ်အသင်း ဦးစားပေးခံရလို့ တန်းဆင်းခဲ့ရတာ၊ ၂၀၁၂ မှာ လက်ရှိချန်ပီယံလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်နေရာ ဖယ်ပေးခဲ့ရတာတွေအပြင် ၂၀ဝ၃ မှာ ရုရှဘီလျံနာ အေဘရာမိုဗစ်က သူတို့အစား ချယ်လ်ဆီးအသင်းကို ဝယ်ယူသွားခဲ့တာတွေက စပါးရဲ့ ကံဆိုးမှုတွေပါ။ အင်္ဂလန်အသင်းနည်းပြဟောင်း အဲရစ်ဆင်က အေဘရာမိုဗစ်ဟာ သူ့ဆီက အကြံဉာဏ်မယူမီ စပါးအသင်းကို အရင်မျက်စိကျခဲ့တာလို့ ဖွင့်ပြောခဲ့ပါတယ်။

အေဘရာမိုဗစ်နဲ့ ရင်းနှီးတဲ့ အဲရစ်ဆင်က အေဘရာမိုဗစ်ဟာ ဘယ်လန်ဒန်အခြေစိုက်အသင်းကို ဝယ်ရင်ကောင်းမလဲဆိုပြီး တိုင်ပင်လာခဲ့တယ်လို့ ပြောခဲ့တာပါ။ အဲရစ်ဆင် ပြန်ပြောခဲ့တာက "ခင်ဗျားအနေနဲ့လိဂ်မှာ ဖလားရချင်ရင် ချယ်လ်ဆီးအသင်းကို ဝယ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းတစ်ဝက်လောက်ကိုပဲ အပြောင်းအလဲလုပ်ရမှာဖြစ်လို့ပါ။ စပါးကို ဝယ်မယ်ဆိုရင် ခင်ဗျားအနေနဲ့ တစ်သင်းလုံးကို အပြောင်းအလဲလုပ်ရလိမ့်မယ်" ဆိုပြီး ဖြစ်ပါတယ်။

၂၀ဝ၂-ဝ၃ ဘောလုံးရာသီသိမ်းပွဲစဉ်မှာ ခရွန်ဂျာရဲ့ ဂိုးနဲ့ ချယ်လ်ဆီးအသင်းက လီဗာပူးလ်အသင်းကို နိုင်လိုက်တာက နောက်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်ရစေခဲ့ပြီး အေဘရာမိုဗစ်လည်း နောက်ဆုံးမှာ သူ့အသင်းကို ရှာတွေ့သွားခဲ့ပါတယ်။

၉။ ချန်ပီယံလိဂ်ဆုဖလားအစစ်ကို ငါးသင်းသာ ထိမ်းသိမ်းခွင့် ရရှိထား

ချန်ပီယံလိဂ်ဖလားဆိုတာ ဘောလုံးကမ္ဘာမှာတော့ တန်ဖိုးအရှိဆုံး ဆုဖလားတစ်လုံးဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဗိုလ်စွဲတဲ့အသင်းတွေဟာ ပုံတူဆုဖလားကိုသာ ရရှိကြပြီး မူရင်းဆုဖလားကိုတော့ ယူအီးအက်ဖ်အေ ရုံးမှာပဲ သိမ်းထားပါတော့တယ်။

၂၀ဝ၉ ခုနှစ်အထိကတော့ အသင်းတွေဟာ ချန်ပီယံလိဂ်ဆုဖလားအစစ်ကို အခြေအနေ နှစ်မျိုးမှာ အပိုင်ရလေ့ရှိပါတယ်။ အဲဒါကတော့ ၁။ ပြိုင်ပွဲမှာ ငါးကြိမ်ဗိုလ်စွဲလျှင်၊ ၂။ သုံးနှစ်ဆက် ဗိုလ်စွဲလျှင် အပိုင်ယူခွင့်ရှိပါတယ်။ ၁၉၆၈ ကနေ ၂၀ဝ၉ ခုနှစ်အတွင်း သက်ရောက်ခဲ့တဲ့ စည်းမျဉ်းအရ အသင်းငါးသင်းက ဖလားအစစ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

အဲဒီအသင်းတွေကတော့

၁။ ရီးယဲလ်မက်ဒရစ်-ခြောက်ကြိမ်။ ခြောက်ကြိမ်မြောက်ဖလားကို ၁၉၆၆ မှာရခဲ့တာဖြစ်ပေမယ့် ၁၉၆၈ မှစတင်တဲ့ စည်းမျဉ်းနဲ့ အကျုံးဝင်ခဲ့လို့ အပိုင်ရခဲ့တာပါ။
၂။  ၁၉၇၃ မှာ သုံးကြိမ်ဆက် ဗိုလ်စွဲခဲ့တဲ့ အေဂျက်
၃။ ၁၉၇၆ မှာ သုံးကြိမ်ဆက် ဗိုလ်စွဲခဲ့တဲ့ ဘိုင်ယန်မြူးနစ်
၄။  ၁၉၉၄ မှာ ငါးကြိမ်မြောက်ရရှိခဲ့တဲ့ အေစီမီလန်
၅။ ၂၀ဝ၅ မှာ ငါးကြိမ်မြောက်ရရှိခဲ့တဲ့ လီဗာပူးလ်အသင်းတို့ပဲဖြစ်ပါတယ်။

၂၀ဝ၆ မှာ ခြောက်လုံးမြောက် ဆုဖလားအသစ်ကို ဖန်တီးခဲ့ရပြီး ဆုဖလား အစစ်ကို မပေးတော့ဘဲ ရရှိထားတဲ့ဆုဖလား အရေအတွက်ကိုသာ လက်မောင်းမှာ တံဆိပ်အဖြစ် တပ်ဆင်ခွင့်ပေးခဲ့ပါတယ်။ အဲဒီလိုဝတ်ဆင်ခွင့်ရဖို့ ဆုဖလားသုံးကြိမ်ဆက် ဒါမှမဟုတ် အနည်းဆုံး ငါးကြိမ်မြောက် ရရှိမှ ဖြစ်မှာပါ။

စည်းမျဉ်းသစ်အရ ချန်ပီယံလိဂ် ဖလားကို အပိုင် ရထားတဲ့ အသင်းငါးသင်းကလွဲလို့ အခြားအသင်းတွေက လက်မောင်းတံဆိပ် တပ်ဆင်ခွင့် မရကြသေးပါဘူး။

၁၀။ မန်စီးတီးနဲ့ လီဗာပူးလ်မှာ ကစားခဲ့ဖူးတဲ့ ဆာမတ်ဘက်စ်ဘီ

မန်ယူအသင်းရဲ့ကျော်ကြားလှတဲ့ ဂန္ထဝင်ပုဂ္ဂိုလ်ကြီး ဆာမတ်ဘက်စ်ဘီဟာ ကစားသမားဘဝတုန်းက မန်ယူအသင်းရဲ့ ပြိုင်ဘက်ကြီးတွေဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတွေမှာ ကစားခဲ့သူဖြစ်ပါတယ်။

သူဟာ အသက် ၁၈ နှစ်အရွယ်မှာ မန်စီးတီးအသင်းနဲ့စာချုပ်ခဲ့ပြီး ရှစ်နှစ်အကြာ ၁၉၃၆ မှာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီ နောက်သုံးနှစ်အတွင်း ရှားရှားပါးပါး တစ်ပွဲသာ မကစားခဲ့ရတာကလွဲလို့ လီဗာပူးလ်အသင်း ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ ဘတ်စ်ဘီ၊ ဂျင်မီ မက်ဒေါက်ဂေါနဲ့ တွမ်ဘရက်ရှောတို့ဟာ လီဗာပူးလ်အသင်းရဲ့နောက်တန်းမှာ သမိုင်းတစ်လျှောက် အကောင်းဆုံးအဖြစ်တောင် ယူဆခံခဲ့ရပါတယ်။ ၁၉၃၉ မှာ ဘော့ပီယာစလေ လီဗာပူးလ်ကို ရောက်လာပြီးနောက် ဘက်စ်ဘီဟာ ပီယာစလေရဲ့ လက်ရုံးတစ်ယောက်ဖြစ်လာခဲ့ကာ အင်္ဂလန်ရဲ့ အကျော်ကြားဆုံး နည်းပြ နှစ်ဦးကြား တစ်သက်လုံး တည်မြဲမယ့် ခင်မင်မှုကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်ကြောင့် ဘက်စ်ဘီရဲ့ ကစားသမားဘဝ အဆုံးသတ်ခဲ့ပြီး စစ်အပြီးမှာတော့ မန်ယူနည်းပြအဖြစ် တာဝန်ယူပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါတော့တယ်။

ဝေဘုန်းလူ

Hyper Sports Magazine No. 8 Pg. 42

.page-node-9486 .page-subtitle{ display: none; }

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required