အာဖရိကရဲ့ ဘောလုံးဘုရင် ယာယာတိုရေး

အာဖရိကရဲ့ ဘောလုံးဘုရင် ယာယာတိုရေး

ယာယာတိုရေး ဘာစီလိုနာမှာ ကစားစဉ်က ပရိသတ်အားပေးနှစ်ခြိုက်မှုကို အခုလောက် မရသေးပါဘူး။ ပရီးမီးယားလိဂ်ကို ပြောင်းလာခဲ့ပြီး မန်စီးတီးကစားသမား ဖြစ်လာတော့မှ ယာယာတိုရေးဆိုပြီး တစ်ဟုန်ထိုး နာမည်ကြီးလာတာဖြစ်ပါတယ်။ နာမည်ကြီးမယ်ဆိုလည်း ကြီးလောက်ပါတယ်။ ယာယာတိုရေးမပါတဲ့ မန်စီးတီးအသင်းက အသက်မဲ့လွန်းတာ ပရိသတ်အားလုံး သိပါတယ်။ မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလား နှစ်လုံးနဲ့ အက်ဖ်အေဖလား ရယူရာမှာ ယာယာတိုရေးက အခရာကျခဲ့ပါတယ်။ အခုအချိန်အထိလည်း မန်စီးတီးအသင်းမှာ ယာယာတိုရေးကို အားကိုးနေရဆဲ ဖြစ်ပါတယ်။ အာဖရိက ကစားသမားတစ်ဦးအနေနဲ့ ယာယာတိုရေးမှာ စိတ်ဝင်စားစရာ အချက်အလက်တွေ ရှိနေပါတယ်။

၁၀ နှစ်မှာ ဘောလုံးကန်ဖိနပ် စရသူ

ယာယာတိုရေးဟာ ငယ်ရွယ်စဉ် ကလေးဘဝကတည်းက ဘောလုံး စတင်ကစားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘောလုံးကန်ဖိနပ်နဲ့ သေချာ စနစ်တကျ စတင်ကစားခဲ့တာက အသက် ၁၀ နှစ်အရွယ်မှာဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ခြေစွမ်းခြေစကတော့ မသေးလှပါဘူး။ အကိုဖြစ်သူ ကိုလိုတိုရေးရဲ့ ခြေရာကို နင်းပြီး ဒေသလူငယ်အသင်းဖြစ်တဲ့ မီမိုဆာမှာ အချိန်တိုအတွင်းပဲ အဓိက ကစားသမားဖြစ်လာခဲ့ပါတယ်။ အာဖရိက လူငယ်တွေရဲ့ ထွက်ပေါက်ဖြစ်တဲ့ ဘောလုံးအားကစားကို ယာယာတိုရေး သည်းသည်းမဲမဲ ကစားခဲ့ပါတယ်။

ဘာသာတရား ကိုင်းရှိုင်းသူ

ယာယာတိုရေးမှာ ပရီးမီးယားလိဂ်မှာ ကစားနေစဉ်ကာလအတွင်း ပွဲစဉ်အလိုက် အကောင်းဆုံး ဆုများစွာကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ပွဲအပြီးမှာ သူဟာ ရှန်ပိန်ပုလင်းနဲ့ ဘယ်တော့မှ အောင်ပွဲ မခံခဲ့ပါဘူး။ သူယုံကြည်ရာ အစ္စလာမ် ဘာသာတရားရဲ့ တားမြစ်ချက်ကြောင့် အဲ့ဒီလို ငြင်းပယ်တာဖြစ်ပါတယ်။

အာဆင်နယ်ရောက်ဖို့ နီးစပ်ခဲ့သူ

ယာယာတိုရေးဟာ အာဆင်နယ်အသင်းကို ရောက်ဖို့ အလွန်ကို နီးစပ်ခဲ့တာပါ။ ၂၀ဝ၃ ခုနှစ်က အာဆင်နယ်အသင်းမှာ ခြေစွမ်းလာရောက် စမ်းသပ်ရာမှာ နည်းပြအာစင်ဝင်းဂါးကလည်း သူ့ကို ကြိုက်နှစ်သက်လို့ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ယာယာတိုရေးအတွက် အလုပ်လုပ်ခွင့် ပါမစ် အဆင်မပြေတာကြောင့် နောက်ဆုံးမှာ ယူကရိန်းကလပ် မီတာလာဒိုးနက်အသင်းကို ရောက်ရှိသွားခဲ့ရပါတယ်။

ဥရောပကလပ် အများအပြားမှာ ကစားခဲ့သူ

ယာယာတိုရေးဟာ ၂၀ဝ၁ ခုနှစ်က စတင်ပြီး ဥရောပမှာ ခြေချခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး ဘယ်လ်ဂျီယံကလပ် ဘီဗီရန်မှာ ကစားပြီး ၂၀ဝ၃ ခုနှစ်မှာ ယူကရိန်းကလပ် မီတာလာဒိုးနက်အသင်းကို ရောက်သွားခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀ဝ၅ မှာ ဂရိထိပ်သီးကလပ် အိုလံပီယာကော့စ်အသင်းကို ရောက်ရှိခဲ့ပြီး ၂၀ဝ၆ ခုနှစ်မှာတော့ ပြင်သစ်ကလပ် မိုနာကိုအသင်းကို ရောက်ရှိသွားခဲ့ပါတယ်။ ၂၀ဝ၇ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိကို ဘာစီလိုနာမှာ ကစားခဲ့ပြီး အဲ့ဒီနောက်တော့ မန်စီးတီး ကစားသမားအဖြစ် ယနေ့တိုင် ခြေစွမ်းပြနေဆဲ ဖြစ်ပါတယ်။

ညီအစ်ကို ဘောလုံးသမားများ

ယာယာတိုရေးတို့ ညီအစ်ကိုတွေက ဘောလုံးသမားတွေချည်း ဖြစ်ပါတယ်။ သူ့လောက်တော့ ဘယ်သူမှ မအောင်မြင်ကြပါဘူး။ မိသားစုထဲမှာ အစ်ကိုဖြစ်ကို ကိုလိုတိုရေးက ဦးစွာ အောင်မြင်သူဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ယာယာတိုရေးက ကလပ်အသင်းမှာရော နိုင်ငံအသင်းမှာပါ အဓိက ကစားသမားဖြစ်လာပြီး အောင်မြင်မှု အများအပြားရရှိခဲ့ပါတယ်။ ယာယာတိုရေးရဲ့ ညီဖြစ်တဲ့ အီဗရာဟင်တိုရေးကလည်း ဘောလုံးသမားပဲဖြစ်ပြီး လက်ဘနွန်ကလပ် အယ်လ်ဆာဖာစပို့တင်း အသင်းရဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။ ဒါပေမဲ့ အီဗရာဟင်ဟာ ကင်ဆာရောဂါကြောင့် ၂၀၁၄ ခုနှစ်မှာ ဆုံးပါးသွားခဲ့ပါပြီ။

ပရဟိတသမား ယာယာ

ယာယာတိုရေးဟာ သူမွေးဖွားကြီးပြင်းခဲ့ရတဲ့ အာဖရိကကို ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ အာဖရိကနိုင်ငံတွေဟာ ဆင်းရဲခေါင်းပါးမှုနဲ့ အစာရေစာရှားပါးမှုကို အမြဲခံခဲ့ရတာပါ။ ဒါကြောင့် တိုရေးက သူထင်ပေါ်ကျော်ကြားလာပြီး ဝင်ငွေများစွာ ရရှိလာချိန်မှာ အမိအိုင်ဗရီကို့စ်နိုင်ငံနဲ့ အာဖရိကအနောက်ခြမ်းက နိုင်ငံတွေမှာ အလှူအတန်းများစွာ ပြုလုပ်ခဲ့ပါတယ်။ ယူအန်ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သံတမန်အဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။

အာဖရိကရဲ့ အကောင်းဆုံးကစားသမား

လက်ရှိမှာ ယာယာတိုရေးဟာ အာဖရိကတိုက်ရဲ့ အကောင်းဆုံးကစားသမားဖြစ်သလို ၂၀၁၅ ခုနှစ် အာဖရိက အကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်းမှာလည်း ပါဝင်လျက် ရှိပါတယ်။ ယာယတိုရေးဟာ အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ လေးနှစ်ဆက်တိုက် ရရှိထားတာပါ။ ဒီဆုကို လေးကြိမ်ရဖူးတဲ့ ကစားသမားက ယာယာတိုရေးနဲ့ အီတူးတို့ နှစ်ဦးသာရှိပါတယ်။ ဒါပေမဲ့ ယာယာတိုရေးလို လေးနှစ်ဆက်တော့ ဘယ်ကစားသမားမှ မရဖူးပါဘူး။ ၂၀၁၅ မှာသာ ယာယာတိုရေး ထပ်ရလိုက်မယ်ဆိုရင် စံချိန်တင်သွားတော့မှာ ဖြစ်ပါတယ်။

လူမျိုးရေးခွဲခြားမှု သားကောင်

ယာယာတိုရေးဟာ အခြားလူမည်းကစားသမားတွေလိုပဲ ဘောလုံးသမားဘဝမှာ လူမျိုးရေးခွဲခြားမှုတွေနဲ့ ကြုံတွေ့ခဲ့ဖူးပါတယ်။ ပေါ်တူဂီနဲ့ မော်စကိုတို့မှာ သွားကစားခဲ့တုန်းက ယာယာတိုရေးကို လူမျိုးရေးခွဲခြား လှောင်ပြောင်မှုတွေ ခံခဲ့ရတာပါ။ ဒါကြောင့် ယာယာတိုရေးက အင်္ဂလန်မှာ ကစားရတာကို တကယ်နှစ်သက်တယ်လို့ ပြောဖူးပါတယ်။ အဓိက အကြောင်းကတော့ အင်္ဂလန်မှာ လူမျိုးရေးခွဲခြား မခံရလို့ပါပဲ။

အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်

ယာယာတိုရေးအခုလို အောင်မြင်နေတဲ့ လျှို့ဝှက်ချက်ကတော့ ကိုယ်ပိုင်လေ့ကျင့်ခန်း ပြုလုပ်ခြင်းပါပဲ။ အောင်မြင်တဲ့ ကစားသမားတိုင်း သူတို့ရဲ့ ကိုယ်ပိုင်လေ့ကျင့်ခန်း ရှိတတ်ကြပါတယ်။ ယာယာဟာ အသင်းလေ့ကျင့်ရေး ပြီးသွားတာနဲ့ သူ့အတွက် လိုအပ်တဲ့ လေ့ကျင့်ရေးတွေကို ပြုလုပ်ပါတယ်။ ဖရီးကစ် ကန်သွင်းမှုကိုလည်း အဲ့ဒီအချိန်မှာ အချိန်ပေးပြီး လေ့ကျင့်လေ့ ရှိပါတယ်။

ဒါတွေကတော့ ယာယာတိုရေးဆိုတဲ့ အာဖရိကန် ဘောလုံးအကျော်အမော်တစ်ယောက်ရဲ့ ဘဝထဲက စိတ်ဝင်စားစရာ အချက်အလက်အချို့ ဖြစ်ပါတယ်။ ယာယာတိုရေးရဲ့ ပရိသတ်တွေ ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

HyperSports Magazine No.24 Pg. 22 1st January 2016

.page-node-9477 .page-subtitle{ display: none; }

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly