လှေစီးရွှေ့ပြောင်းများကို ခေါ်ဆောင်လာ သူမြန်မာနိုင်ငံသား ၂၀ ဦးကို ထောင် ၅ နှစ်ချ လူကုန်ကူးမှုဖြင့်လည်း တရားစွဲထား

လှေစီးရွှေ့ပြောင်းများကို ခေါ်ဆောင်လာ သူမြန်မာနိုင်ငံသား ၂၀ ဦးကို ထောင် ၅ နှစ်ချ လူကုန်ကူးမှုဖြင့်လည်း တရားစွဲထား

ဇွန် ၂၄  ။       ။ လှေစီးဒုက္ခသည်များကို တင်ဆောင်လာသည့် မြန်မာနိုင်ငံသား သင်္ဘောသား ၂၀ ဦးကို ဇွန် ၂၃ ရက်တွင် မောင်တောမြို့နယ် တရားရုံးက ထောင်ဒါဏ် ငါးနှစ်စီ ချမှတ်လိုက်သည်။

လှေစီးဒုက္ခသည်များကို တင်ဆောင်လာသည့် စက်လှေတွင် မြန်မာနိုင်ငံသားလှေလုပ်သား ၂၀ ဦး ပါဝင်ခဲ့ပြီး ၎င်းတို့ကို တရားမဝင်နယ်စပ်ဖြစ်ကျော်မှု၊ လူကုန်ကူးမှုတို့ဖြင့် တရားစွဲဆိုထားရာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ပြစ်ဒါဏ် ချလိုက်ခြင်းဖြစ်သည်။

"ထောင်ဒါဏ်ငါးနှစ်က ပထမ တစ်မှုကို ချတာဖြစ်ပါတယ်။ လူကုန်ကူးမှုက သပ်သပ်ထပ်ရှိပါသေးတယ်။" ဟု မောင်တောမြို့နယ် လ.ဝ.က ဦးစီးမှူး ဦးစောနိုင်ကပြောသည်။

လှေလုပ်သား ၂၀ ဦးမှာ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းတို့မှ ဖြစ်ပြီး ၎င်းတို့အပြင် လှေပိုင်ရှင် နှင့် အပေါင်းအပါ ၄ ဦး ကိုလည်း လူကုန်ကူးမှု ဥပဒေဖြင့် စစ်တွေတွင် တရားစွဲဆိုထားသေးသည်။

"လေပိုင်ရှင် နှစ်ယောက်မှာ တစ်ယောက်ကို လိုက်လံဖမ်းဆီးနေတုန်းပါ တိမ်းရှောင်နေတယ်ပေါ့။" ဟု ရခိုင်ပြည်နယ် လူကုန်ကူးမှုတားဆီးရေးတာဝန်ခံ ဒုရဲမှူးကျော်ညွှန့်ကပြောသည်။

မေ ၂၁ ရက် က ဖမ်းဆီးမိခဲ့သော ရွှေ့ပြောင်းအခြေချ လှေစီးဒုက္ခသည် ၂၀၈ ဦးပါ လှေ နှစ်စီးတွင် ပါဝင်သော လှေလုပ်သားများ ကို ရခိုင်ပြည်နယ်အစိုးရက အရေးယူခြင်းဖြစ်သည်။

လှေတွင်ပါဝင်သော ဒုက္ခသည်များအနက် ၁၈၃ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည် လွှဲအပ်ပြီး ရှစ်ဦးကို ရခိုင်ပြည်နယ်တွင် ထားရှိသည်။

ကျန် ၁၇ ဦးမှာ တောင်ပြိုလက်ဝဲမြို့နယ် ယာယီစစ်ရေး စခန်းတွင် စိစစ်နေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly