ဒေါ့တ်မွန် တိုက်စစ်မှူး မာကိုရုစ်၏ စိတ်ဝင်စားဖွယ် အကြောင်းအရာများ

ဒေါ့တ်မွန် တိုက်စစ်မှူး မာကိုရုစ်၏ စိတ်ဝင်စားဖွယ် အကြောင်းအရာများ

ဒေါ့တ်မွန်အသင်း အောင်မြင်မှုတွေ ရရှိချိန်က ကွင်းလယ်တိုက်စစ်ကစားသမား မာကိုရုစ်ရဲ့ စွမ်းဆောင်ရည်တွေက အများကြီး အရေးပါခဲ့ပါတယ်။ ဒါကြောင့် သူ့ကို လိုချင်ခဲ့တဲ့ ဥရောပ ထိပ်သီးကလပ်အသင်းတွေဆိုတာ အများအပြားပါပဲ။ ဒါပေမဲ့ မာကိုရုစ်က ဒေါ့တ်မွန်အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မာကိုရုစ်မှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်တွေ
အများကြီး ရှိပါတယ်။ ဒီတစ်ပတ် မာကိုရုစ်အကြောင်း ဖော်ပြလိုက်ပါတယ်။

မာကိုရုစ်ရဲ့ စံပြကစားသမား

မာကိုရုစ်ရဲ့စံပြကစားသမားက အာဆင်နယ်ကွင်းလယ်လူ သောမတ်စ်ရိုဆစ်စကီးဖြစ်ပါတယ်။ ရုစ်က သူဟာ ရိုဆစ်စကီးရဲ့ ကစားပုံ အားလုံးကို အတုယူခဲ့တယ်လို့ ဝန်ခံပါတယ်။ "ကျွန်တော့်ရဲ့ အမြဲတမ်း စံပြကစားသမားက ရိုဆစ်စကီးပါပဲ။ သူ့ရဲ့ ဘောလုံးကစားပုံက အမြဲတမ်း ထူးခြားဆန်းကြယ်မှုတွေကို ပေးနိုင်ပါတယ်။ သူဟာ အသင်းဖော်တွေ ဘယ်နားမှာ ရှိနေတယ်ဆိုတာကို ကောင်းကောင်းသိနေပြီး သိနေတဲ့အတိုင်း အလျင်အမြန်ဘောလုံး ပေးပို့နိုင်သူပါ။ ဒေါ့တ်မွန်မှာ ကစားစဉ်က အသက်ငယ်ရွယ်သေးပေမယ့် သူဟာ ဘောလုံးနည်းစနစ်ပိုင်းကို တကယ်ကျေညက်ပြီး ဘောလုံးအမြင် အလွန်ကောင်းတဲ့သူပါ" လို့ မာကိုရုစ်က ဆိုပါတယ်။

အကြိုက်ဆုံး အဆိုတော်

မာကိုရုစ်ရဲ့ အကြိုက်ဆုံးအဆိုတော်ကတော့ ကမ္ဘာကျော်ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာ ဖြစ်ပါတယ်။ မာကိုရုစ်က အသက် ၂၆ နှစ်သာရှိသေးလို့ ပေါ့ပ်သီချင်းလေးတွေကို ကြိုက်တာ မထူးဆန်းလှပါဘူး။

ဘယ်သန်၊ ညာသန်

မာကိုရုစ်ရဲ့ ခြေတွေ၊ လက်တွေ သန်ပုံက သာမန်လူတွေနဲ့တော့ နည်းနည်းကွာခြားပါတယ်။ အစားအသောက်စားတဲ့အခါ ဒါမှမဟုတ် စာရေးတဲ့အခါတွေမှာ ဘယ်သန်ဖြစ်ပြီး ဘောလုံးကန်တဲ့ အခါမှာတော့ ညာသန်ဖြစ်ပါတယ်။

ထူးဆန်းတဲ့ အလေ့အကျင့်

မာကိုရုစ်မှာ ထူးဆန်းတဲ့ အလေ့အကျင့် တစ်ခုရှိပါတယ်။ အဒါကတော့ ဘောလုံးကစားဖို့ ခြေအိတ်၊ ဖိနပ်နဲ့ ညို့သကျည်းအကာတွေ ဝတ်ဆင်တဲ့အခါမှာ ဘယ်တော့ပဲဖြစ်ဖြစ် ညာဘက်ခြေထောက်ကနေပဲ စတင်ဝတ်ဆင်ပါတယ်။ ကွင်းထဲကို စတင်ခြေလှမ်းပြီဆိုတဲ့အခါမှာတော့ အမြဲတမ်း ဘယ်ခြေနဲ့ပဲ လှမ်းလေ့ရှိပါတယ်။

နာမည်ပြောင်

မာကိုရုစ်ရဲ့ နာမည်ပြောင်က Woody ဖြစ်ပါတယ်။ ကာတွန်းဇာတ်ကောင် Woody နဲ့ ခိုင်းနှိုင်းပြီး ခေါ်ဆိုကြတာဖြစ်ပါတယ်။ မာကိုရုစ်ပြေးတဲ့ အခါမှ ခေါင်းလှုပ်ပုံက Woody ပြေးတဲ့အခါ ခေါင်းလှုပ်ပုံနဲ့ တူညီလို့ အသင်းဖော်တွေက ဒီနာမည်ပြောင်ကို ပေးခဲ့ကြတာ ဖြစ်ပါတယ်။

အလေးအထားဆုံး အရာ

သူ့ရဲ့ ခန္ဓာကိုယ်မှာ မာကိုရုစ်အလေးထားဆုံးနေရာက ဆံပင်ဖြစ်ပါတယ်။ သူ့ရဲ့ခွင့်ပြုချက် မရရှိဘဲ ဘယ်သူမှာ သူ့ဆံပင်ကို ကိုင်ခွင့်မရှိပါဘူး။

ဘောလုံးသမားမဖြစ်ခဲ့ရင်

မာကိုရုစ်အနေနဲ့ ဘောလုံးသမားသာ မဖြစ်ခဲ့ဖူးဆိုရင် လေယာဉ်မောင်းတဲ့သူ တစ်ဦး ဖြစ်လာနိုင်ပါတယ်။ သူဟာ လေယာဉ်မောင်းနှင်တာကို ဝါသနာပါသူ ဖြစ်ပါတယ်။

ယာဉ်စည်းကမ်း မလိုက်နာသူ

မာကိုရုစ်ဟာ ဂျာမနီနိုင်ငံသမိုင်းမှာ ယာဉ်စည်းကမ်း အချိုးဖောက်ဆုံးသူတွေထဲက တစ်ဦးဖြစ်ပါတယ်။ ယာဉ်မတော်တဆမှု ခြောက်ကြိမ်ဖြစ်ခဲ့တာကြောင့် ယူရို ၅၄၀ဝဝဝ ပေးချေခဲ့ရသလို သတ်မှတ်မိုင်နှုန်းထက် ငါးကြိမ်ပိုမောင်းခဲ့ပါတယ်။ ဒါကြောင့် မာကိုရုစ်ဟာ တရားဝင် ယာဉ်မောင်းလိုင်စင် ရုတ်သိမ်းခံထားရပါတယ်။

ဒီအချက်တွေက မာကိုရုစ်ရဲ့ဘဝမှာ ထူးခြားတဲ့ အချက်လေးတွေဖြစ်ပါတယ်။ မာကိုရုစ်ရဲ့ဘောလုံးသမားဘဝနဲ့ ပတ်သက်တဲ့ အောင်မြင်မှုတွေကလည်း အများအပြားရှိပါတယ်။ ဒေါ့တ်မွန်လူငယ်အသင်းမှာ ၇ နှစ်ကတည်းက ဘောလုံးပညာကို စတင်သင်ကြားခဲ့တဲ့ ရုစ်ဟာ မိုချင်ဂလတ်ဘတ်အသင်းမှာ စတင်ခြေစွမ်းပြခဲ့ပြီး ဒေါ့တ်မွန်နဲ့အတူ ကမ္ဘာကျော် ဘောလုံးသမား တစ်ဦးဖြစ်လာခဲ့ သူဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါရဲ့အကောင်းဆုံး ကစားသမားဆု၊ ဂိုးဖန်တီးမှု အများဆုံးကစားသမားဆုတွေကို ရရှိခဲ့သူဖြစ်ပြီး ဒေါ့တ်မွန်နဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ရုစ်ဟာ ကွင်းလယ်တိုက်စစ်၊ တောင်ပံနဲ့တိုက်စစ်မှူးနေရာတွေမှာ ကစားနိုင်သူဖြစ်ပြီး လက်ရှိဘောလုံးကမ္ဘာက ထိပ်တန်း ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

HYPERSPORTS NO.20 Pg. 23

.page-node-9401 .page-subtitle{ display: none; }

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly