သပိတ်ကျင်းတွင် ရွှေတူးဖော်သည့် ကုမ္ပဏီမြေအား ဒေသခံများ ပြန်လည်သိမ်းယူ

သပိတ်ကျင်းတွင် ရွှေတူးဖော်သည့် ကုမ္ပဏီမြေအား ဒေသခံများ ပြန်လည်သိမ်းယူ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ရေထွက်ကျေးရွာရှိ ရွှေတူးဖော်နေသည့် မြန်မာစည်သူ ကုမ္ပဏီအား ဒေသခံများနှင့် ဝန်းရံသူပေါင်း ၃၀၀ ကျော်တို့က ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ဝင်ရောက်သိမ်းယူလိုက်သည်။

ထိုသို့ဒေသခံများ ဝင်ရောက်သိမ်းပိုက်သည်ကို ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်တို့မှ ဒေသခံများကလည်း လာရောက်ဝန်းရံကူညီမှုများ ပြုလုပ်ပေးလျှက်ရှိသည်။

ထိုသို့ကုမ္ပဏီအတွင်း ဝင်ရောက်သိမ်းယူရခြင်းမှာ ကျေးရွာပိုင်နယ်နိမိတ်အတွင်း ဝင်ရောက်၍ ဧရိယာသတ်မှတ်ကာ တူးဖော်နေခြင်းကြောင့်ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ကျေးရွာပိုင်မြေဧရိယာအတွင်းသို့ ဝင်ရောက်ရွှေတူးဖော်သည့် ကုမ္ပဏီများမှာ မြန်မာစည်သူကုမ္ပဏီအပြင် လက်ပံပြန့်ဒေသဖွံ့ဖြိုးရေး ကုမ္ပဏီနှင့်ဝေလင်းထိုက်ကုမ္ပဏီတို့လည်းပါဝင်သည်ဟု ဒေသခံများကဆိုသည်။

"ကျွန်မတို့ဒေသခံတွေက တူးစားဖို့မြေကိုမရှိတော့ဘူး။ အကုန်သူတို့မြေဖြစ်နေတယ်။ သူတို့အခုလုပ်နေတဲ့ သိမ်းထားတဲ့မြေကလည်း ကျွန်မတို့ အဘိုးအဘွားတွေရှာထားတဲ့ လုပ်ကွက်တွေပါ။ အားလုံး တစ်နိုင်တစ်ပိုင် လုပ်စားနေခဲ့ကြတာပါ။ အဲလိုမြေကို သိမ်းပြီး ရွာသူရွာသားတွေကို အနိုင်ကျင့်ဗိုလ်ကျမှုတွေ လုပ်နေတယ်။ နောက်တစ်ခုက အဲဒီမြေတွေက ကျွန်မတို့ရွာမြေတွေပါ။ ဒါကြောင့် ဒီနေ့တက်သိမ်းတာပါ။"ဟု ဒေါ်မေလွင်က ပြောသည်။

အဆိုပါကုမ္ပဏီများသည် ၂၀၀၂ ခုနှစ်မှစတင်၍ ဝင်ရောက်တူးဖော်နေခြင်းကြောင့် ဒေသခံများက သတ္တုတွင်းဝန်ကြီးဌာနအပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တိုင်ကြားစာများအကြိမ်ကြိမ်ပေးပို့ခဲ့သော်လည်း ဖြေရှင်းပေးမှုမရှိသည့်အပြင် ကုမ္ပဏီများမှ ဒေသခံများကို ရွှေခိုးယူတူးဖော်နေသည်ဟုဆိုကာ ပုဒ်မအမျိုးမျိုးတပ်၍ တရားစွဲဆိုမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများကဆိုသည်။

ရေထွက်ကျေးရွာမှ ရွာဦးကျောင်းတိုက်ဆရာတော် ဦးနန္ဒောဘာသ ကလည်း "အားလုံးမခံနိုင်တော့လို့ အခုလိုဖြစ်တာပဲ။အစိုးရကလည်း ဖြေရှင်းမပေးဘူး။ ဒီလုပ်ကွက်တွေကလည်း ပြည်ထဲရေးအမည်ပေါက်ရွာမြေပဲ။ ဒီမြေတွေကို ရွာမြေမှန်းသိနေရဲ့နဲ့ ကုမ္ပဏီတွေကို ချပေးထားတာကျတော့ သက်ဆိုင်ရာအစိုးရအဖွဲ့တွေအနေနဲ့ ဒေသခံနဲ့ ရန်တိုက်ပေးတဲ့သဘောဖြစ်နေတယ်။သိသလောက်ကတော့ တရားမဝင်တူးနေတယ်လို့ပဲ အားလုံးက ယူဆနေကြတယ်။"ဟု မိန့်ကြားသည်။

မြန်မာကုမ္ပဏီအနီးတွင် နေထိုသူ ဒေသခံ ကိုဇော်နိုင်က "ကုမ္ပဏီဘက်ကလည်း လူ ၄၀/၅၀ လောက် ဓားလွတ်တွေကိုင်ပြီးစောင့်နေတယ်။ အရင်ရက်တွေက ၂၀ လောက်ပဲအလုပ်လုပ်သူတွေရှိတယ်။ ဒီနေ့ပိုထူးခြားနေတယ်။ ပြီးတော့ ခြံစည်းရိုးတွေမှာလည်း လျှပ်စစ်တွေလွှတ်ထားတယ်။ ကျွန်တော်က နီးတော့ မြင်နေရတယ်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရွာသားထိရင် မခံဘူး။ ချမှာပဲ။ ဘာမှမကြောက်ဘူး။"ဟု ပြောသည်။

ထိုသို့ ကုမ္ပဏီမှခတ်ထားသော ခြံစည်းများလွှတ်ထားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အမှန်တကယ် ဝင်ရောက်သည်အခါ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရရှိမှုမရှိသည့်အပြင် ကုမ္ပဏီဘက်မှ တားဆီးခြင်းမရှိခဲ့ပေ။

"နိုင်ငံတော်က ခွင့်မပြုဘဲတူးလို့မရပါဘူး။သူတို့ဒီလိုတွေလုပ်တာက သက်ဆိုင်ရာကရှင်းပေးမှာပါ။ကျွန်တော်တို့အနေနဲ့ ဘာမှပြောစရာမရှိပါဘူး။"ဟု မြန်မာစည်သူ ရွှေတူးဖော်ရေးကုမ္ပဏီ မန်နေဂျာ ဦးမျိူးထွဋ် ကပြောသည်။

ဝင်ရောက်သိမ်းယူသော ဒေသခံများသည် ကုမ္ပဏီအတွင်းသို့ဝင်ရောက်ပြီး အလံများစိုက်ခြင်း၊ ဗီနိုင်းဆိုင်းပုဒ်များ စိုက်ထူကြသည်။ 

"ကျွန်တော်တို့မြေဧရိယာကို အလံစိုက် သတ်မှတ်ပြီး သိမ်းလိုက်ပါပြီ။နောက်တစ်ရက်မှာဆက်ပြီး ကျွန်တော်တို့စုပေါင်းအားနှင့် ရွှေတူးဖော်ခြင်းကို ဆက်လုပ်ပါမယ်။ ဆက်လုပ်နေရင်းအစိုးရက ဖြေရှင်းပေးတာကိုလည်း စောင့်သွားမယ်" ဟု ဦးဆောင်သူများထဲမှ တစ်ဦးဖြစ်သူ ကိုတိုးကြီးက ပြောသည်။

လာရောက်ဝန်းရံသူများကလည်း တိုက်ပွဲပြီးဆုံးချိန်အထိ ကူညီသွားမှာဖြစ်သည်ဟု ဆိုကြသည်။ သပိတ်ကျင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင်က "ဥပဒေအပြင်ဘက်က လုပ်နေရင်တော့ ဥပဒေအတိုင်း အရေးယူရမှာပဲ။ အခုချိန်ထိတော့ ဘယ်သူမှအကြောင်းကြားတာမရှိဘူး။"ဟုပြောသည်။

သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်းမပြုခဲ့ပေ။ ဒေသခံများက မြေသိမ်းသိမ်းတိုက်ပွဲဆင်နွှဲရာ မွန်းလွဲ ၃ နာရီ တွင် ပြီးဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required