လိပ်ကျွန်းအမှုပြီးပြတ်သည်အထိ ဦးဇော်ဇော်က ရံပုံငွေစိုက်ထုတ်ကူညီ

လိပ်ကျွန်းအမှုပြီးပြတ်သည်အထိ ဦးဇော်ဇော်က ရံပုံငွေစိုက်ထုတ်ကူညီ
ဝင်း နှင့် ဇော်တို့၏ မိသားစုများ နှင့် စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်တို့ ဇန်နဝါရီ ၃ရက်က တွေ့ဆုံစဉ်။ (ဓာတ်ပုံ- ကိုရဲဖေ့စ်ဘုတ်)

ရန်ကုန်၊ ဇန်နဝါရီ ၃ ။ ။ သေဒဏ်အမိန့်ချမှတ်ခဲ့သည့် လိပ်ကျွန်းအမှုအတွက် အယူခံဝင်ရန်နှင့် အဆင့်ဆင့်သော ဆောင်ရွက်ချက်များ ပြီးပြတ်သည်အထိ ရံပုံငွေစိုက်ထုတ်ကာ ဧရာဝတီဖောင်ဒေးရှင်းက ကူညီသွားမည်ဟု ဖောင်ဒေးရှင်းကဂတိပြုထားကြောင်း ထိုင်းရောက်မြန်မာလုပ်သားများပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေရှင်း FED ခေါင်းဆောင် ဦးထူးချစ်က မဇ္ဈိမကိုပြောသည်။

ဧရာဝတီဖောင်ဒေးရှင်း နာယကဦးဇော်ဇော်နှင့် လိပ်ကျွန်းအရေးကူညီဆောင်ရွက်ပေးနေသူ ဦးထူးချစ်အပြင် ဝင်းနှင့် ဇော်တို့၏မိဘနှစ်ဦးနှင့် ဇန်နဝါရီ ၃ရက် နေ့လည် ၁နာရီမှ ၃နာရီအထိ ဒုတိယအကြိမ်ထပ်မံတွေ့ဆုံ မှုတွင် ဦးဇော်ဇော်က ဂတိပြုခဲ့သည်ဟု ဦးထူးချစ်ကဆိုသည်။

"အခုစပြီးတော့ကူညီနေပြီ၊ သေဒဏ်ချလိုက်ကတည်းကစပြီး နောက်ပိုင်းလုပ်ရမယ့်ကိစ္စတွေအားလုံးမှာ သုံးစွဲတဲ့ငွေတွေကို တွက်ချက်သုံးစွဲခွင့်ပေးထားတယ်။ အဲဒီအပြင် လိုအပ်မည့်အမှုနဲ့ပက်သက်တဲ့ အကြံဉာဏ်ရ ယူနိုင်ဖို့ကိုလည်း ဖောင်ဒေးရှင်းကလူတွေနဲ့ ကျွန်တော်တို့ဆွေးနွေးဆောင်ရွက်ပေးဖို့ စလုပ်ပေးပြီ။" ဟု ၎င်းကပြောသည်။

ဇန်နဝါရီလ ၃ရက် တွေ့ဆုံမှုတွင်လည်း ဝင်းနှင့် ဇော်တို့၏ မိခင်နှစ်ဦး ကျန်းမားရေးနှင့် စားဝတ်နေရေး အဆင်ပြေစေရန် တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀စီကို ဦးဇော်ဇော်က လှူဒါန်းခဲ့သည်။ ဝင်းနှင့် ဇော်တို့အတွက် ထောင်ဝင်စာတွေ့ဆုံခြင်း အယူခံတရားရင်ဆိုင်ရာတွင် သွားရောက်သည့် စားရိတ်များကိုလည်း ဧရာဝတီ ဖောင်ဒေးရှင်းက ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဦးဇော်ဇော်ကဆိုထားသည်ဟု ဦးထူးချစ်ကပြောသည်။

လိပ်ကျွန်းအမှုအပြင်၊ ရနောင်းမှလူသတ်မှုဖြင့်စွပ်စွဲခံ မြန်မာလုပ်သားများ၊ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများ အခွင့်အရေးချိုးဖောက်ခံရမှု၊ လူကုန်ကူးမှုစသည့် အမှုများနှင့် ပက်သက်ပြီးလည်း ဧရာဝတီ ဖောင်ဒေရှင်းကသီးသန့် ကူညီပေးရန်လည်း ပြင်ဆင်ထားသည်ဟု ၎င်းကဆိုသည်။

ဧရာဝတီဖောင်ဒေးရှင်းမှ အမည်မဖော်လိုသူတာဝန်ရှိသူက "ကျွန်တော်တို့ကလိပ်ကျွန်းအပြင် ရွှေ့ပြောင်း လုပ်သားတွေအရေးကို ကူညီချင်တယ်။ ကူညီဖို့ဆွေးနွေးနေပြီ။ လိုအပ်ချက်တွေကို တတ်နိုင်သလောက် ကူညီသွားမှာပါ။ ဘယ်လောက်အထိ၊ ဘယ်လိုပမာဏဆိုတာတော့ မပြောချင်ပေမယ့် လိပ်ကျွန်းဆိုလည်း အမှုပြီးပြတ်တဲ့အထိကူညီမယ်၊ ရနောင်းအမှုလည်း ကူညီနေပါတယ်။" ဟု ဇန်နဝါရီ ၃ရက်တွင် မဇ္ဈိမကိုပြောသည်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့တွင်လည်း ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်တွင် အသက် ၁၈နှစ် အရွယ်၊ ထိုင်းကျောင်းသူတစ်ဦးကို ဓါးဖြင့် ၁၇ ချက်ဖြင့် ထိုးသတ်ခဲ့သည်ဟုဆိုကာ မြန်မာနိုင်ငံသားများ ဖြစ်သည့် မိုးဇင် အောင်နှင့် မော်ဝေလင်း၊ စိန်ကတုံးနှင့် ကျော်စိုးဝင်း တို့ကို ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာလ အတွင်းက ဖမ်းဆီးခဲ့သည်။
 
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအပေါ် လုပ်ခလစာအပြည့်အဝမရရှိမှုအပါအဝင် ညှင်းပန်း နှိပ်စက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ရှိနေသော်လည်း အစိုးရ၏ တုံ့ပြန်ဆောင်ရွက်ပေးမှုများမှာ လုံးဝမရှိကြောင်း MAT ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအဖွဲ့မှသိရသည်။
 
လိပ်ကျွန်းအမှုနှင့် ပတ်သက်ပြီးကူညီနိုင်ရေးအတွက် ဧရာဝတီဖောင်ဒေးရှင်းမှ ဦးဇော်ဇော်က FEDမှ ဦးထူးချစ်နှင့် နိုဗိုတယ်ဟိုတယ်တွင် ဒီဇင်ဘာ ၂၉ရက်တွင် ပထမဆုံးတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required