ရေဘေးသင့်ကျေးရွာများ ပြန်လည်ထူထောင်ရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဟင်္သာတတွင် စာရင်းကောက်ခံ

ရေဘေးသင့်ကျေးရွာများ ပြန်လည်ထူထောင်ရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဟင်္သာတတွင် စာရင်းကောက်ခံ

ဟင်္သာတ၊ ဇန်နဝါရီ ၃ ။       ။ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဟင်္သာတမြို့နယ် ကြက်ခြေနီအသင်းမှ ရေဘေးသင့်ကျေးရွာများ ပြန်လည်ထူထောင်ရေးအတွက် ဟင်္သာတမြို့နယ် ပဲကြီးကျွန်းကျေးရွာ အုပ်စုတွင် ဇန်နဝါရီလ ၂ရက်က စာရင်းကောက်ခံခဲ့သည်။

"မြန်မာနိုင်ငံ ကြက်ခြေနီအသင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနလက်အောက်ရဲ့ Cash Transfer Programme အရ ရေဘေးသင့်ဒေသတွေကို ပြန်လည်ထူထောင်ဖို့ လုပ်ဆောင်တာပါ။ ဟင်္သာတမြို့နယ်မှာဆို စစ်ကုန်းခြင်ဘို့ နဲ့ ပဲကြီးကျွန်းကျေးရွာအုပ်စု တွေပေါ့။ ကျေးရွာတစ်ရွာကို ကော်မတီ ၅ဦးဖွဲ့ပြီး CTP သင်တန်းပေးတယ်။ ပြီးတော့မှ RCV တွေနဲ့ ပူးပေါင်းပြီး ကျေးရွာမှာရှိတဲ့ အိမ်ခြေတွေရဲ့ အချက်အလက်တွေကို အခုလို စာရင်းကောက်တာပါ" ဟု CTP ၏ Focal person ဖြစ်သူ ဟင်္သာတမြို့နယ် ကြက်ခြေနီသူနာပြု တပ်ခွဲမှူးဦးကျော်မြင့်ဦးက မဇ္ဈိမကို ဖြေကြားသည်။

ဧရာဝတီတိုင်းတွင် ကျောင်းကုန်းမြို့နယ်မှ ကျေးရွာအုပ်စု ၂ စု နှင့် ဟင်္သာတမြို့နယ်က ကျေးရွာအုပ်စု ၃စု အား CTP မှ ရွေးချယ်ပြီး ပြန်လည်ထူထောင်ရေးအတွက် တစ်အိမ်ထောင်စုလျင် ငွေကျပ် ၃သိန်းစီ ကူညီထောက်ပံ့မှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ ဟင်္သာတမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် CTP မှ ၄၇၂ အိမ်အား စိစစ်ရွေးချယ်ပြီး ကူညီထောက်ပံ့ မည်ဖြစ်ကြောင်း ဟင်္သာတကြက်ခြေနီသူနာပြု တပ်ဖွဲ့ထံမှ သိရသည်။

"ပဲကြီးကျွန်းအုပ်စုမှာ ရေဘေးသင့်ခဲ့တဲ့ရှိတဲ့ ထိလွယ်ရှလွယ်ရှိအိမ်တွေ ဥပမာ နာတာရှည်ရောဂါသည် ရှိတဲ့အိမ်တို့ ကိုယ်ဝန်ဆောင်ရှိတဲ့အိမ်တို့ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကူညီထောက်ပံ့နိုင်ဖို့ စာရင်းကောက်တဲ့ သဘောပါပဲ ပြည်သူတွေရဲ့ အတွေ့အကြံ့နည်းပါးမှုနဲ့အတ္တစိတ်ကြီးတဲ့ အခက်အခဲတော့ အနည်းငယ်ရှိတာပေါ့ "ဟု ပဲကြီးကျွန်း ကျေးရွာပြန်လည်ထူထောင်ရေး ဥက္ကဋ္ဌ ဦးမင်းမင်းက မဇ္ဈိမကို ဖြေကြားသည်။

ဒီနှစ်တက်တဲ့ရေက အိမ်ခေါင်အထိရောက်တယ် တချို့မြင့်တဲ့အိမ်တွေတော့ တစ်ဝက်လောက်ထိမြုပ်တယ် တစ်ရွာလုံးကအိမ်တွေ ရေမြုပ်သွားတာ နှစ်တိုင်း ငဝန်မြစ်ကမ်းကလည်းပြိုတော့ ရွာရွှေ့ရတာဆိုတော့ ရွာတန်းကရှည်သွားပြီး အခုဆို ငါးပုံတစ်ပုံလောက်ပဲ ကျန်တော့တယ်" ဟု ပဲကြီးကျွန်းကျေးရွာအုပ်စု အေးရွာ နေ ကိုမြင့်လှိုင်က မဇ္ဈိမကို ပြောသည်။

ဟင်္သာတခရိုင်အတွင်းရှိ ငဝန်မြစ်ကမ်းနှင့် ဧရာဝတီမြစ်ကမ်းရှိ ကျေးရွာအများစုမှာ မြစ်ရေကြီးမှုဒဏ်ကို ခံစားခဲ့ရသော်လည်း ဟင်္သာတမြို့မှာမူ ၂၀၁၅ ရေဘေးတွင် ရေကာတာ များကြောင့် ရေဘေးအန္တရာယ်မှ ကံကောင်းထောက်မစွာ ကင်းလွတ်ခဲ့ပြီး လူအများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။

ယခု ပွင့်လင်းရာသီတွင် ဆည်မြောင်းဦးစီးဌာနမှ ဟင်္သာတမြို့အား ကာကွယ်ထားသော စည်ပင်ရေကာတာဟောင်းအား တာကြံ့ခိုင်ရေးအတွက် ပြန်လည်အဆင့်မြှင့်တင်နေကြောင်း တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly