ပေါ်တိုတိုက်စစ်မှူး မာတီနက်ဇ် အက်သလက်သို့ ပြောင်းရွှေ့ရန် သဘောတူညီခဲ့ပြီဟု အေးဂျင့် ဖွင့်ဟ

ပေါ်တိုတိုက်စစ်မှူး မာတီနက်ဇ် အက်သလက်သို့ ပြောင်းရွှေ့ရန် သဘောတူညီခဲ့ပြီဟု အေးဂျင့် ဖွင့်ဟ

စပိန်၊ ဇွန် ၂၄။ ။ ပေါ်တိုတိုက်စစ်မှူး ဂျက်ဆင်မာတီနက်ဇ်သည် အက်သလက်တီကိုအသင်းသို့ လေးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိခဲ့ပြီဟု ကစားသမား၏ အေးဂျင့်ဖြစ်သူက အတည်ပြု ပြောဆိုလိုက်သည်။

မာတီနက်ဇ်သည် အက်သလက်အသင်းနှင့် သဘောတူညီမှု မရရှိခင် စီးရီးအေထိပ်သီး အေစီမီလန်အသင်းသို့ ရောက်ရှိရန် နီးစပ်ခဲ့သေးသည်။ ယခုအချိန်တွင် မာတီနက်ဇ်မှာ ကိုလံဘီယာလက်ရွေးစင်အသင်းနှင့်အတူ ချီလီနိုင်ငံ၌ ကိုပါအမေရိကဖလားပြိုင်ပွဲ ယှဉ်ပြိုင်လျက်ရှိသည်။

အေးဂျင့် လူးဝစ္စဟင်းနရစ်ပွန်ပီယိုက 'ဒီနေ့က နောက်ဆုံးနေ့ပါပဲ။ ကျွန်တော်တို့အနေနဲ့ အေစီမီလန်အသင်းကို ကျေးဇူးတင်ပါတယ်။ သူတို့ဟာ အဆုံးအထိကြိုးစားခဲ့တာပါ။ ဒီ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ ကစားသမားတစ်ဦးအနေနဲ့ အသင်းနှစ်သင်းကို ရွေးချယ်လို့ မရပါဘူး။

အက်သလက်အသင်းဟာ လာလီဂါနဲ့ ဥရောပပြိုင်ပွဲတွေမှာ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ကြီးမားတဲ့ အသင်းကြီးတစ်သင်းပါ။ မာတီနက်ဇ်ကလည်း ကြီးမားတဲ့ အောင်မြင်မှုတွေရရှိဖို့ ဒီအသင်းကို သွားမှာပါ။ ဒါက သူ့ရဲ့ အိပ်မက်ပါပဲ။ အခုအချိန်မှာ မာတီနက်ဇ်ဟာ အလွန်စိတ်လှုပ်ရှားနေပြီး အမှန်တကယ်ပျော်ရွှင်နေပါတယ်' ဟု ပြောသည်။

မာတီနက်ဇ်သည် ပြီးခဲ့သည့် ရာသီက ပေါ်တိုအသင်းအတွက် လိဂ်သွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သည်။

အက်သလက်တီကိုအသင်းသည် မန်ဇူကစ်ကို ဂျူဗင်တပ်စ်အသင်းသို့ ရောင်းချပြီးနောက် ဗီလာရီးယဲလ်မှ လူငယ်တိုက်စစ်ကစားသမား ဗီယက်တိုကိုလည်း ခေါ်ယူထားပြီး ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly