မြန်မာနိုင်ငံတွင် တရားမဝင် သင်းခွေချပ်ကုန်သွယ်မှုများ ကြီးထွားနေ

မြန်မာနိုင်ငံတွင် တရားမဝင် သင်းခွေချပ်ကုန်သွယ်မှုများ ကြီးထွားနေ
ဓာတ်ပုံ - အီးပီအေ
 

ကမ္ဘာ၌ မျိုးသုဉ်းမည့်ဘေး အန္တရာယ်ရှိနေသည့် မျိုးစိတ်ဖြစ်သော သင်းခွေချပ်များကို ကုန်သွယ်အရောင်းအဝယ် ပြုနေကြရာတွင် မြန်မာနိုင်ငံသည့် အဓိက ရင်းမြစ်ဖြစ်နေပြီး အခရာကျ ဈေးကွက်တစ်ခုဖြစ်နေကြောင်း ယခုသီတင်းပတ်တွင်းက ထုတ်ပြန်သည့် သုတေသနသတင်းတစ်ရပ်အရ သိရသည်။

တရုတ်နယ်စပ် မြန်မာနိုင်ငံတွင်းက မိုင်းလားကုန်သွယ်မှုဈေးကွက် နယ်မြေများတွင် သင်းခွေချပ်အသားနှင့် အကြေးခွံတို့ အပါအဝင် အကောင်အရှင်လတ်လတ်များပါ တရားမဝင် ကုန်သွယ်အရောင်းအဝယ်ဖြစ်နေကြောင်း Global Ecology and Conservation ဂျာနယ်၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ကမ္ဘာပေါ်တွင် တရားမဝင်မှောင်ခိုရောင်းဝယ်မှု အများဆုံး နို့တိုက်သတ္တဝါသည် သင်းခွေချပ်များပဲဖြစ်သည်။ 

အဆိုပါ ဂျာနယ်မှ သုတေသနအဖွဲ့က ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မိုင်းလားဒေသသို့ အခါအားလျော်စွာ သွားရောက်လည်ပတ်လေ့လာခဲ့သည့် ခရီးစဉ်များအတွင်း မိုင်းလားနံနက်ခင်းဈေး၊ အထိမ်းအမှတ်ပစ္စည်း အရောင်းဆိုင်များနှင့် တောရိုင်းတိရစ္ဆာန်အသား ရောင်းချသည့် စားသောက်ဆိုင်များတွင် ဆန်းစစ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုဆန်းစစ်မှုများအတွင်း သင်းခွေချပ်အကြေးခွံ ၃၂ ခု၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ သန္ဓေသားလောင်းများနှင့် အကောင်လိုက် တွေ့ရသည့် သင်းခွေချပ်ကောင်ရေ ၂၇ ကောင်ကို တွေ့ရှိခဲ့သည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် ထိုင်းနိုင်ငံတို့၌လည်း ယင်းသို့ဈေးကွက်များ ရှိနေပြီးဖြစ်သည်။

မိုင်းလားဈေးကွက်သို့ ရောက်ရှိလာသည့် သင်းခွေချပ်များသည် မြန်မာနိုင်ငံတွင်းကပင် ဖြစ်ဖွယ်ရှိပြီး အိမ်နီးချင်းနိုင်ငံများမှ ရောက်ရှိလာသည့် သင်းခွေချပ်များလည်း ပါဝင်နိုင်သည်။ 

ရှမ်းပြည်နယ် တရုတ်နယ်စပ်နားတွင် ရှိသည့် မိုင်းလားနယ်မြေသည်  သင်းခွေချပ်နှင့် အခြားရှားပါးတိရစ္ဆာန်များ အရောင်းအဝယ် အလွန်လိုက်နေသည့် ဈေးကွက်ဖြစ်နေသည်။

အမဲလိုက်ခြင်းများနှင့် ၎င်းတို့ သဘာဝ ကျက်စားနေထိုင်ရာများ တောပြန်းတီးမှုဘေးများကြောင့် သင်းခွေချပ်များသည် မျိုးသုဉ်းမည့်ဘေး ခြိမ်းခြောက်ခံနေရသည့် မျိုးစိတ်ဖြစ်သည်။

တောရိုင်းတိရစ္ဆာန်နှင့် အပင်များ မျိုးသုဉ်းမှုဘေးက ကာကွယ်ရေးအတွက် နိုင်ငံတကာကုန်သွယ်ရေးသဘောတူညီမှုတွင် သင်းခွေချပ်များအား ကုန်သွယ်အရောင်းအဝယ်လုပ်ကိုင်ခြင်းများအား ခွင့်မပြုထားပေ။

"အဝယ်လိုက်နေခြင်းနဲ့ တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ဥပဒေမဲ့လုပ်ကိုင်ခြင်းတွေကို မဆန့်ကျင်မတားမြစ်မှုတွေက သင်းခွေချပ်တွေ မျိုးသုဉ်းပျောက်ကွယ်သွားအောင် တွန်းပို့နေတာပဲဖြစ်ပါတယ်။"ဟု အရှေ့တောင်အာရှ တရားမဝင်ကုန်ကူးခြင်များဆိုင်ရာ TRAFFIC အဖွဲ့မှ ဒေသတွင်းဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ ခရစ်ရှက်ပက်က ပြောသည်။

"အာရှမှာ အစိုးရတွေကြား ပူးပေါင်းဆောင်ရွက်ဖို့လိုနေပါပြီ။ နယ်စပ်မှောင်ခိုမှုတွေကို လျှော့ချပစ်နိုင်ဖို့အတွက်ပါ။ ရှားပါးမျိုးစိတ်တွေ လုံးဝမပျောက်ကွယ်သွားရအောင် ကာကွယ်သွားရေးအတွက် အစိုးရချင်း ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်နေပါတယ်။"ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required