ခရီးသွားလုပ်ငန်း တိုးတက်လာတဲ့ အင်းလေးခရီး

02 January 2016
ခရီးသွားလုပ်ငန်း တိုးတက်လာတဲ့ အင်းလေးခရီး

လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက ကမ္ဘာ့မြေလွှာတွေပြတ်ရွေ့ရာကနေ သဘာဝရေအိုင်တွေ ပေါ်ပေါက်လာကြပါတယ်။ တချို့က မြေပြန့်ဒေသမှာ … တချို့ကတော့ တောင်တန်းတွေပေါ်မှာပါ။... ဒီလိုနဲ့ပဲ မှိုင်းညှို့နေတဲ့ ရှမ်းတောင်တန်းကြီးပေါ်မှာ သဘာဝအတိုင်းပေါ်ပေါက်လာတဲ့ ကမ္ဘာကျော်ရေအိုင်ကြီးတစ်အိုင်ကို ကျွန်မတို့နိုင်ငံက ပိုင်ဆိုင်ခွင့် ရထားခဲ့ပါတယ်။

အင်းလေးလို့ ဆိုလိုက်တာနဲ့ တောင်ပတ်လည်ဝိုင်းရံထားတဲ့ အင်းလေးရေပြင်ကျယ်ကျယ်ရယ် .

ပုဂံခေတ်ကစလို့ ဒဏ္ဍာရီသမိုင်းဖြစ်ရပ်တွေရောပြွမ်းနေတဲ့ ဖောင်တော်ဦးဘုရားရယ် ..

ရေပေါ်မှာအိမ်ဆောက်နေကြပြီး လှေကို လက်နဲ့မလှော် ခြေထောက်နဲ့လှော်တဲ့ အင်းသားတိုင်းရင်းသားတွေရယ် ..

ရေပြင်မှာ အတန်းလိုက်စီစီရီရီတွေ့နေရတဲ့ ကျွန်းမျောစိုက်ခင်းတွေရယ် …

ခြေထောက်ကိုအားပြုပြီး ကျွမ်းကျင်စွာငါးဖမ်းနေကြတဲ့ ကိုတံငါ ရေမုဆိုးတွေရယ် …

ဒါတွေက ကျွန်မကိုသာမက ကမ္ဘာအရပ်ရပ်က ခရီးသွားတွေကိုပါ ဆွဲဆောင်လို့ နေပါတယ်။

အင်းလေးအိုင်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ တည်ရှိပါတယ်။ မြန်မာနိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရာ လောပိတရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံအတွက် အဓိက ရေအရင်းအမြစ်ရရှိနေတဲ့ သဘာဝရေလှောင်ကန်ကြီးတစ်ခုလည်းဖြစ်ပါတယ်။

ပြီးတော့ အင်းလေးအိုင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂၉၀၀ …၊ ညောင်ရွှေချိုင့်ဝှမ်းကြီးရဲ့အလယ် အနိမ့်ဆုံးအပိုင်းမှာတည်ရှိပါတယ်။ အရှေ့အနောက်အကျယ် ၃ မိုင်ခွဲဝန်းကျင် … တောင်မြောက်အရှည် ၉ မိုင်လောက်ရှိတဲ့ ရှည်မျောမျောအိုင်လည်း ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ရေအနက်က ၁၂ ပေလောက် ရှိတယ်ဆိုပေမယ့် အခုနောက်ပိုင်းမှာ နွေရောက်တိုင်း စံချိန်တင်လောက်အောင် ရေခမ်းခြောက်မှုတွေ ရှိနေပါပြီ။

ရှမ်းပြည်နယ်မှာ ခုချိန်အထိ မပျောက်မပျက်တွေ့မြင်နိုင်တာကတော့ ငါးရက်တစ်ဈေးဖြစ်တဲ့ ဈေးနေ့တွေပါ။ ဒီနေ့ကတော့ ညောင်ရွှေဈေးနေ့မဟုတ်ပေမယ့် အဖိတ်နေ့ ဖြစ်နေတဲ့အတွက် စက်လှေဆိပ်မှာ စည်ကားနေပါတယ်။ ကျွန်မအဖို့တော့ ဝါဆိုလပြည့်နေ့အတွက် လှူဖွယ်ပစ္စည်းတွေ လာဝယ်နေကြတဲ့ အင်းသားတို့ရဲ့ စကားသံဝဲ၀ဲနဲ့ ဒေသအခေါ်အဝေါ် တွေကို နားလည်အောင်ကြိုးစားနေရပါတယ်။ တကယ်ကို စိတ်လှုပ်ရှားစရာပါ။

ဒီနေ့ကတော့ ဝါဆိုလပြည့်နေ့ပါ။ မနက်ဝေလီဝေလင်း စက်လှေစီးရတာကလည်း ကျွန်မအတွက် စိန်ခေါ်မှုတစ်ခုပါပဲ …။ ပတ်ပတ်လည်ကို ကြည့်လိုက်တော့လည်း ကမ်းမမြင်လမ်းမမြင် …။ တောင်တန်းကြီးတွေကလည်း မည်းမှောင်မှောင်နဲ့ တဒုတ်ဒုတ်ခုတ်မောင်းနေတဲ့ ကျွန်မတို့ရဲ့ စက်လှေသံကိုပဲ ကြားနေရပါတယ်။ ကျွန်မတို့တတွေ အင်းလေးရဲ့တန်ခိုးကြီးဘုရားတစ်ဆူဖြစ်တဲ့ ဖောင်တော်ဦးဘုရားရှိရာ နန်းဟူးရွာလေးကို သွားနေကြတာပါ။

မနက်ဖြန်ဟာဆိုရင် ဝါဆိုပန်းကပ်မှာ ဖြစ်တဲ့အတွက် ဒီနေ့ထက်စာရင် ပိုပြီး ဘုရားဖူး ဧည့်သည် ပိုများနိုင်ချေ ရှိပါတယ်။ ဖောင်တော်ဦး ဘုရားဟာ အင်းလေးဒေသရဲ့ အထင်ကရ နေရာ တစ်ခု ဖြစ်တဲ့အပြင်  အရေးပါ အရာရောက်တဲ့ နေရာ တစ် ခုလည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီဖောင်တော်ဦး ဘုရားကို ရပ်ဝေးရပ်နည်း ဘုရားဖူး ဧည့်သည်တွေနဲ့ ပြည်တွင်း ပြည်ပ ဘုရားဖူးဧည့်သည်တွေ လာရောက်တဲ့ အတွက် ဒီဒေသရဲ့ ခရီးသွားလုပ်ငန်းဟာ တိုးတက်လာခဲ့ပါတယ်။ ဒီခရီးသွားလုပ်ငန်းတွေ တိုးတက်လာတာနဲ့အမျှ ဒီဒေသရဲ့ စီးပွားရေးဟာလည်း ဖွံ့ဖြိုးလာခဲ့ပါတယ်။ ဒီဖောင်တော်ဦးဘုရား ရှိတဲ့ အတွက်ကြောင့်လဲ ဒီဒေသ ဖွံ့ဖြိုးတိုးတက်လာတယ်လို့လည်း ဆိုလို့ရပါတယ်။

အင်းလေးဖောင်တော်ဦးဘုရားဟာ အင်းလေးဒေသတစ်ခုလုံးရဲ့ အဓိက အရေးပါတဲ့ နေရာတစ်ခုဖြစ်တဲ့အပြင် အင်းလေးကန်ရဲ့ဗဟိုအချက်အချာမှာ တည်ရှိနေပါတယ်။…

ဖောင်တော်ဦးဘုရားအကြောင်းကို ပြောမယ်ဆိုရင်တော့ အေဒီ ၁၀၉၂လောက်က နန်းစံခဲ့သူ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည်ရာက အစချီခဲ့တဲ့ သမိုင်းဒဏ္ဍာရီတစ်ခုနဲ့ပဲ ပြောပြရမှာပါ။

အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရာမှာ ဒီဘုရား ငါးဆူက ဖောင်ဦးမှာ တည်ထားလို့ အဲတာကြောင့် ဖောင်တော်ဦးလို့ နာမည်တွင်တာ ဖြစ်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ခြောက်ရာကျော် … ညောင်ရွှေစော်ဘွားကြီး ဆီဆိုင်ဖ လက်ထက်မှာတော့ အခုဖူးမြော်နေရတဲ့ ရုပ်ပွားတော် ငါးဆူကို သန်းထောင်အရပ်လို့ခေါ်တဲ့နေရာက ခြုံနွယ်ပိတ်ဖုံးနေရာ လှိုဏ်ဂူတွင်းမှာ တွေ့ရှိခဲ့တယ်လို့ သမိုင်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ စော်ဘွားကြီးဟာ ရုပ်ပွားတော်တွေကို ဟော်နန်းတည်ရှိရာ ညောင်ရွှေမြို့ကို ပင့်ဆောင်ပြီး ဟော်နန်းဦးမှာ ပူဇော်ထားခဲ့ပါတယ်။ နှစ်ပေါင်း ၂၅၀ ကျော်လောက် ကြာလာတဲ့အခါမှာတော့ စစ်ပွဲတွေဖြစ်လာတဲ့အတွက် ရုပ်ပွားတော်တွေကို စစ်ဒဏ်ကင်းဝေးရာ ရွှေအင်းတိန်အရပ်ကို ပင့်ဆောင်ပူဇော်ခဲ့ပြန်ပါတယ်။ ရွှေအင်းတိန်အရပ်မှာ တည်ရှိတဲ့ ဖောင်တော်ဦးရွာကို အစွဲပြုလို့ ဖောင်တော်ဦးဘုရားလို့ အမည်တွင်ခဲ့တယ်လို့လည်း ဆိုကြပြန်ပါတယ်။ အဲ့ဒီနောက်မှာတော့ ရွာကြီးရွာမှာရှိတဲ့ ဒုတိယစံကျောင်းလို့ခေါ်တဲ့ ကျောင်းတော်ရာ၊ အဲ့ဒီကနေမှ အခုတွေ့မြင်ရတဲ့အတိုင်း နန်းဟူးရွာကို ပင့်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

ဂေါပကအဖွဲ့ တာဝန်ရှိသူ ဦးအောင်အောင်က အခုလို ရှင်းပြပါသေးတယ်။

“အင်းလေးဖောင်တော်ဦးရုပ်ပွားတော်တွေကို တစ်နှစ်တစ်ခါ ခြိမ့်ခြိမ့်သဲပွဲကျင်းပပြီး ကရဝိက်ဖောင်တော်နဲ့ ၁၈ ရက်တိုင်တိုင် ၂၁ ဌာန လှည့်လည်အပူဇော်ခံပွဲ ပြုလုပ်လေ့ရှိပါတယ်။

သီတင်းကျွတ်လဆန်း ၁ ရက်နေ့ကစလို့ ကျောင်းတော်က စတင်ထွက်ခွာအပူဇော်ခံပြီး သီတင်းကျွတ်လပြည့်ကျော် ၃ ရက်နေ့မှာ ကျောင်းတော်ပြန်ဝင်တာဖြစ်ပါတယ်။

ဘုရားကြွတဲ့အခါ အနောက်ဖက်ကမ်းကနေ ကြွသွားတယ်။ ညောင်ရွှေကို သီတင်းကျွတ်လဆန်း ၇ ရက်နေ့ရောက်တယ်။ ရ၇က်နေ့မှာ အမျိုးသမီး လှေပြိုင်ပွဲပါမယ်။ ယောက်ျားလေး လေပြိုင်ပွဲပါမယ်။ နောက် ရာကျော်လှေပြိုင်ပွဲပါမယ်။ နောက် ဆွမ်းအုပ်အလှပြပေါ့။ ဒီဖောင်တော်ဦး ဘုရား ဆွမ်းအုပ်ပို့တဲ့ အကြောင်းပေါ့ အဲတာတွေ ပါမယ်။ အဲတာ ညောင်ရွှေမှာ တင်ရတာခင်ဗျ။

 ပြီးတော့ ညောင်ရွှေမှာ သုံးည ကျိန်းတယ် ခင်ဗျ။ သီတင်းကျွတ်လဆန်း ၈ ရက်နေ့ကျရင် ပြန်ပြီပေါ့ ဘုရားက။ လာရင် အနောက်ဘက်ကမ်းကလာတယ်။ ပြန်ရင် အရှေ့ဘက်ကမ်း က ပြန်မယ်။ ပြန်တဲ့ခါကျတော့ တစ်ရွာဝင် တစ်ရွာထွက်ပေါ့။ ”

ဒီလိုလှည့်လည်ပူဇော်ခံတဲ့အခါမှာလည်း ရုပ်ပွားတော် လေးဆူကိုသာ ပင့်ဆောင်ပူဇော်ခံပြီး တစ်ဆူက ကျောင်းတော်မှာပဲ ကျန်ခဲ့ပါတယ်။ ရှေးယခင်ကတော့ ရုပ်ပွားတော် ငါးဆူစလုံး ပင့်ဆောင်ပူဇော်ခံခဲ့ပေမယ့် ၁၉၆၈ ခုနှစ်မှာတော့ မိုးကြီးလေကြီး ကျပြီး ကရဝိတ်ဖောင်တော်နစ်မြုပ်သွားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ လေးဆူကိုသာ ပင့်ဆောင်ပြီးလှည့်လည်ခဲ့ကြရပါ တယ်။ ဖောင်တော်နစ်မြှုပ်ခဲ့တဲ့နေရာကိုတော့ ဟင်္သာတိုင်ထောင်ပြီး အမှတ်အသား ပြုလုပ်ထားတာ တွေ့ရပါတယ်။ ဒီအကြောင်းကိုလည်း ဦးအောင်အောင်က အောက်ပါအတိုင်းဆက်ြ့ပီး ရှင်းပြပါတယ်။

“ငါးဖယ်ချောင်းရဲ့ အနောက်ဖက်မှာ ဟင်္သာတိုင်လေး တွေ့လားမသိဘူး။ အဲတာ ဘုရားဖောင် မြှုပ်ခဲ့တဲ့နေရာ အရင်တုန်းက ဆိုရှေ့လူကြီးတွေက အဲတုန်းက ဖောင်က ဒီလို အကြီးကြီး မဟုတ်ဘူး။ သေးသေးလေးတွေ။ နောက်ပြီးတော့ ခုဆိုရင် ရေလျှံတွေလည်း များလာပီလေ။ အစ်မတို့တွေ့ပါလိမ့်မယ်။ ဟင်္သာတိုင်ရဲ့ အနောက်ဖက်ဆို ရေလျှံတွေ မရှိဘူး။ ရေလှံျတေါမရှိတဲ့အခါကျတော့ လေကတိုက်တဲ့ ခါကျတော့ လှိုင်းက တအားကြီးတာ။ လှိုင်းတအားကြီးတဲ့ခါကျတော့ အဲမှာ ဖောင်တော်ဦးဘုရား ငါးဆူလုံးလှည့်တာ။ စလှည့်တုန်းက ငါးဆူလုံးလှည့်တဲ့အခါမှာ ဘုရား ငါးဆူလုံး ရေထဲကျသွားတာ။ ဖောင်မြှုပ်တဲ့ထဲပါသွားတာ။ အဲမှာ တစ်ဆူတော့ ဘုရားရှာလို့ မတွေ့ဘူး။  မတွေ့တဲ့ခါကျတော့ နောက်ဆုံးလက်လျော့လိုက်ပြီ ရှာတဲ့သူက အဲတာကျမှ ဖောင်တော်ဦးဘုရာ အစစ်တစ်ဆူက ကျောင်းတော်ရာ ဘုရား ရောက်နေတယ်။ ရှာလို့မတွေ့တဲ့ဘုရားက ကျောင်းတော်ရာ ဘုရားရောက်နေတယ်။ အဲဒီကျမှ နာမည် ပိုကြီးလာတာပေါ့နော်”လို့ ဦးအောင်အောင်က ရှင်းပြပါတယ်။

ကရဝိက်ဖောင်တော်နဲ့ ရုပ်ပွားတော်တွေ ဒေသစာရီကြွချီတဲ့အခါ ဖောင်တော်ရှေ့ကနေ သွားနေတဲ့ လှေတွေကို တွေ့မြင်နိုင်ပါတယ်။ ဒီလှေတွေကိုတော့ ဘုရားဆွဲလှေလို့ ခေါ်ပါတယ်။ ဘုရားဆွဲလှေတွေဟာ ဒေသခံတွေရဲ့ ဘာသာတရားကိုင်းရှိုင်းမှုနဲ့ စည်းလုံးညီညွတ်မှုကို ပြသနေတဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။

ဘုရားဆွဲလှေတစ်စီးချင်းစီမှာ အနည်းဆုံး လူ ၁၀၀ လောက်က ညီညာစွာ လှော်ခတ်ကြတာ ဖြစ်ပါတယ်။ ရုပ်ပွားတော်တွေ ညအိပ်စံပယ်တော်မူမယ့်နေရာ အနီးဝန်းကျင်ရွာက ဘုရားဆွဲလှေတွေဖြစ်ပြီး လုပ်အားနဲ့ကုသိုလ်ယူမယ့်သူတွေက ကိုယ့်တက်နဲ့ကိုယ် လာရောက်လှော်ခတ်နေကြတာပါ။ ဒါကိုလည်း ဦးအောင်အောင်ကပဲ ရှင်းပြပါတယ်။

“မနက်လေးနာရီဆို အသံချဲ့စက်နဲ့အော်တယ်။ ကုသိုလ်ပါဝင်အလှု ဒီဖောင်တော်ဦးဘုရားကို သွားပင့်မယ်။ ကုသိုလ်ရှင်များ လိုက်ပါမယ့်သူများ ဒီကျောင်းကို ဝတ်စုံ အပြည့်နဲ့ လာခဲ့ပါလို့ ကျွန်တော်တို့ သံချဲ့စက်နဲ့ အော်တယ်။ အဲတာကျတော့ ဒီကျောင်းမှာ စုပြီးတော့မှ ထွက်ကြတာ အဲလိုမျိုး။ အဲမှာ ဝတ်စုံကိုယ်စီပေါ့။ လှော်တက်လဲ တစ်ချို့က ဆေးတွေ အရောင်စုံ သုတ်ထားတယ်။  အဲတာ ကျွန်တော်တို့က အရင်တုန်းက ဆွဲလှေ မရှိဘူးပေါ့။ သူများရွာမှာ သွားငှားရတာ။ ငှားရတာ စဆွဲတာ ငါးဖယ်ချောင်းကနေ ကြေးစားဆိုရင် ငါးသောင်းပေးရတယ်။ လင်းကင်းကနေ ညောင်ရွှေကို ငါးသောင်း၊ နောက်ပြီးတော့ ညောင်ရွှေကနေ မိုင်းသောင်ကို ငါးသောင်း၊ အဲလိုပေးရတယ်။

အဲတာနဲ့ ကျွန်တော်တို့က ဒီလှေကို မဖြစ်ဖြစ်အောင် လုပ်မယ် ဆိုပြီးတော့ ကိုယ်တိုင်ဦးစီးပြီး ကျွန်တော့် သူငယ်ချင်းတွေ သုံးလေးယောက် စုပြီးတော့မှ ရွာထဲမှာ တတ်နိုင်အားသလောက် ပိုက်ဆံတွေ အလှုထည့်ကျဖို့ ဖိတ်ခေါ်ဆွေးနွေးပြီး ကျွန်တော်တို့ စလုပ်တာ။ လုပ်တဲ့ခါကျတော့ ဘုရားဆွဲလှေက ဘယ်လောက်ကုန်သွားလဲ ဆိုတော့ ကျွန်းက ငါးတန်းနဲ့ တစ်မတ် ဘုရားဆွဲလှေက အောက်ခင်းက လေးလက်မ ထူတယ်။ အပေါ်လှေနဲ့ နဘေးက သုံးလက်မ ထူတယ်။ သိန်းရာကျော်တန်တယ်။ ကျွန်တော်တို့ လှေစလုပ်ကတည်းက ရေထဲမချရသေးဘူး ကုန်းပေါ်တင်ထားတာ ဝယ်တဲ့သူက သိန်း တစ်ရာတစ်ဆယ် လာပေးတယ်။ ကျွန်တော် မရောင်းဘူး ။ ဒီဖောင်တော်ဦးဘုရားကို ဆွဲလို့ရှိရင် နှစ်တိုင်း ကုသိုလ်ရတာပေါ့ ခင်ဗျာ။ ”

ဒီဘုရားဆွဲလှေတွေကို အကောင်းဆုံးတည်ဆောက်ထားကြသလို တန်ဖိုးလည်းကြီးတယ်လို့ ဆိုပါတယ်။

ပြီးတော့ အင်းလေးဒေသက ရွာတွေနဲ့ ဒေသခံတွေဟာ ဘုရားဆွဲလှေ ပိုင်ဆိုင်ထားမှုအပေါ် ဂုဏ်ယူလေ့ရှိပါတယ်။ နောက်ထပ် မပြောမဖြစ် ပြောရမယ့် အကြောင်းအရာတစ်ခုကလည်း ရှိနေပါသေးတယ်။

အင်းသားတိုင်းရင်းသားတို့ရဲ့ ဖောင်တော်ဦးဘုရားအပေါ် ကြည်ညိုတဲ့စိတ်နဲ့ ဘာသာတရားကိုင်းရှိုင်းမှုဟာ အင်းလေးဒေသရဲ့အလှကို အဓိပ္ပာယ်ပြည့်ဝစေပါတယ်။

ဒီလို အခါကြီးရက်ကြီးတွေမှာ အာရုံဆွမ်းလာကပ်သူတွေကို တွေ့မြင်နိုင်သလို ဆွမ်းတော်စွန့်တာကို လာကောက်ကြတဲ့သူတွေကိုလည်း တွေ့ကြရမှာပါ။ ဒါကလည်း ရှေးယခင်ကတည်းက ရှိလာခဲ့တဲ့ အင်းလေးဒေသရဲ့ ဓလေ့တစ်ခုဖြစ်လို့နေပါတယ်။

ဒါတင်မကသေးပါဘူး။ ဘုရားစာလို့ ဒေသခံတွေခေါ်ကြတဲ့ဘုရားကပ်လှူပြီးသွားတဲ့ ဆွမ်းတော်ပွဲကို စားရင် အနာရောဂါကင်းတယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုကိုလည်း တွေ့ရပါတယ်။

အင်းလေးဒေသဟာ အင်းလေးအိုင်ကြောင့် လူသိများထင်ရှားနေသလို ဖောင်တော်ဦးဘုရားပွဲနဲ့ အင်းသားတို့ရဲ့ ရိုးရာဓလေ့တွေကြောင့် ကမ္ဘာကျော်တဲ့ဒေသတစ်ခု ဖြစ်ပါတယ်။ ဒီဒေသကို လာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေဟာ အင်းလေးဒေသရဲ့ အေးချမ်းလှပမှုနဲ့ အင်းသားတို့ရဲ့ ရိုးရာတွေကို လက်ဆင့်ကမ်းသယ်ဆောင်သွားကြတဲ့အတွက် ဒီဒေသဟာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်တဲ့ ဒေသတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့်လည်း ဒီဒေသမှာ ရုပ်ဝတ္ထုပိုင်း တိုးတက်မှုတွေကို အထင်အရှားတွေ့နိုင်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတို့ရဲ့ ဘဝတိုးတက်ဖွံ့ဖြိုးဖို့၊ ရိုးရာဓလေ့တွေ မပျက်စီးဖို့၊ ဒေသခံတွေအမှီပြုနေတဲ့ အင်းလေးကန်ဒေသရဲ့ ဂေဟစနစ်တွေ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ ဘယ်သူတွေမှာ တာဝန်ရှိသလဲ ဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်လာနေပါပြီ ..။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required