ချောင်းဦးမြို့နယ်တွင် လယ်ယာမြေပြသနာ ဖြေရှင်းနိုင်မှု အားနည်း

ချောင်းဦးမြို့နယ်တွင် လယ်ယာမြေပြသနာ ဖြေရှင်းနိုင်မှု အားနည်း

ချောင်းဦး၊ ဇန်နဝါရီ ၁ ။          ။  မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် သိမ်းဆည်းခံလယ်ယာမြေနှင့် ပတ်သက်၍ ပြသနာဖြေရှင်းနိုင်မှု အားနည်းလျက်ရှိကြောင်း လယ်သိမ်းခံ တောင်သူများက ပြောသည်။

 မြန်မာ့ဆိုရှယ်လစ်  လမ်းစဉ်ပါတီခေတ်ကသိမ်းဆည်းခံ ထားခဲ့ရသည့် အမှတ်(၄) ပေါက်အင်းစိုက်ကွင်း နှင့် ၁၉၉၂ ဝန်းကျင်က ဆင်ဖြူ ရှင် တံတားဆောက်လုပ်ရန်အတွက်ဟု ဆိုကာ လယ်ယာမြေဧက စုစုပေါင်း ၃၅၀၀ ကျော် အား သိမ်းဆည်းခံခဲ့ရခြင်းဖြစ်သည်။

"လမ်းစဉ်ပါတီခေတ်က ပေါက်အင်းစိုက်ကွင်းအတွက် ဧက ၃၅၅၀ သိမ်းဆည်းခံခဲ့ရတယ်။ အရေးခင်းပြီးချိန်မှာ ဧကတစ်ချို့ကို ပြန်ပေးခဲ့ပေမဲ့ မူလတောင်သူလက်ထဲ ပြန်မရောက်ခဲ့ပါဘူး။ ဖြေရှင်းပေးဖို့ အကြိမ်ကြိမ် တောင်ဆိုခဲ့ပေမဲ့ အခုချိန်ထိ ဖြေရှင်းပေးမှုမရှိခဲ့ပါဘူး။ အစိုးရသစ်ဖွဲ့ပြီးမှ ဆက်လက်တောင်းဆိုရမှာပါ။ "ဟု လယ်သိမ်းခံတောင်သူ ဦးရန်နိုင်မြင့်က ပြောသည်။

ထို့ပြင် ၁၉၉၂ ဝန်းကျင်ခန့်က ဆင်ဖြူ ရှင်တံတားဆောက်လုပ်ရန်အတွက်ဟု ဆိုကာ လယ်ယာမြေဧက ၂၀၀ ကျော် သိမ်းဆည်းခံခဲ့ရပြီး တံတားဆောက်လုပ်ပြီးချိန်တွင် ပိုလျှံမြေတစ်ချို့အား   ပြန်လည်ပေးအပ်ခဲ့သော်လည်း အစိုးရနှင့် နီးစပ်သူများသာ ရရှိခဲ့ခြင်း ဖြစ်သည်။

"ပြည်သူ့လွှတ်တော် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှု ဖြေရှင်းပေးရေးကော်မတီကို စာတင်တယ်။ တရားဥပဒေစိုးမိုးရေးကို စာတင်တယ်။ ဖြေရှင်းပေးနိုင်ခြင်း မရှိခဲ့ဘူး။"ဟု သိမ်းဆည်းခံမြေပြန်လည် ရရှိရေး ဆောင်ရွက်ပေးသူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်သန်းကပြောသည်။

ချောင်းဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်ဆွေက "မြေသိမ်းဆည်းခံရမှုတွေမှာ ပြန်ပေးတာတွေတချို့ရှိပေမဲ့ မူလတောင်သူလက်ထဲပြန်မရောက်တဲ့ ပြဿနာက အများဆုံးတွေ့ရတယ်။ သိမ်းစဉ်ကလည်း လျော်ကြေးပေးတာ မရှိခဲ့ဘူး။

ပါတီကို တင်ပြပြီး အကူညီတောင်းထားတာတွေရှိပါတယ်။ ဗဟိုကလည်း လယ်သိမ်းယာသိမ်း ပြသနာတွေကို စားရင်းပြုစုဖို့ညွှန်ကြား ထားပါတယ်။ အရင်ကလည်း ကူညီဆောင်ရွက်ပေးခဲ့ရတာတွေ ရှိပေမဲ့ အရာမထင်ခဲ့ပါဘူး။ မူလတောင်သူလက်ဝယ်ရောက်ဖို့ အတက်နိုင်ဆုံးကြိုးစားပေးပါ့မယ်။"ဟု ပြောကြားခဲ့သည်။

အမှတ်(၄) ပေါက်အင်းစိုက်ကွင်း ပြန်လည်ရရှိရေးအတွက် လယ်သိမ်းခံတောင်သူ ၂၀၀ ကျော်မှ ၂၀၁၄ ခုနှစ် သြဂုတ်လတွင်းက ဆန္ဒထုတ်ဖော်မှုများလည်း ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required