၂၀၁၅ ခုနှစ် ဘောလုံးလောကမှ သိထားသင့်သည့် အကြောင်းအရာ ၁၀ ခု

၂၀၁၅ ခုနှစ် ဘောလုံးလောကမှ သိထားသင့်သည့် အကြောင်းအရာ ၁၀ ခု

၂၀၁၅ ခုနှစ်ကုန်ဆုံးပြီး ၂၀၁၆ ခုနှစ်အတွင်းကို ရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း ဥရောပ ဘောလုံးလောကမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်များစွာထဲက ၁၀ ခု ကိုရွေးချယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

၁။ ပရီးမီးယားလိဂ်တွင် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးနှစ် တစ်နှစ်ဖြစ်ခဲ့ခြင်း

ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ပရီးမီးယားလိဂ်ဟာ ဟိုးအရင်တွေကထက် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး တစ်သင်းနဲ့တစ်သင်းကြား ရမှတ်တွေလည်း ကျဉ်းမြောင်းလာခဲ့ပါတယ်။

ရုန်းကန်နေရတဲ့ ချယ်လ်ဆီး၊ လီဗာပူးလ်နဲ့ မန်ယူအသင်းတွေဟာ ခရစ္စတယ်ပဲလေ့စ်၊ ဝက်ဖို့ဒ်တို့လိုအသင်းတွေနဲ့တောင် သိပ်မကွာတော့သလို ရေနီယာရီရဲ့ လက်စတာအသင်းကလည်း ဇယားထိပ်ကို ရောက်နေတာပါ။

ပြိုင်ဆိုင်မှုပိုပြင်းထန်လာတယ်ဆိုပေမယ့် အသင်းကြီးတွေကလည်း ခြေကျနေပြီး အသင်းကြီးအဆင့်မှာ ရှိမနေတာလည်းပါပါတယ်။ ဘွန်ဒက်စ်လီဂါ၊ လာလီဂါတို့ထက် ပရီးမီးယားလိဂ်က ပိုကောင်းတယ်လို့ အင်္ဂလိပ်တွေကတော့ ကြွေးကြော်နေတုန်းပါပဲ။

အဆုံးသတ်ပြောရမယ်ဆိုရင်တော့ ချယ်လ်ဆီးအသင်းက တန်းဆင်းဇုန်အပေါ်နားမှာ ကပ်ရပ်တည်နေပြီး လက်စတာက အဆင့်လေးအတွင်း ဝင်နေတာဖြစ်ပါတယ်။

၂။ ဖာဂူဆန်ကွက်လပ်ကို မဖြည့်နိုင်သေးတဲ့ မန်ယူ

လူးဝစ်ဗန်ဟားလ်ဟာ ပထမဆုံးရာသီမှာ မန်ယူအသင်းကို ချန်ပီယံလိဂ်ပြန်လည်ဝင်ခွင့်ရအောင်လုပ်ပေးနိုင်ပေမယ့် အသင်းမှာ နက်ရှိုင်းတဲ့ ပြဿနာတွေ ရှိနေပါတယ်။

အမှုဆောင်ဥက္ကဋ္ဌ ဝုဒ်ဝက်ဟာ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ လှုပ်ရှားနေရဆဲဖြစ်ပြီး အဓိက ကစားသမားတွေက ပုံမှန်ခြေပျောက်နေပါတယ်။ နည်းပြရဲ့ နည်းစနစ်တွေကလည်း ယုံကြည်ခြင်း မခံရပါဘူး။

နည်းပြသစ်ပြောင်းလိုက်တာကလည်း ဖြေရှင်းနည်းတစ်ခုဆိုပေမယ့် ဖာဂူဆန်လို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်မျိုး မရှိဘဲနဲ့တော့ အပြောင်းအလဲတွေမှာ ရိုက်ခတ်မှုတွေရှိနေဦးမှာပါ။

မန်ယူအသင်း အသစ်ရှာဖွေသင့်တာကတော့ နည်းပြသစ်မဟုတ်ဘဲ အားကစားဒါရိုက်တာသာဖြစ်သင့်ပါတယ်။ မန်ယူအသင်းအတွက် ပြဿနာတွေဆက်ရှိနေဦးမှာဖြစ်ပြီး အပြောင်းအလဲတွေကို စောင့်ကြည့်ရဦးမှာပါ။

၃။ အကောင်းဆုံးတိုက်စစ်ကို ပိုင်ဆိုင်ထားတဲ့ ဘာစီလိုနာ

ဘယ်လိုပဲနည်းစနစ်တွေ ပိုင်နိုင်နေပါစေ၊ အကောင်းဆုံး နောက်တန်းပုံစံရှိနေပါစေ အဲဒီသုံးယောက်က တစ်စစီဖရိုဖရဲဖြစ်အောင် လုပ်ပြပါလိမ့်မယ်။ လက်ရှိအချိန်မှာတော့ မက်ဆီ၊ နေမာနဲ့ ဆွာရက်ဇ်တို့ သုံးယောက်တွဲဟာ တားဆီးလို့ မရနိုင်ဆုံး တိုက်စစ်အတွဲဖြစ်ပါတယ်။

၂၀၁၅ ချန်ပီယံလိဂ်ချန်ပီယံ ဘာစီလိုနာအသင်းအနေနဲ့ ၂၀၀၉၊ ၂၀၁၁ တုန်းကအသင်းတွေထက် ရုန်းကန်လာရပေမယ့် တိုက်စစ်မှူး သုံးဦးကတော့ ကွင်းထဲမှာ တကယ့်ထိပ်တန်းပါ။

ပွဲ စ၊ လယ်၊ ဆုံး ဘယ်အချိန်ဖြစ်ဖြစ် သူတို့ ဘောလုံးရသွားလို့ကတော့ ဂိုးတွေ သွင်းသွားပါလိမ့်မယ်။ မက်ဆီက ရွှေဘောလုံးဆုရဖို့ ရေပန်းစားနေချိန်မှာ နေမာက တိုးတက်လာပါတယ်။ ဆွာရက်ဇ်ကလည်း အကောင်းဆုံး နံပါတ် ၉ ကစားသမားအဖြစ် ဘိုင်ယန်က လီဝန်ဒေါစကီးနဲ့အတူ ရပ်တည်နေပါတယ်။

၂၀၁၅ မှာ ဘာစီလိုနာအသင်း ၁၇၆ ဂိုးရခဲ့ရာမှာ မက်ဆီက ၄၇ ဂိုး၊ ဆွာရက်ဇ်က ၄၆ ဂိုးနဲ့ နေမာက ၄၁ ဂိုးသွင်းထားလို့ သုံးဦးပေါင်း ၁၃၄ ဂိုးရှိတာကြောင့် ဘာစီလိုနာအသင်း စုစုပေါင်းသွင်းဂိုးရဲ့ ၇၆ ရာခိုင်နှုန်းကို သူတို့ သုံးယောက်က သွင်းပေးထားတာဖြစ်ပါတယ်။

၄။ တည်ငြိမ်မှုက အရေးကြီးဆုံးဆိုတာပြခဲ့တဲ့ ဝက်ဖို့ဒ်

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကလပ်အသင်းတွေမှာ နည်းပြအဝင်အထွက် ကြမ်းခဲ့ပြီး ၂၀၁၅ မှာ ဝက်ဖို့ဒ်အသင်း ပရီးမီးယားလိဂ်ကို တန်းတက်လာနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဝက်ဖို့ဒ်ပရိသတ်တွေအနေနဲ့ တန်းတက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ ယိုကာနိုဗစ်ကို အသင်းတည်ငြိမ်မှုရှိစေဖို့ ရာထူးက မထုတ်သင့်ဘူးလို့ ယူဆခဲ့ကြမယ်ဆိုရင်တော့ အမှားကြီး မှားသွားပါလိမ့်မယ်။

ဝက်ဖို့ဒ်ပရိသတ်တွေဟာ အသင်းတည်ငြိမ်မှု ပျက်ပြားသွားမှာစိုးလို့ နည်းပြထုတ်ခံရတာနဲ့ပတ်သက်ပြီး အသင်းပိုင်ရှင်ကို မကျေမနပ်ဖြစ်ကြသလို နည်းပြသစ်ကိုလည်း သံသယရှိခဲ့ကြပါတယ်။

ဒါပေမဲ့ နည်းပြသစ် ဆန်းချက်ဇ်ဖလော်ရက်စ်နဲ့ ဝက်ဖို့ဒ်အသင်းဟာ သံသယတွေကို ကျော်ဖြတ်ပြီး လီဗာပူးလ်၊ နယူးကာဆယ်၊ စတုခ်စီးတီးနဲ့ ဝက်စ်ဟမ်းတို့ကို အနိုင်ကစားပြီး ချယ်လ်ဆီးကို သရေကျခဲ့ပါတယ်။ တည်ငြိမ်မှုကတော့ အဆင့်သတ်မှတ်ချက်ထက်ကို ကျော်လွန်နေတာပါ။

၅။ နိုင်ငံတာပြိုင်ပွဲမှာ အောက်အသင်းတွေရဲ့ နှစ်တစ်နှစ်

ယူရို ၂၀၁၆ ပြိုင်ပွဲကို ပြိုင်ပွဲဝင်အရေအတွက် တိုးမယ်ဆိုတုန်းက ငြင်းခုန်စရာဖြစ်ခဲ့ရပါတယ်။ ၁၆ သင်းပဲ ပြိုင်ရတဲ့ပွဲက ပိုပြီး ဟန်ချက်ညီ ကောင်းမွန်မယ်ဆိုတဲ့ အယူအဆတွေနဲ့ပါ။

အဲဒီလိုဖြစ်မဖြစ် နောက်နှစ်မှအဖြေပေါ်မှာဖြစ်ပေမယ့် လတ်တလောမှာတော့ ဥရောပက ဘောလုံးကျွမ်းကျင်သူတွေက ခြေစစ်ပွဲတွေကို ကြည့်ပြီး သူတို့ အယူအဆတွေအတွက် ဝန်ခံစရာဖြစ်လာခဲ့ရပါတယ်။

ပြိုင်ပွဲဝင်အရေအတွက်ကို တိုးမြှင့်လိုက်လို့ နိုင်ငံတကာပြိုင်ပွဲကြီးတွေနဲ့ ဝေးကွာနေတဲ့အသင်းတွေအတွက် အခွင့်အလမ်းတွေ ပေါ်ထွန်းလာခဲ့ ပါတယ်။

ဗြိတိန်ကျွန်းစုက ဝေးလ်၊ မြောက်အိုင်ယာလန်တို့ ပြင်သစ်ပြိုင်ပွဲသွား လက်မှတ်ရပြီး နိုင်ငံတကာ ဘောလုံးဇာတ်ခုံပေါ် ပြန်ရောက်ခွင့်ရခဲ့သလို အိုက်စလန်၊ ဟန်ဂေရီနဲ့ အယ်ဘေးနီးယားတို့လည်း ပြိုင်ပွဲကြီးဝင်ပြိုင်ဖို့ အခွင့်အရေးရလာခဲ့ကြပါတယ်။

၆။ ၄-၄-၂ ကစားကွက် ပြန်လာပြီ

တိုက်စစ်မှူး နှစ်ယောက်ထားတာက စကော့တလန်မှာပဲရှိမယ်၊ ၁၉၉၀ ခုနှစ်တွေတုန်းက ပုံစံလို့ ပြောကြမှာဖြစ်ပေမယ့် ၂၀၁၅ မှာတော့ ၄-၄-၂ ကစားကွက် ပြန်ပေါ်လာခဲ့ပါပြီ။

ဒိတ်အောက်နေတဲ့ ကစားကွက်လို့ ယူဆခံရပေမယ့် အခုအခါမှာတော့ အဲဒီကစားကွက်က ပရီးမီးယားလိဂ်မှာ ပြန်ပေါ်လာခဲ့ပါပြီ။ တိုက်စစ်မှူး နှစ်ယောက်အတူတကွ ခြေစွမ်းပြနိုင်တယ်ဆိုတာ ဝက်ဖို့ဒ်က ဒီးနေးနဲ့ အစ်ဟာလိုတို့က အကောင်းဆုံး ဥပမာပါပဲ။

ထိပ်ဆုံးရောက်နေတဲ့ လက်စတာအသင်းအပြင် ဘုန်းမောက်၊ ဆန်းဒါးလန်း၊ ခရစ္စတယ်ပဲလေ့စ်နဲ့ အသင်းတစ်ချို့လည်း တိုက်စစ်မှာ ကစားသမား နှစ်ယောက်ထားတဲ့ပုံစံကို စမ်းသပ်အသုံးပြုခဲ့ကြပါသေးတယ်။

မန်စီးတီးအသင်းကလည်း နွေရာသီတုန်းက ၄-၂-၃-၁ ကစားကွက်မှာ ကစားနိုင်မယ့် အထောင်တိုက်စစ်မှူးတစ်ဦးအတွက် ပေါင်သန်း ၁၀၀ သုံးဖို့ ဆုံးဖြတ်ခဲ့ဖူးပါတယ်။

၇။ အင်္ဂလန်အမျိုးသားအသင်းက အတုယူရမယ့် အင်္ဂလန်အမျိုးသမီးအသင်း

အင်္ဂလန်လက်ရွေးစင်အသင်းကို ကြည့်ရတာ စိတ်ပျက်စရာပါပဲ။ ခြေစစ်ပွဲတွေ၊ ခြေစမ်းပွဲတွေမှာတော့ ကောင်းချင်ကောင်းနေပါလိမ့်မယ်။ အဓိက ပြိုင်ပွဲလည်းရောက်ရော စောစောစီးစီ ထွက်ရလို့ပါ။

ဒါပေမဲ့ အမျိုးသမီးကမ္ဘာ့ဖလားပွဲမှာတော့ အင်္ဂလန်အမျိုးသမီးတွေက အကောင်းဆုံးစွမ်းဆောင်ပြသွားခဲ့ပါတယ်။ ပြိုင်ပွဲခဏတာလေးဆိုပေမယ့် အင်္ဂလန်အမျိုးသမီးအသင်းကို အင်္ဂလိပ်တွေရင်ထဲမှာ အမြဲအမှတ်ရနေပါလိမ့်မယ်။

၈။ တန်ဖိုးကြီး ကစားသမားနဲ့ အဖိုးတန် ကစားသမားဆိုတာ

တန်ဖိုးကြီးမားတယ်ဆိုတာနဲ့ အဖိုးတန်တယ်ဆိုတာ တကယ်တော့ တူမယောင်နဲ့ ကွာခြားမှုရှိပါတယ်။ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အဖိုးတန်ကစားသမားမရှိဘူးလို့ ပရီးမီးယားလိဂ်နည်းပြတွေက နှစ်များစွာ ပြောဆိုလာပေမယ့် တန်ဖိုးမြင့် ကစားသမားတွေ ခေါ်ဖို့အတွက်တော့ ပြောင်းရွှေ့ကြေးများစွာ ပိုသုံးစွဲလာခဲ့ရပါတယ်။

ဒီဘရိုင်း၊ ဟက်ဇက်တို့ဆိုတာ တန်ဖိုးကြီးမားတဲ့ ကစားသမားတွေပါ။ ဒါပေမဲ့ ၂၀၁၅ မှာ အဖိုးတန်ကစားသမားတွေ ပေါ်ထွက်လာပါတယ်။

ဥပမာအားဖြင့် ဗာဒီလို ကစားသမား ပေါ်ထွက်လာတာပါ။ မာရက်ဇ်နဲ့ ကန်တီတို့ကလည်း လက်စတာရဲ့ အသက်သွေးကြောတွေဖြစ်ပေမယ့် အသင်းကို ရောက်လာတုန်းက ထင်ရှားသူတွေ မဟုတ်ခဲ့ပါဘူး။

အပြောင်းအရွှေ့စီမံခန့်ခွဲမှုအတွက်တော့ လက်စတာအသင်းကို ချီးကျူးရမှာပါ။

၉။ စံချိန်တွေက ကစားသမားရဲ့ ပုံစံကို အဆုံးအဖြတ် မပေးတော့ပါ

တစ်နှစ်အတွင်းမှာ ဗာဒီက ပရီးမီးယားလိဂ်ပွဲဆက်အများဆုံး ဂိုးသွင်းစံချိန်တင်သလို ရွန်နီကလည်း အင်္ဂလန်အတွက် ဂိုးအများဆုံးသွင်းသူ ဖြစ်လာတာက ဒီတိုက်စစ်မှူး နှစ်ယောက်လုံး အကောင်းဆုံးပုံစံရနေတယ်လို့ ထင်ချင်စရာပါ။

အဲဒီလိုထင်လိုက်ရင်တော့ မှားပါလိမ့်မယ်။ ၂၀၁၅ ဟာ ရွန်နီအတွက် အဆိုးဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ကလပ်မှာရော နိုင်ငံအသင်းမှာပါ စိတ်ပျက်စရာဖြစ်ခဲ့ရတာပါ။

၂၀၁၅ မှာ ရွန်နီ ၁၈ ဂိုးသွင်းခဲ့ပေမယ့် သူဂိုးသွင်းခဲ့တဲ့ ပြိုင်ဘက်တွေကို ကြည့်လိုက်မယ်ဆိုရင်တော့ ဒီတိုက်စစ်မှူးကို အထင်ကြီးလိမ့်မှာ မဟုတ်ပါဘူး။

ဒီနှစ်မှာ အင်္ဂလန်အတွက် ရွန်နီဟာ သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံးတော့ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ လက်ရှိလူစာရင်းမှာတော့ အကောင်းဆုံးတိုက်စစ်မှူး မဟုတ်ပါဘူး။

၁၀။ မော်ရင်ဟို ခေတ်ကုန်ဆုံးတော့မှာလား

ချယ်လ်ဆီးကို ပြန်ရောက်လာတုန်းက ပေါ်တူဂီနည်းပြ မော်ရင်ဟိုက ချယ်လ်ဆီးတစ်ခတ် တည်ဆောက်မယ်လို့ဆိုပါတယ်။ ဒီနှစ်ရာသီအစမှာတော့ အဲဒီစိတ်ကူးကို အကောင်ထည်မဖော်နိုင်လို့ နည်းပြသက်တမ်း သုံးကြိမ်မြောက် သက်တမ်း ကုန်သွားရပါတော့တယ်။

မော်ရင်ဟိုရဲ့ အရည်အချင်းနဲ့ ဆုဖလားမှတ်တမ်းတွေကို အားလုံးသိကြမှာပါ။ ချယ်လ်ဆီးပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရနေတဲ့တိုင် အလုပ်မှာ ဆက်ဆံရေးပိုင်းနဲ့ပတ်သက်ပြီး စွမ်းဆောင်ရည် တဖြည်းဖြည်း ကျဆင်းတယ်ဆိုတာ တဖြည်းဖြည်း ရှင်းလင်းလာသလိုပါပဲ။ ပေါ်တို၊ အင်တာနဲ့ ရီးယဲလ်မှာ ပရိသတ်တွေနဲ့သူ အစေးမကပ်ခဲ့ပါဘူး။

မန်ယူနည်းပြဖြစ်လာနိုင်သလို အင်္ဂလန်နည်းပြရာထူးကိုလည်း စောင့်ချင်စောင့်နေပါလိမ့်မယ်။ ဒါပေမဲ့ လူတွေအပေါ် ဆက်ဆံပုံ ဆက်လက် မှားယွင်းနေဦးမယ်ဆိုရင်တော့ ထိပ်တန်းအသင်းကြီးတွေဆီက အလုပ်ခေါ်စာတွေ ရပ်တန့်သွားပါလိမ့်မယ်။

 

Hypersports magazine No. 24

.page-node-9304 .page-subtitle{ display: none; }

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly